၂ဝ၂၂ မှာ သေဒဏ်စီရင်ချက် ပိုများခဲ့

အောင်သိင်္ခ(ဝါရှင်တန်ဒီစီ)
2023.01.03
၂ဝ၂၂ မှာ သေဒဏ်စီရင်ချက် ပိုများခဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ နှင့် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က သေဒဏ်ချမှတ်ခံခဲ့ရသည့် ကိုရဲရင့်ဖြိုး၊ ကိုဉာဏ်ဟိန်းထက်၊ ကိုခိုင်မင်းထွန်း၊ ဆုမြတ်သွယ်၊ မဆုဝေနှင်း၊ ကိုပြည့်ဖြိုးသူ၊ ကိုဝေမိုးနိုင်။ (ဝဲ မှ ယာ)
Myanmar Military

၂၀၂၂ ခုနှစ်ထဲမှာ စစ်တပ်အရာရှိဟောင်း ခြောက်ယောက်အသတ်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပါတယ်။ အဲဒီစစ်တပ်အရာရှိဟောင်းတွေနဲ့ပတ်သက်လို့ လုပ်ကြံသူတွေအဖြစ်နဲ့ စွပ်စွဲဖမ်းဆီးခံရပြီး သေဒဏ်အမိန့်ခံရတဲ့သူတွေ ရှိခဲ့ပါတယ်။

"တရားသူကြီးတွေ ကိုယ်တိုင်ကိုက စီရင်ချက်ဖတ်တော့မယ်ဆိုလို့ ရှိရင် နောက်ကျောကို လှည့်ကြည့်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။"

ဒါကြောင့် အဲဒီလူတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အနည်းဆုံး အယောက် ၅၀ သေဒဏ်အမိန့်ချခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

အသတ်ခံရတဲ့ စစ်အရာရှိဟောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ဇန်နဝါရီ ၁၆ ရက်နေ့မှာ နေပြည်တော် တပ်ကုန်းမြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ကြီးဟောင်း သိန်းမြင့်၊ ဖေဖော်ဝါရီ ၃ ရက်မှာ အငြိမ်းစားဗိုလ်မှူးဟောင်း တင်မောင်အေး၊ ဧပြီ ၁၈ ရက်မှာ ကမ္ဘာရတနာဘဏ်ခွဲ မန်နေဂျာ ဗိုလ်မှူးဟောင်း စောမိုးဝင်း၊ တစ်လတည်းမှာပဲ ဗိုလ်မှူးကုဋေဖြိုးအောင်၊ စက်တင်ဘာ ၂၄ ရက်မှာ အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်နဲ့ သားမက်ဖြစ်သူ ဗိုလ်ကြီးဟာင်း ရဲတေဇတို့ သတ်ဖြတ်ခံရပြီး၊ ဧပြီလ ၇ ရက်မှာ အဲဒီအချိန်က ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ရှိတဲ့ ဒေါ်သန်းသန်းဆွေ သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေထဲက ဗိုလ်မှူးဟောင်း စောမိုးဝင်းကိစ္စနဲ့ပတ်သက်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ယောက်နဲ့ လူငယ်ငါးယောက်၊ စုစုပေါင်း ၁၂ ယောက်ကို လုပ်ကြံသူတွေအဖြစ် စစ်ကောင်စီက ဖမ်းဆီးတရားစွဲပြီး သေဒဏ်အမိန့်ချခဲ့ပါတယ်။

image (16).jpg
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နှင့်သားမက်ဖြစ်သူအား လုပ်ကြံတယ်ဆိုသည့် စွပ်စွဲချက်နှင့် ဖမ်းဆီးထားသော လူငယ် ၁၀ ဦး ဓာတ်ပုံအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားစဉ်။

အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်နဲ့ သားမက်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ရဲတေဇတို့ ဖြစ်ရပ်ကိုတော့ Inya Urban Force (IUF) ဆိုတဲ့အဖွဲ့က သူတို့ လုပ်ကြံသတ်ဖြတ်တာလို့ ကြေညာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသား ခုနစ်ယောက်၊ အမျိုးသမီး သုံးယောက် စုစုပေါင်း ၁၀ ယောက်ကို ဒီဖြစ်ရပ်အတွက် ကျူးလွန်သူတွေအဖြစ် စစ်ကောင်စီက ဖမ်းမိပြီလို့ အောက်တိုဘာလမှာ ကြေညာခဲ့ပါတယ်။ ဒီ ၁ဝ ယောက်ကိုပဲ ဗိုလ်မှူး ကုဋေဖြိုးအောင် အသတ်ခံရမှုမှာ ကျူးလွန်သူတွေအဖြစ် တရားစွဲထားပါတယ်။

အခုလိုသေဒဏ်ချတာတွေဟာ လွတ်လပ်ပြီးမျှတတဲ့ စီရင်မှုတွေမဟုတ်ဘဲ လက်လွတ်စပယ် ဖမ်းပြီး တက်သုတ်ရိုက်စီရင်တာတွေ ဖြစ်နေတယ်လို့ ဥပဒေသမားတွေ၊ လူ့အခွင့်အရေးသမားတွေက ထောက်ပြနေတာလည်း တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ပြောရေးဆိုခွင့် ရှိသူ ဦးစည်သူမောင်က

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လက်စရှိပြီးသား လူမိုက်လူရမ်းကား လုပ်ရပ်ထက်တော့ မပိုဘူးပေါ့။ သူတို့တွေရဲ့ လက်သံပြောင်မှုကို အဆိုးရွားဆုံး ပြထားလိုက်တာပဲ။ ဒါကိုလည်း ကမ္ဘာကြီးက ပိုပြီးတော့ မြင်သာစေသွားတယ်ပေါ့။ သေဒဏ်ချမှုတွေမှ မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတဲ့ ဆန္ဒပြမှုတစ်ခုကိုတောင် သေနတ်ပစ်ခတ်ပြီးတော့ နှိမ်နင်းဖြိုခွဲတဲ့ အခြေအနေတွေကို ကြုံရတယ်ဆိုတော့ ဒီစစ်အုပ် စုကနေ ဖော်ဆောင်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲတို့၊ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့ဆိုတာ ဟာသစကားလုံးတစ်ခုလို ဖြစ်နေတာပေါ့။”

67c209ac-37a8-4a09-bfb6-dd3e2afb499e.jpeg
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ။ (Photo: RFA)

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီနဲ့ NLD ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချပြီး ကွပ်မျက်လိုက်တဲ့ လုပ်ရပ်ဟာ ဆိုးရွားလွန်းတဲ့ကိစ္စ ဖြစ်တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

သူတို့ကို အခုလိုတက်သုတ်ရိုက်စီရင်လိုက်ပေမယ့် NLD အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့ဖြစ်ရပ်မှာ ပစ်ခတ်သတ်ဖြစ်နေတဲ့ ရုပ်သံဖိုင် တိတိကျကျရှိခဲ့တာတောင် တရားစီရင်ရေးမှာ အချိန်အတော်ကြ ာစစ်ဆေးပြီးမှာ တရားခံတွေအဖြစ် ဆုံးဖြတ်ခံရတဲ့ ကြည်လင်းအပါအဝင် အောင်ဝင်းဇော်တို့ကို ထောင်ထဲမှာပဲထည့်ထားပြီး အခုအချိန်အထိ ကွပ်မျက်တာ မရှိသေးပါဘူး။

ဒါကြောင့် အခုအချိန်မှာ စစ်ကောင်စီဟာ အများပြည်သူရှေ့ တရားစီရင်တာမဟုတ်ဘဲ လက်လွတ်စပယ် ဖမ်းဆီးအမိန့်ချတာဖြစ်တယ်လို့ လူ့အခွင့်အရေးရှေ့နေတစ်ယောက် ဖြစ်တဲ့ ဦးမင်းလွင်ဦး က ထောက်ပြပါတယ်။

“တရားစီရင်ရေး တရားသူကြီးတွေ ကိုယ်တိုင်ကိုက စီရင်ချက်ဖတ်တော့မယ်ဆိုလို့ ရှိရင် နောက်ကျောကို လှည့်ကြည့်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က လုံးဝပြိုကျပျက်စီးသွားပြီ။ ဒီစနစ်ကို ပြန်လည်တည်ဆောက်ဖို့ ဆိုတာက ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်လာရင်တောင်မှ တော်တော်အချိန်ယူပြီး ဆောင်ရွက်ရမယ့် အခြေအနေမျိုးဖြစ်တယ်လို့ ကျွန်တော်ကမြင်တယ်”

လက်လွတ်စပယ်တရားစီရင်မှုတွေဟာ အရင်စစ်အာဏာရှင်အဆက်ဆက်ထက် အခု ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် အခြေအနေက ပိုပြီးဆိုးရွားတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

image (17).jpg
ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုဗိုလ်မှူးကြီး စောမိုးဝင်းကို သတ်ဖြတ်ခဲ့တယ်ဆိုသည့် စွပ်စွဲချက်နှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးမှ သေဒဏ်အမိန့်ချမှတ်လိုက်သည့် ဒဂုံတက္ကသိုလ် ကျောင်းသားခုနစ်ဦး။ (Dagon University Students' Union)

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ်ရဲ့မန်နေဂျာ ဒုဗိုလ်မှူးကြီးဟောင်း ဦးစောမိုးဝင်းကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီက ကျောင်းသားလူငယ် ၁၂ ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။

အဲဒီလိုသေဒဏ်အမိန့်ချနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က “သေဒဏ်ချမှတ်တာတွေဟာ သေဒဏ်နဲ့ထိုက်တဲ့ ပြစ်ဒဏ်တွေကျူးလွန်ထားတဲ့အတွက်ကြောင့် ဖြစ်ပြီး သေဒဏ်စီရင်မှုတွေကို ဆက်လုပ်သွားမယ်” လို့ ၂၀၂၂ ခုနှစ် ဇူလိုင်လပိုင်းလောက်က သတင်းမီဒီယာအချို့ကို ပြောထားပါတယ်။

“ကျောက်ခဲရေညှစ်တာမှ ထွက်ချင်ထွက်ပါလိမ့်မယ်။ စစ်ကောင်စီထံက တရားမျှတမှုကတော့ နည်းနည်းမှရမှာမဟုတ်ပါဘူး။”

တရားစီရင်ရေးအာဏာဟာ စစ်အုပ်စုနဲ့ မထိုက်တန်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“စစ်ကောင်စီဟာ ပြည်သူ့ဆီက အာဏာကို မတရားသဖြင့် ရယူဖို့အားထုတ်ခဲ့ ပြည်သူ့ဘဏ္ဍာကို မသမာတဲ့နည်းနဲ့ရယူသုံးစွဲခဲ့တယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရက်စက်စွာနဲ့ ဖျက်ဆီးတယ်။ ဒါ့ကြောင့် စစ်ကောင်စီဟာ သူခိုး၊ ဓားပြ၊ လူလိမ်လို အဆင့်အတန်းမရှိတဲ့ အဖွဲ့အစည်းဖြစ်တယ် တရားစီရင်ရေး အာဏာဆိုတာ သူတို့နဲ့ နည်းနည်းမှ ထိုက်တန်မှုမရှိဘူး။ ဒီလိုအဖွဲ့အစည်းမျိုးထံက တရားမျှတမှုဆိုတာလည်း ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ဘူး။ ကျောက်ခဲရေညှစ်တာမှ ထွက်ချင်ထွက်ပါလိမ့်မယ်။ စစ်ကောင်စီထံက တရားမျှတမှုကတော့ နည်းနည်းမှရမှာမဟုတ်ပါဘူး။”

ဒီနှစ်ထဲမှာ သေဒဏ်အမိန့်ချတာ ပိုများလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့ တာဝန်ရှိသူ ဦးအောင်မျိုးကျော်က ပြောပါတယ်။

“၂၀၂၁ နဲ့ ၂၀၂၂ ယှဉ်မယ်ဆိုရင် ၂၂ မှာ ပိုပြီးတော့ ပြစ်ဒဏ်စီရင်မှုစတာတွေ သေဒဏ်ချမှတ်တဲ့ဟာတွေ ပိုပြီးတော့ များလာတာတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ၂၀၂၁ တုန်းကတော့ ပုဒ်မ ၅၀၅ တို့ ဘာတို့လောက်နဲ့ပဲ တရားစွဲဆိုတဲ့ အနေအထားမျိုး ကို အများစုက အဲလိုဖြစ်ခဲ့တယ် ဒီဘက်နောက်ပိုင်းမှကျတော့ အမှုတွေစစ်လာတာလည်း ၂၀၂၂ ထဲ ရောက်မှ အမိန့်ချတဲ့ဟာတွေက ပိုပြီးတော့များလာတယ်”

သေဒဏ်ပေးနေတာတွေအားလုံး ရပ်တန့်ဖို့၊ ကွပ်မျက်မှုတွေ အားလုံးကို ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။

general.jpg
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်၊ ဗိုလ်မှူးဟောင်း သိန်းအောင်နှင့် ဗိုလ်မှူးဟောင်း တင်မောင်အေး။ (Photo: Inya Urban Force - IUF/Citizen Journalist/ Tinmaung Aye Facebook)

ချုပ်ပြီးတင်ပြရရင် ဒီနှစ်ထဲမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ စစ်တပ်အရာရှိဟောင်း ခြောက်ယောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူအပြီး ကျဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၂၆၀၀ ကျော် ရှိခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။ အဖမ်းခံရတဲ့သူ ၁၃၀၀၀ ကျော်ရှိနေပြီး၊ အဲဒီထဲက ၁၈၀၀ နီးပါး ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ အဲဒီ ၁၈ဝဝ ထဲမှာ ၉၇ ယောက်က သေဒဏ်အမိန့်ချခံထားရတာ ဖြစ်ပါတယ်။

သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရသူတွေထဲမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့ကဖြစ်ပြီး ရန်ကုန်တိုင်းက ၂၀၂ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ISP Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။