သေဒဏ်ချမှတ်ခံရတဲ့သား ကိုဟိန်းထက်အသက်ရှင်အောင်ကူညီဖို့ ဖခင်တောင်းဆို

စောဖိုးခွါး (ဝါရှင်တန်ဒီစီ)
2022.12.06
သေဒဏ်ချမှတ်ခံရတဲ့သား ကိုဟိန်းထက်အသက်ရှင်အောင်ကူညီဖို့ ဖခင်တောင်းဆို ကိုဟိန်းထက် ရှေးဟောင်းသုတေသနအထူးပြုဘာသာရပ်နှင့် ဒဂုံတက္ကသိုလ်က ဘွဲ့ရခဲ့စဉ်။
Citizen Journalist

စစ်တပ်အာဏာမသိမ်းခင်က အသက် ၂၃ နှစ်အရွယ် ကိုဟိန်းထက်ဟာ အခွင့်အလမ်းပေါတဲ့ နိုင်ငံခြားထွက်ပြီး တိုးတက်ရာ တိုးတက်လမ်း ရှာဖွေချင်တဲ့ လူငယ်တစ်ယောက်ပါ။

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီနိုင်ငံကို သွားလို့ရတဲ့ အရည်အချင်းစစ်စာမေးပွဲကိုလည်း အောင်မြင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ တောင်ကိုရီးယားသွားမယ့် သူရဲ့အိပ်မက်တွေ ပျောက်ဆုံးသွားရတဲ့အပြင် အခုတော့သူဟာ စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်တာခံထားရတာပါ။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ်ရဲ့မန်နေဂျာ ဒုဗိုလ်မှူးကြီးဟောင်း ဦးစောမိုးဝင်းကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ ၃၀ ရက်က စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်တဲ့ ကျောင်းသားလူငယ် ခုနစ်ယောက်ထဲမှာ ကိုဟိန်းထက်လည်း ပါနေပါတယ်။

image (1).jpg
အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးမှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့က သေဒဏ်အမိန့်ချမှတ်လိုက်သည့် ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး။ (Photo: Dagon University Students' Union)

ကိုဟိန်းထက်ရဲ့အဖေ ဦးသိန်းရွှေကတော့ သူ့သားချမှတ်ခံထားရတဲ့ပြစ်ဒဏ်ဟာ တရားမျှတမှု မရှိဘူးလို့ ပြောပါတယ်။ အဲဒီအပြင် သူ့သားသေဒဏ်ချခံရတဲ့အကြောင်းကိုလည်း ကျန်းမာရေးမကောင်းတဲ့ မိခင်ကို အသိမပေးရဲဘူးလို့ ပြောပြပါတယ်။

"သူ့အမေက ကျန်းမာရေးမကောင်းတော့ (သေဒဏ်ဆိုတာကို) အသိကို မပေးရဲဘူး။ နှစ်ပဲချတယ်လို့ ပြောထားတာ။ ဒီသတင်းကြားရင် မအေက ဗြုန်းကနဲလဲသွားနိုင်တယ်။ ကျွန်တော်တို့ ကြိတ်ပြီးခံစားနေရတာပေါ့။ ကျန်တဲ့ ညီအစ်ကိုမောင်နှမတွေကတော့ Facebook ကြည့်တော့ သိကြတာပေါ့၊ အကုန်ပူဆွေးသောကနဲ့ပေါ့ဗျာ"

အဖမ်းခံရပြီး ရုံးထုတ်ရမန်ယူတဲ့ သီတင်းသုံးပတ်မှာ သူ့သားနဲ့တွေ့ခဲ့ရပေမယ့် အင်းစိန်ထောင်ထဲ ရောက်သွားကတည်းက လူချင်းလုံးဝမတွေ့ရတော့ဘဲ ထောင်ဝင်စာ ပါဆယ်ထုပ်ပဲ ပို့နေရတယ်လို့လည်း ပြောပါတယ်။

"မိဘတွေ စိတ်မပူဖို့ နေကောင်းအောင်နေဖို့ စာတွေရေးတယ်။ သူတို့တော့ အဆင်ပြေတယ်လို့ ပြောတယ် သူတို့လိုတာလေးတွေ မှာတယ်။ ကျွန်တော်တို့က ၁၄ ရက်တစ်ခါ ပါဆယ်သွားသွားပို့တယ်"

ကိုဟိန်းထက်ဟာ ရှေးဟောင်းသုတေသနအထူးပြုဘာသာရပ်နဲ့ ဒဂုံတက္ကသိုလ်ကနေ အာဏာမသိမ်းခင် တစ်နှစ်ကပဲ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ မွေးချင်းသားသုံးယောက်မှာ အငယ်ဆုံးသား ဖြစ်ပါတယ်။

သူ့သားလေး တောင်ကိုးရီးယားရောက်ရင် မိဘတွေ သက်သောင့်သက်သာနေတော့မယ်လို့ တွေးထားခဲ့ပေမယ့် အခုတော့ သားကို ထောင်ဝင်စာ မှန်မှန်ပို့ရဖို့ ဖခင်က ရုန်းကန်နေရပါတယ်။

"ကျွန်တော်ကတော့ အရင်ကယာဉ်မောင်း ကားမောင်းတယ်။ အခုကတော့ ကိုဗစ်ဖြစ်ပြီးကတည်းက မောင်းတစ်ခေါက်၊ မမောင်းတစ်ခေါက်ပဲ။ သားကြီးက နည်းနည်းပါးပါး ထောက်ပံ့တာ အဲဒါလေးနဲ့စားနေရတာ၊ အခုလိုဖြစ်သွားတော့ ကျွန်တော်တို့က တော်ရုံချွေတာပြီး သူ့အတွက် ပံ့ပိုးနေရတာပေါ့"

"သူက အငယ်ဆုံးဆိုတော့ သူတစ်ယောက် ကိုရီးယားရောက်သွားရင်တော့ ကျွန်တော်တို့လည်း ချောင်ချောင်ချိချိ ပေါ့ဗျာ။ သူက ဘွဲ့လည်းရပြီးသားဆိုတော့ ကိုရီးယားသင်တန်းတက်ခိုင်းတာ၊ သူကလည်း ဝါသနာပါတယ်လေ၊ သူကလည်း သွားမယ်ပေါ့၊ အခုနောက်ပိုင်းက သူ့ပဲ အားကိုးရတော့မှာလေ၊ အကြီးတွေက သူ့ဟာသူ အိမ်ထောင်ကျကုန်တော့၊ အခုဒီလိုတွေဖြစ်ကုန်တော့ အားကိုးမဲ့သွားတာပေါ့"

သူ့သားကို သေဒဏ်ကနေ လျှော့ပေါ့ပေးဖို့ အသနားခံစာ တင်ထားတယ်လို့လည်းဆိုပါတယ်။

"သူတို့ပုဒ်မတပ်တာက ၃ဝ၂ က လူသတ်မှု၊ ၃၄ အကြမ်းဖက်ဆိုပြီး နှစ်မှုစွဲထားတယ်။ ဒီပုဒ်မနဲ့တပ်ထားတော့ ပြစ်ဒဏ်ရှိရင်တောင် ကလေးတွေ ခံရမှာပေါ့၊ ဒါပေမဲ့ ဒီပုဒ်မကြီးနဲ့ ဒီလောက်ပြစ်ဒဏ်ကြီးကျတော့ မိသားစုတွေက ခံစားရတာပေါ့" ...

"ကျွန်တော်တောင်းဆိုချင်တာ အများကြီးလည်း မတောင်းဆိုပါဘူး။ ဒီပြစ်ဒဏ်က လွတ်သွားရင်ပဲ ကျေနပ်တယ်။ နှစ်နဲ့ချရင်က ဖြေသာသေးတယ်။ ရှေ့ကို မျှော်တွေးလို့ရသေးတယ်။ သေဒဏ်ကြီးကျတော့ ကျွန်တော်တို့က ဘာမှမျှော်လင့်လို့ မရတော့ဘူးလေ"

ကိုဟိန်းထက်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မအတွက်လည်း ဆက်ပြီးရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

heinhtet001.jpg
အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးမှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့က သေဒဏ်ချမှတ်လိုက်သည့် ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဟိန်းထက်။(Photo: Citizen Journalist)

အခုဆိုရင် ကိုဟိန်းထက်တို့ ရန်ကုန်ဒဂုံတက္ကသိုလ်ကကျောင်းက ခုနစ်ယောက်အပါအဝင် စစ်တပ်ကအာဏာသိမ်းပြီးနောက် သေဒဏ်ပေးခံရသူ အယောက် ၁၃ဝ ထက် ကုလသမဂ္ဂအပါအဝင် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီထဲမှာ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ တခြားတက်ကြွလှုပ်ရှားသူ နှစ်ဦးကို စစ်ကောင်စီက လက်တွေ့ ကြိုးပေးကွပ်မျက်ပြီးပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ သေဒဏ်ကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မကြာသေးခင်ရက်ပိုင်းက ဝေဖန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဒဏ်ပေးသင့်တဲ့သူကို ပေးတာလို့ ပြောထားပါတယ်။

သေဒဏ်ပေးခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် ကိုဟိန်းထက်ရဲ့ မိသားစုကတော့ သူ့သား ထောင်ထဲမှာ အသက်ရှင်ကျန်နေဖို့ ဝိုင်းဝန်းကူညီပေးကြဖို့ ပြည်တွင်းပြည်ပကို တောင်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။