စစ်ကောင်စီကျင်းပတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူ ၈ဝ ရာခိုင်နှုန်းကျဆင်း
2023.03.28

ဒီနှစ် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူဦးရေ ငါးပုံတစ်ပုံသာ ရှိခဲ့တဲ့အတွက် စစ်တပ်အာဏာ မသိမ်းခင်ကထက် ဖြေဆိုသူ ၈ဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း မတ်လ ၂၄ ရက်နေ့ထုတ် Nikkei Asia သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနက မတ်လ ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ စာမေးပွဲတွေ ကျင်းပခဲ့ပေမယ့် ဖြေဆိုသူဦးရေ တစ်သိန်းခြောက်သောင်းသာ ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှု ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ခုနှစ် မတ်လက ကျင်းပခဲ့တဲ့ နောက်ဆုံးစာမေးပွဲမှာ စာသင်သား ကိုးသိန်း တစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြတာပါ။
အဲဒီစာမေးပွဲဟာ အထက်တန်းကျောင်းတွေရဲ့ အရေးအကြီးဆုံး နောက်ဆုံးစာမေးပွဲဖြစ်ပြီး မြန်မာ စာသင်သားတွေအတွက်၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေကို တက်ရောက်ခွင့်၊ ဘာသာရပ်တွေကို ရွေးချယ်ခွင့် ရှိမှာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်အပြီးမှာတော့ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လမှာ ပထမဆုံးအကြိမ် တက္ကသိုလ် ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျင်းပခဲ့ပြီး စာသင်သား နှစ်သိန်းရှစ်သောင်း ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ဖြေဆိုသူဦးရေ ထိုးစိုက်ကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်မြို့၊ ပုဂ္ဂလိကကျောင်းက ဆရာတစ်ဦးကတော့ စီးပွားရေးအခြေအနေကြောင့်လို့ ပြောပါတယ်။
တက္ကသိုလ် ကောလိပ် ဝင်ခွင့်ဖြေဆိုမယ့် စာသင်သားတွေမှာလည်း ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်နိုင်ဖို့၊ ကျူရှင်အပါအဝင် နောက်ထပ် အချိန်ပို သင်တန်းတွေ တက်ကြရပါတယ်။
အဲဒီကျူရှင်ကြေး၊ သင်တန်းကြေးတွေဟာလည်း ကိုဗစ်ကူးစက်မှုနဲ့အတူ မိသားစုအများအပြားအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်လာခဲ့ကြောင်း၊ ဒါ့ပြင် စစ်တပ်အာဏာသိမ်းလိုက်တာကြောင့်လည်း ကျောင်းသူကျောင်းသားတွေ စာမေးပွဲမဖြေလိုက်ကြရတဲ့ အခြေအနေဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။
အခုအခါ အလယ်အလတ်ဝင်ငွေရှိတဲ့ မိသားစုတွေက ကျောင်းသူကျောင်းသားတချို့ကတော့ စစ်ကောင်စီ အောက်က ပညာရေးထက်၊ ပုဂ္ဂလိကကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေဆီ ပြောင်းရွှေ့သွားခဲ့ကြပါတယ်။
ရန်ကုန် ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ကျောင်းသားတစ်ဦးကလည်း စစ်တပ်ဖွင့်တဲ့ကျောင်းကို တက်လည်း မတက်၊ စာမေးပွဲလည်း ဖြေမှာမဟုတ်ကြောင်း၊ သူ့အတန်းဖော်တွေကလည်း အလားတူပဲဖြစ်ကြောင်း ပြောဆို ပါတယ်။

မိခင်ဖြစ်သူကလည်း - အခုအခါ ကျောင်းတွေမှာ ကလေးတွေရဲ့ လုံခြုံမှု စိုးရိမ်ရကြောင်း၊ ကျောင်းတက်နေတာကို စစ်အုပ်ချုပ်ရေး ထောက်ခံနေတယ်လို့ တချို့က မြင်နေကြတဲ့အတွက် ကလေးတွေအတွက် အန္တရာယ်မကျရောက်စေလိုကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကလည်း ပညာရေးနဲ့ပတ်သက်ပြီး ပုဂ္ဂလိကကျောင်းတွေကိုပါ ကန့်သတ်တာတွေ စတင်လာခဲ့ပါတယ်။ ပုဂ္ဂလိကကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီစနစ်နဲ့ တခြားမလိုအပ်တဲ့ သင်ရိုးညွှန်တမ်းတွေ တားဆီးပယ်ဖျက်ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သတင်းမီဒီယာတစ်ခုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖော်ပြခဲ့ပါတယ်။
ဒါဟာ ဝန်ကြီးဌာနအနေနဲ့ တားဆီးပိတ်ပင်ကန့်သတ်မှုအသစ်တွေ ချမှတ်ဖို့ ညွှန်ပြနေပုံရကြောင်းလည်း လေ့လာသူတွေက ဆိုပါတယ်။
ဒီအတွင်း ရန်ကုန်က တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ကျောင်းသူကျောင်းသား ၆၀ ရာခိုင်နှုန်းသာ စာသင်ခန်းတွေဆီ ပြန်ရောက်လာခဲ့ကြပြီး အများအပြားက ပညာရေးနဲ့ပတ်သက်ပြီး ဝေခွဲရ ခက်နေကြပါတယ်။
ကျောင်းသူတစ်ဦးကတော့ အာဏာသိမ်းစစ်ကောင်စီကို လက်မခံပေမယ့် ပညာရေးလမ်းကြောင်းနဲ့ ပတ်သက်လို့တော့ ရွေးချယ်စရာ များများစားစား မရှိကြောင်း၊ ပြည်ပထွက်ပြီး ကျောင်းတက်နိုင်ဖို့လည်း မတတ်နိုင်ကြောင်း ပြောဆိုပါတယ်။

ကျောင်းသူကျောင်းသားနဲ့ ကလေးငယ်တွေအများစုကတော့ သင့်တင့်မျှတတဲ့ ပညာရေး ချို့တဲ့နေဆဲပါ။
ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တစ်ဖက်တစ်လမ်းကနေ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပံ့ပိုးခဲ့သလို စစ်ရေးပဋိပက် ခပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတွေမှာလည်း ရပ်ရွာအခြေပြု စာသင် ကျောင်းတွေ ထူထောင်ခဲ့ပါတယ်။
ဒါ့ပြင် နိုင်ငံတစ်ဝန်းက ကျောင်းသူကျောင်းသားတွေအတွက် အင်တာနက် အွန်လိုင်းကနေ၊ အခြေခံပညာရေး ဝန်ဆောင်မှုတွေ ဆောင်ရွက်နေကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။