ကပ်ဘေးကာလမှာ ကျောင်းပြန်ဖွင့်ဖို့ စဉ်းစားနေ

ဇာဏီထွဏ်း
2020.05.19

မူလတန်းကျောင်းတွေဖွင့်မယ်လို့ ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပေမဲ့ ဆရာမနဲ့ကျောင်းသားမိဘတွေရဲ့ တောင်းဆိုချက်ကြောင့် မူလတန်းတွေအစား အလယ်တန်း၊ အထက်တန်းကျောင်းတွေကို အရင်ဖွင့်ဖို့ စဉ်းစား မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကပ်ရောဂါအန္တရာယ် ရင်ဆိုင်နေရချိန်မှာ ကျောင်းတွေ ဖွင့်လှစ်တဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အလေးထား ထည့်သွင်းစဉ်းစားစေချင်တယ်လို့ ပညာရေးကဏ္ဍ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြကြ ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ကလေးငယ်တွေဟာ လူကြီးတွေဆီကနေသာ ကူးစက်တာတွေ့ရပြီး လူကြီးတွေလို ရောဂါအခံမရှိတာကြောင့် မူလတန်းကျောင်းတွေကိုဖွင့်ဖို့ စီစဉ်ထားတာလို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ မေ ၁၉ ရက် အွန်လိုင်းဆွေးနွေးခန်းမှာ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောခဲ့ပါတယ်။

ကပ်ရောဂါဖြစ်ပွားတဲ့ နိုင်ငံပေါင်း ၁၈၆ နိုင်ငံထဲက ၁၅၈ နိုင်ငံမှာတော့ ကျောင်းတွေပိတ်ထားပါတယ်။ နော်ဝေ၊ ဒိန်းမတ်၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ် နိုင်ငံတွေကတော့ ကျောင်းတွေဖွင့်ထားပါတယ်။ တချို့နိုင်ငံတွေ မှာတော့ ဒေသတချို့ကကျောင်းတွေပဲဖွင့်တယ်လို့   ဦးကိုလေးဝင်းက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက မြို့နယ် ၅၀ မှာပဲ အတည်ပြုလူနာ ရှိခဲ့တာကြောင့် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး ရောဂါပိုးအန္တရာယ်ကို ရင်ဆိုင်ဖို့ စဉ်းစားထားကြောင်း၊  ကျောင်းတွေကို အကြာကြီး ပိတ်ထားလိုက်ရင် ပညာရေး အတွက် နစ်နာနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး စီစဉ်တာဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြောခဲ့ပါတယ်။

ဆွေးနွေးခန်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ-ဆရာမများ အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နီလာဝင်းက စာသင်ကျောင်းတွေမှာ အရင်ကတည်းက ဆရာ၊ ဆရာမ အင်အားလိုအပ်ချက်ရှိပြီး စာသင်ခန်းအရေအတွက် လည်းနည်းတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ခပ်ခွာခွာနေဖို့ ဆိုတဲ့အချက်ဟာ လက်တွေ့မှာခက်ခဲနိုင်တယ်လို့ ပြောပါတယ်။

မူလတန်းအရွယ်တွေ ထက်စာရင် အလယ်တန်း၊ အထက်တန်းကျောင်းသားတွေက ပိုပြီး စည်းကမ်းလိုက်နာ နိုင်မယ်လို့ ဒေါ်နီလာဝင်းက သူ့ယူဆချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြပါတယ်။

အထက်တန်းကျောင်းသားတွေကို အရင်ဖွင့်လိုက်ရင် ကျောင်းနားနေရတဲ့ မူလတန်းပြ ဆရာ ဆရာမ အင်အားဟာ ကျောင်းသားတွေရဲ့ ကိုယ်အပူချိန်တိုင်းတာတွေမှာ ပူးပေါင်းကူညီသွားနိုင်မယ်လို့လည်း ပြောပါတယ်။

ဒေါ်နီလာဝင်းရဲ့တင်ပြချက်ဟာ ထည့်သွင်းစဉ်းစားစရာဖြစ်တာကြောင့် ဘယ်အတန်းတွေကို အရင်စဖွင့်မလဲ ဆိုတာ စဉ်းစားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီမိုကရက်တစ်ပညာရေးရှုထောင့်က ဒေါ်ထွေးထွေးသန်းကတော့ ကျောင်းတိုင်းမှာ မတူညီတဲ့စိန်ခေါ်မှုတွေ အတော်များများရှိနိုင်တဲ့အတွက် လက်တွေ့ရင်ဆိုင်ရမယ့် ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်တွေရဲ့ အမြင်တွေကို အလေးထားစဉ်းစားသင့်တယ်လို့ ပြောပါတယ်။

ဒီအခက်အခဲတွေဟာ မြို့ပေါ် စာသင်ကျောင်းတွေတင်မကဘဲ ဝေးလံတဲ့ဒေသတွေက ကျောင်းတွေမှာဆိုရင် ပိုကြုံတေ့ွနိုင်ပါတယ်။

ကယားပြည်နယ် ဒီမောဆိုးမြို့နယ်က အထက်တန်းပြကျောင်းဆရာမ ဂျူးစဖင်းက ခပ်ခွာခွာနေရမယ်ဆိုရင် ကျောင်းခန်းတွေကို ချဲ့ရမှာဖြစ်ပြီး အဲဒီကျောင်းခန်းတွေအလိုက် သင်ပေးနိုင်မယ့် ဆရာမ အင်အား မလုံမလောက် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

ကျောင်းတွေကို ဖွင့်ဖြစ်မယ်ဆိုရင်တောင် ဇူလိုင်လဆန်းလောက်မှ ဖြစ်နိုင်ခြေရှိပြီး စဉ်းစားချိန်ရသေးတဲ့ အကြောင်း၊ ကျောင်းတက်တဲ့အခါမှာလည်း ဖျားပြီဆိုရင် ဆရာဖြစ်ဖြစ် ကျောင်းသားဖြစ်ဖြစ် ခွင့်ယူရမှာဖြစ်ပြီး၊ အသက်အရွယ်ကြီးသူတွေ ကျောင်းအကြိုအပို့လုပ်တာ၊ ကျောင်းဝန်းကျင်မှာ မုန့်ရောင်းတာတွေကို ထိန်းချုပ် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျောင်းတွေမှာလည်း စောင့်ကြည့်စင်တာတွေ လုပ်ထားတာဖြစ်တဲ့အတွက် အဲဒါတွေကိုလည်း ပြန်ပြင်ဆင်ရ ဦးမယ့်အကြောင်း၊ ဒါ့အပြင် မေလအတွင်းမှာ ထိုင်းနယ်စပ်ကပြန်လာမယ့် အလုပ်သမားတွေအတွက် ပြင်ဆင် ထားပေမယ့် ထိုင်းနိုင်ငံ စည်းမျဉ်းတချို့ကြောင့် ပြန်မလာနိုင်ကြတဲ့အကြောင်း၊ သူတို့တွေ ဇွန်လမှာ ပြန်လာရင် ထားဖို့အတွက်လည်း ထည့်သွင်းစဉ်းစားရမယ့်အကြောင်းတွေကို အတိုင်ပင်ခံက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရှိသေးပေမယ့်လည်း ကျောင်းတွေ ပြန်ဖွင့်ရမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ပြောပြီးနောက်ပိုင်း ဗိုင်းရပ်စ်ပိုး အန္တရာယ်ကြောင့် မဖွင့်သင့်သေးဘူးဆိုပြီး စိုးရိမ် ကြသူတွေရှိသလို စာသင်နောက်ကျမှာစိုးရိမ်သူတွေရဲ့ အမြင်တွေနဲ့ အမျိုးမျိုးကွဲနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။