ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်အရေးနဲ့ အကြမ်းဖက်မှုကြုံရတဲ့ ကမ္ဘာတစ်ဝန်းက ကလေးများ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.03.20
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်အရေးနဲ့ အကြမ်းဖက်မှုကြုံရတဲ့ ကမ္ဘာတစ်ဝန်းက ကလေးများ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။
AFP

ရိုဟင်ဂျာ ပြဿနာနဲ့ပတ်သက်ပြီး UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ Save the Children အဖွဲ့ကတော့ ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်တွေနဲ့ မိသားစုတွေဟာ ဘဝလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုကို အန္တရာယ်တွေကြားကနေ ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြပါတယ်။

UNHCR အနေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ပြီး နှစ်နိုင်ငံကြား ဒုက္ခသည်ပြန်လည်ခေါ်ယူရေးဆိုင်ရာ ရှေ့ပြေးစီမံချက်ကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြတာကို သိရှိကြောင်း UNHCR အနေနဲ့ အဲဒီဆွေးနွေးမှုမှာတော့ မပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့ရေးကိစ္စမှာ UNHCR ရဲ့ ရပ်တည်ချက်အနေအထား တစ်စုံတစ်ရာ အပြောင်းအလဲမရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိ အခြေအနေတွေအရ ဒုက္ခသည်ပြန်ပို့ရေးဟာ နှောင့်နှေးနေဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာ ဒုက္ခသည်တိုင်းအတွက် ကိုယ့်ရဲ့ရွေးချယ်မှုအရ ဆန္ဒအလျောက် ကိုယ့်နေရပ်ကိုယ် ပြန်နိုင်ကြောင်း၊ ဒါပေမဲ့ ဒုက္ခသည်တွေကို ဖိအားပေးတာမျိုးတော့ ရှောင်ရှားရမှာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ဒုက္ခသည်ကိစ္စမှာ ကာယကံရှင်တွေရဲ့သဘောဆန္ဒအလျောက်သာ ဖြစ်ပြီး ဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်း UNHCR က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ UNHCR အနေနဲ့ ဘင်္ဂလားဒေ့နိုင်ငံအတွင်း ပါဝင်သင့်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ရခိုင်ပြည်နယ်အခြေအနေတွေနဲ့ပတ်သက်လို့ နေရပ်ပြန်နိုင်ရေးကိစ္စ၊ ရပ်ရွာအသိုင်းအဝန်းကြား ယုံကြည်မှု တည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးကြဖို့လည်း ပါဝင်ပါတယ်။ ဒါဟာ ဒုက္ခသည်တွေအတွက် အရေးကြီးပြီး အခြေအနေတွေက ခွင့်ပြုတာနဲ့ အမြန်ဆုံးအိမ်ပြန်နိုင်ကြဖို့ မျှော်လင့်ကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့ကြပါတယ်။

ဒီအတွင်း မတ်လ ၁၉ ရက် Save the Children အဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ကမ္ဘာတစ်ဝန်း စနစ်တကျအကြမ်းဖက်မှုတွေ၊ ဂိုဏ်းဖွဲ့ကျူးလွန်မှုတွေ၊ ဆင်းရဲတွင်းနက်နေကြတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေကြရတဲ့ သောင်းနဲ့ချီတဲ့ ကလေးငယ်တွေနဲ့မိသားစုတွေဟာ ဘဝလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုကို အန္တရာယ်တွေ ပြွန်းတီးနေတဲ့ လမ်းခရီးတွေကနေ ဝင်ရောက်ဖို့ ကြိုးစားနေကြဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတစ်ဝန်းက ဒုက္ခသည်တွေကို ကာလကြာရှည်ကူညီကယ်ဆယ်ပေးနေတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ လေးနှစ်ကတော့ အဲဒီအစဉ်အလာ ဆုတ်ယုတ်လျော့ပါးလာခဲ့ပါတယ်။ ကမ္ဘာ့တခြားနေရာတွေကနေ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ - အထူးသဖြင့် ခိုလှုံရာရှာကြတဲ့ မိသားစုတွေနဲ့ကလေးငယ်တွေကို အစိုးရက ပစ်မှတ်ထားလာခဲ့တာပါ။

ဖက်ဒရယ်အစိုးရအနေနဲ့ ကလေးငယ်တွေကို မိဘတွေနဲ့ခွဲပစ်တဲ့ လုပ်ရပ်မျိုးတွေ ရှိခဲ့ကြောင်း၊ အဲဒီလို မိဘတွေ နဲ့ မတွေ့ဆုံခဲ့ရဘဲ ကွဲကွာသွားခဲ့၊ ပျောက်ဆုံးသွားခဲ့ရတဲ့ ကလေးအရေအတွက် ၅၄၅ ဦး ရှိခဲ့ကြောင်းလည်း U.S. Programs & Advocacy ဒုဥက္ကဋ္ဌ Betsy Zorio ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ မူဝါဒတွေဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်နေချိန်မှာတောင် ဆက်ရှိနေဆဲဖြစ်နေတဲ့အတွက် ကလေးတွေအတွက် အန္တရာယ်ကြီးပါတယ်။ ဒါ့ပြင် ကပ်ရောဂါကို အသုံးချပြီး ရွှေ့ပြောင်းဝင်လာသူ တားဆီးရေး မူဝါဒတွေ ချမှတ်ကျင့်သုံးတာ၊ အကြမ်းဖက်ဘေးကနေ ထွက်ပြေးလာခဲ့ကြတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ မဝင်နိုင်အောင် အမေရိကန်တောင်ပိုင်းနယ်စပ်ကို ပိတ်ထားတာပါ။

ထောင်နဲ့ချီတဲ့ ကလေးငယ်တွေ နိုင်ငံက နှင်ထုတ်ခံခဲ့ရပြီး ကျန်းမာရေး၊ လုံခြုံရေး စတဲ့ အစီအစဉ်တွေလည်း မရရှိကြပါဘူး။ အမေရိကန်လူဝင်မှုစနစ်ကလည်း အကာအကွယ်ပေးဖို့ထက် ပြစ်ဒဏ်ပေးဖို့သာ ဖြစ်နေတာပါ။ အဲဒီထဲမှာ ကလေးသူငယ်တွေက အခံရဆုံးဖြစ်ပါတယ်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးစနစ်အနေနဲ့ ရွှေ့ပြောင်းတဲ့ ကလေးငယ်တွေကို ကလေးတွေအဖြစ် ပထမဆုံး အသိအမှတ်ပြုသဘောထားရမှာဖြစ်ပြီး ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေ မတူကွဲပြားတဲ့အတွက် အကာ အကွယ်ပေးရေးမူဝါဒနဲ့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း Save the Children အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။