စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ကျဆုံးမှုများနေဟု PDF ခေါင်းဆောင်ပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.03.31
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ကျဆုံးမှုများနေဟု PDF ခေါင်းဆောင်ပြောကြား
Photo: People's Force

တော်လှန်ရေးနေ့ကျရောက်တဲ့ မတ်လအတွင်း စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံလူထုအပေါ် တိုက်ခိုက်ချေမှုန်းမှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အခုရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်ကသာ ပိုမိုထိခိုက်ခဲ့တယ်လို့ PDF ခေါင်းဆောင် ဗိုလ်နဂါးက RFA ကို မနေ့ညက ပြောပါတယ်။

“ထိခိုက်ကျဆုံးမှုကတော့ လတ်တလောတော့ ကျနော်တို့ ခုရက်ပိုင်းမှာ ကိုယ့်ရဲဘော် အထိအခိုက် မရှိသလောက် နည်းနေသေးတယ်။ ဟိုတစ်နေ့က သူတို့စခန်းနားသွားတိုက်တာ နင်းမိုင်းထိလို့ ၂ ယောက် ဒဏ်ရာတော့ မပြင်းထန်ပါဘူး။ ကျန်တဲ့ကိစ္စတွေမှာတော့ အောင်မြင်မှု တော်တော်ရတယ်။ ဇီးဖြူကုန်းမှာ လက်လုပ်လက်နက်ကြီး စမ်းပစ်တာက ၂၇ ရက်နေ့ ည ၆ နာရီချိန်မှာ စမ်းလိုက်တာ စစ်ကောင်စီဘက်က ၂ ယောက်နဲ့ ပျူစောထီး တစ်ယောက်သေတယ်။ အဲဒါနဲ့ နောက်နေ့ မနက် ၉ နာရီလောက်မှာ စစ်သားရော ပျူစောထီးရော ၃ဝ လောက်ထွက်လာလို့ ဒီဘက်ကအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ ပျူစောထီး ၃ ဦး ကျသွားတယ်။ အဲဒါနဲ့ သူတို့ ရွာထဲပြန်ဝင်သွားတယ်။ ၁၁ နာရီထိုးတော့ မြောက်ဘက်က ထိုးလာတဲ့စစ်ကြောင်း ဇီးဖြူကုန်းဘက်ကို ဆက်ထိုးလာတဲ့အချိန်မှာ မန်ကျည်းကုန်းရွာကြားမှာ ရဲဘော်တွေ စောင့်ဆီးကြိုတိုက်တာ ၃ ဦးလောက် သေတယ်။ မနေ့ကတော့ အင်မထီးရွာက ပျူစောထီးနဲ့ စစ်ကောင်စီက ပြင်ပကို ထွက်ပြီးတော့ တခြားရွာလေးတွေကို လှည်းတို့ ကားတို့နဲ့ သူတို့ရိက္ခာလာလုတာရှိတယ်။ မနေ့ကတော့ MRDA တပ်ဖွဲ့ဝင်တွေက သူတို့လာနိုင်ခြေရှိတဲ့ လမ်းမှာ စောင့်နေတယ် စောင့်ပြီးပစ်တာ သူတို့က လှည်းနဲ့လာတယ် သူတို့ ၇ ဦးလောက်ကျတယ် ၅ ဦးက ဒဏ်ရာရတယ်။”

အခုလို ဗိုလ်နဂါးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဒီအတောအတွင်း စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့က ဥပဒေမဲ့ သတ်ဖြတ်မှု၊ ပြည်သူလူထုပိုင် ပစ္စည်းတွေကို အဓမ္မသိမ်းဆည်းမှုနဲ့ ငွေကြေး အဓမ္မတောင်းခံမှုတွေ အနည်းငယ်ရှိခဲ့တယ်လို့ RFA က သတင်းရပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း မတ်လ ၂၆ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ဗိုလ်သံမဏိခေါင်းဆောင်တဲ့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဥပဒေမဲ့သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း၊ ဒီကိစ္စကို အရေးယူမှာဖြစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို လိုက်နာပြီး ပြည်သူလူထုထိခိုက်နိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ လိုကြောင်း သတိပေးခဲ့ပါတယ်။

ဗိုလ်နဂါးက ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ ငွေကြေးပစ္စည်း အလွဲသုံးစားပြုမှု စတဲ့ လုပ်ရပ်တွေကို တော်လှန်ရေးသမားတွေအနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။

“ဥပဒေမဲ့ သတ်ဖြတ်မှုတွေကတော့ လုံးဝလျစ်လျူရှုထားလို့ မရပါဘူး။ ဒါကို လျစ်လျူရှုထားလိုက်ရင် ကျူးလွန်ခွင့်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာမဲ့ သွားလိမ့်မယ်။ အားလုံးက လူကောင်းတွေနဲ့ချည်း တော်လှန်ရေးက ဖွဲ့စည်းထားတာမှ မဟုတ်တာ။ MOD ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်မှုကလည်း ကောင်းမယ်၊ ပြီးတော့ အဖွဲ့ခေါင်းဆောင်တွေက စည်းကမ်းထိန်းသိမ်းမှုအားကောင်းလာရင် ဒါတွေက နည်းသည်ထက်နည်းလာပြီး ပပျောက်သွား နိုင်ပါတယ်။”

စစ်တပ်အာဏာသိမ်းအပြီး ပြီးခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့မှာ ပြည်တွင်း ဒီမိုကရေစီ အင်အားစုဝင်တချို့ စုပေါင်းတည်ထောင်ခဲ့တဲ့ အဖွဲ့တစ်ခုကတော့ People’s Force ပြည်သူ့အင်အားစု လို့ အမည်ပေးထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက မှော်ဘီလေတပ်မှာရှိတဲ့ တိုက်လေယာဉ် ၂ စင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ကရင်ပြည်နယ်ဒေသတစ်ခုမှာ လက်နက်ကိုင်တော်လှန်ရေးကိုလည်း ဆင်နွှဲနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ညိုက သူတို့အဖွဲ့မှာ ပြည်သူကိုကာကွယ်ဖို့ သံမဏိစည်းကမ်းတွေ ချမှတ်ထားတယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့က ဒီဒေသရဲ့ ဖွံ့ဖြိုးရေးတွေ အကုန်လုံးလုပ်ပေးနေတာ။ ကျနော်တို့က ဒီဥပဒေမဲ့ လုပ်ရပ်တွေကို ကျနော်တို့အဖွဲ့အစည်းမှာ လုံးဝ လက်မခံဘူး။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အပိုင်းမှာလည်း ကျနော်တို့က စနစ်တကျနဲ့ လုပ်ထားတယ်၊ အကုန်လုံးကို စာရင်းတွေ ဒေတာတွေ ရှိပါတယ်။ ကျနော်တို့ သစ္စာအဓိဋ္ဌာန် ၃ ချက် ရှိပါတယ်။ ငါတို့သည် ပြည်သူက ကျွေးတဲ့ ထမင်းဟင်းကို စား၍ ပြည်သူသို့ သစ္စာရှိပါမည်၊ ငါတို့သည် ပြည်သူ့ထံမှ လာတာဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်၊ ငါတို့သည် မိမိတပ်ဖွဲ့အပေါ် သစ္စာရှိ၍ ငါတို့၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည်။ ဒီ ၃ ချက်ပါ။ ကျနော်တို့ ဘယ်တော့မှ ပြည်သူကို ထိခိုက်တဲ့အလုပ် မလုပ်ပါဘူး။”

“ဥပဒေမဲ့ သတ်ဖြတ်မှုတွေကတော့ လုံးဝလျစ်လျူရှုထားလို့ မရပါဘူး။ ဒါကို လျစ်လျူရှုထားလိုက်ရင် ကျူးလွန်ခွင့်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာမဲ့ သွားလိမ့်မယ်။ အားလုံးက လူကောင်းတွေနဲ့ချည်း တော်လှန်ရေးက ဖွဲ့စည်းထားတာမှ မဟုတ်တာ”

လွတ်မြောက်နယ်မြေတစ်နေရာရှိ CRPH ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင် အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း NUG ရဲ့ ထုတ်ပြန်ကြေညာချက်တွေကို တော်လှန်ရေးအင်အားစု အားလုံး လိုက်နာဖို့လိုကြောင်း ပြောကြားပါတယ်။

“ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေ ပကဖ တွေနဲ့ ပတ်သက်လို့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ ထုတ်ပြန်ထားတာ ရှိတယ်။ သုံ့ပန်းတွေ လက်နက်ချ အညံ့ခံသူတွေနဲ့ပတ်သက်တဲ့ ကျင့်ဝတ်တွေ၊ အများပြည်သူနဲ့ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကျင့်ဝတ်တွေ၊ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်တွေ၊ ဒါတွေက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF တွေသာမကဘဲ တော်လှန်ရေးအင်အားစု အားလုံးက လေးစားလိုက်နာဖို့ လိုအပ်တယ်ပေါ့။ တချို့က ကျတော့လည်း တော်လှန်ရေးအမည်ခံပြီး တော်လှန်ရေးပုံရိပ်ကျအောင် စစ်ကောင်စီဘက်ကရော ကျန်တဲ့ တောကြောင်တွေကရော လုပ်ကြတာ ရှိပါတယ်။ ဒီတော်လှန်ရေးမှာ အများပြည်သူလူထုကို ထိခိုက်စေတဲ့ကိစ္စမျိုး ဘယ်သူကပဲလုပ်လုပ် လက်ခံလို့ မရပါဘူး။”

PDF ခေါင်းဆောင် ဗိုလ်နဂါးကတော့ ဖြစ်ပွားခဲ့တဲ့ PDF အဖွဲ့တချို့ရဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုတွေဟာ အနည်းငယ်မျှသာရှိပြီး နွေဦးတော်လှန်ရေးကို တစ်စုံတစ်ရာထိခိုက်မှုရှိမှာ မဟုတ်ကြောင်းနဲ့ သူတို့ PDF တွေအနေနဲ့ တစ်နေ့တခြား ပိုမိုကောင်းမွန်တဲ့ လက်နက်တွေကို တပ်ဆင်နိုင်တဲ့အပြင် စစ်ရေးအတွေ့အကြုံလည်း ပိုမိုရင့်ကျက်လာနေတဲ့အတွက် တိုးတက်မှုတွေကို လူထုအနေနဲ့ မကြာခင် ပိုမိုမြင်တွေ့ရမှာဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။