ရုရှား-မြန်မာ ဆက်ဆံရေး ပိုနီးစပ်လာ

2021.12.23
ရုရှား-မြန်မာ ဆက်ဆံရေး ပိုနီးစပ်လာ နေပြည်တော်ကိုရောက်လာတဲ့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ၂၀၂၁ မတ် ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: MRTV
မြန်မာစစ်ကောင်စီဟာ သူ့တပ်ကို လက်နက်အများဆုံးရောင်းချနေတဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ဆက်ဆံရေး ကောင်းမွန်နေပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် ရုရှားနဲ့ စစ်ရေးအရ ပိုမိုတိုးမြှင့်ဆက်ဆံ လာပါတယ်။
 
သဘောထားတင်းမာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၁ ခုကစတင်လာတဲ့ ရုရှား-မြန်မာ စစ်ရေးဆက်ဆံရေးဟာ သူ့ဆန့်ကျင်သူတွေကို လေကြောင်းကပါ တိုက်ခိုက်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ အရှိန်ပိုကောင်းလာတယ်လို့ လေ့လာသူတွေက ပြောကြ ပါတယ်။
 
ဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၆၇ ခုနှစ်က ဖြစ်ပွားတဲ့ တရုတ်-ဗမာ အရေးအခင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှာ ဆက်ဆံရေး တစတစပြန်ကောင်းလာရာက ရှစ်လေးလုံးမတိုင်ခင် တရုတ်-မြန်မာ နှစ်နိုင်ငံရွှေလမ်းငွေလမ်း ပိုပွင့်လာပါတယ်။
 
လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း အာဏာထပ်သိမ်းတဲ့ စစ်အစိုးရအဆက်ဆက် လူ့အခွင့်အရေး မှတ်တမ်းမကောင်းတဲ့အတွက် အနောက်နိုင်ငံတွေက အရေးယူဒဏ်ခတ်တဲ့အခါ တရုတ် နိုင်ငံကို မြန်မာစစ်ဗိုလ်ချုပ်တွေ အထူးအားကိုးကြပါတယ်။
 
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအရပ်ရပ်မှာ တရုတ်ကို မှီခိုရင်း တဘက်မှာလည်း ခေတ်မီတဲ့ စစ်တပ်ဖြစ်လာဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက စတင်ချိတ်ဆက်ထားတဲ့ ရုရှားနဲ့ ခုအာဏာထပ်သိမ်းလိုက်တဲ့ စစ်တပ်က ပိုလို့နီးစပ်လာပါတယ်။
 
ရုရှားရော တရုတ်နိုင်ငံပါ မြန်မာစစ်တပ်နဲ့ နီးစပ်တာချင်းတူတူ တရုတ်-မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခမှာ တရုတ်က နောက်ကွယ်ကရှိပေမယ့် ရုရှားက ဝင်မပါဘဲ လက်နက်ရောင်းဖို့ပဲ အားသန်ပါတယ်။ ဒါကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရှစ်လေးလုံးကျောင်းတိုက် ဆရာတော် ဦးအဂ္ဂက သုံးသပ်ပြပါတယ်။
စစ်အစိုးရအဆက်ဆက်ကို ကျောထောက်နောက်ခံလုပ်လာတဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ စစ်လက်နက် ပစ္စည်းတွေထက် ရုရှားလုပ်တွေက ပိုစိတ်ချရတယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။
 
၂၀၁၄ ကနေ ၂၀၁၉ ထိ မြန်မာစစ်တပ်က ဝယ်ယူတဲ့ လက်နက် ၅၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံက ဖြစ်ပါတယ်။ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းမောင်းသူမဲ့လေယာဉ်တွေ၊ သံချပ်ကာ ကားတွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ဝယ်ယူတဲ့အကြောင်း Stockholm International Peace Research Institute စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာနက သုတေသီ Siemon Wezeman က ပြောတယ်လို့ ဂျပန် Nikkei Asia စာစောင်က ဖေဖော်ဝါရီက ဖော်ပြပါတယ်။ အဲဒီကာလမှာ ရုရှားက လက်နက် ၁၇ ရာခိုင်နှုန်းဝယ်ယူပြီး တိုက်လေယာဉ်နဲ့ တိုက်ရဟတ်ယာဉ်တွေ အဓိကဝယ်ယူပါတယ်။

 
၂၀၁၀က ၂၀၁၉ ထိ မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ အကုန်အကျခံပြီး လက်နက် ဝယ်ယူပါတယ်။ တရုတ်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးဝယ်ပြီး ရုရှားက ဒေါ်လာ ၈၀၇ သန်းဖိုးဝယ် ယူတာပါ။ ရုရှားက SDu-30MK အဝေးထိန်းစနစ်သုံးတိုက်လေယာဉ်၊ MiG-29 နဲ့ JF-17 တိုက်လေယာဉ်တွေ အပြင် K-8, Yak-130 နဲ့ G120TP လေ့ကျင့်ရေးလေယာဉ်တွေ ဝယ်ယူပါတယ်။
 
၂၀၀၁ ကတည်းက မြန်မာစစ်တပ်ကို ရုရှားက MiG-29 ဂျက်တိုက်လေယာဉ် လေးစင်း ရောင်းချပြီးဖြစ် ပါတယ်။ ဒီနောက် ၂၀၀၂ မှာ ၁၀ စင်းထပ်ဝယ်ပြီး ၂၀၀၆ မှာဆို ရုရှား MiG လေယာဉ် ကော်ပိုရေးရှင်းရုံး ရန်ကုန်မှာ ဖွင့်လှစ်တဲ့အထိ စစ်ဘက်ဆက်ဆံရေး တိုးတက်လာပါတယ်။
 
အာဏာမသိမ်းခင် အခုနှစ် ဇန်နဝါရီလထဲမှာပဲ ရုရှားကနေဝယ်ယူဖို့ မြန်မာစစ်တပ် သဘောတူခဲ့တဲ့ လေတပ်သုံးလက်နက်နဲ့ ယာဉ်တွေထဲ ညအချိန်မှာ နေ့လို မြင်နိုင်ပစ်နိုင်တဲ့ လေတပ်သုံးလက်နက်အထိ ပါဝင်ပါတယ်။
 
မြန်မာစစ်တပ် ထပ်ဝယ်ထားတဲ့ လက်နက်တွေထဲမှာ ရေပြင်မြေပြင်ကနေ ဝေဟင်ပစ်နိုင်တဲ့ Pantsir-S1 ဒုံးကျည်စနစ်၊ Orlan-10E မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တွေလည်း ပါပါတယ်။
 
မြန်မာ-ရုရှား လက်နက်အရောင်းအဝယ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၁ ခုက စတင်ပါတယ်။ ၂၀၁၆ မှာ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူပါတယ်။
 
ဒီသဘောတူညီချက်ကနေ ထောင်နဲ့ချီတဲ့ မြန်မာစစ်ဘက်အရာရှိတွေ ရုရှားမှာ ခေတ်မီသိပ္ပံနဲ့ နည်းပညာဘွဲ့ရဖို့ လမ်းခင်းပေးလိုက်ပါတယ်။ ၂၀၁၉ အရောက် ရုရှားမှာ စစ်သည် ၆၀၀၀ ကျော်ပညာရင်နို့သောက်စို့ပြီးသွား ပါပြီ။
 
ခေတ်မီတဲ့ စစ်တပ်ထူထောင်ပြီး ခေတ်မီလက်နက်တွေဖြည့်ဆည်းနေတဲ့ မြန်မာစစ်တပ်ဟာ အရင်တုန်း ကတော့ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုသာ တိုက်ခိုက်ခဲ့ပါတယ်။
 
ခုတော့ စစ်ကောင်စီဟာ နေရာအနှံ့ စစ်မျက်နှာဖွင့်နေပါတယ်။ စစ်အာဏာသိမ်းတာ ဆန့်ကျင်သူတွေကို အကြမ်းဖက်နှိမ်နင်းလို့ နိုင်ငံတဝန်းလူထုကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရော၊ ထောက်ခံသူတွေကိုပါ ရှိသမျှအင်အားနဲ့ နှိမ်နင်းနေတာတွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-28 04:01

we are not wonder cause of Seller and buyer