ရုရှားနဲ့ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

RFA Burmese
2023.04.05
ရုရှားနဲ့ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံရှေ့နေချုပ် Igor Krasnov တို့ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့စဉ်။
Myanmar Military

အာဏာသိမ်းစစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ ဥပဒေရေးရာကိစ္စတွေမှာပါ ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးစားနေတာဟာ အာဏာဆက်လက်တည်မြဲရေးအတွက် လုပ်ဆောင်နေတာလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံရှေ့နေချုပ် Igor Krasnov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ၂၀၂၃ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး နဲ့ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၂၂ ရက်နေ့မှာပဲ ချက်ချင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့အတူ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ စစ်ကောင်စီရဲ့ ဥပဒေရေးရာဝန်ကြီးနဲ့ ရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့ ပါဝင်ပါတယ်။

ဒါဟာ ဖက်ဒရယ်စနစ် ကျင့်သုံးတယ်လို့ အမည်ခံထားတဲ့ ရုရှားထံက ဥပဒေနမူနာတွေကို အတုယူပြီး စစ်ကောင်စီက အာဏာဆက်လက်တည်မြဲရေးအတွက် ကြိုးစားနေတာလို့ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးက ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ အကျိုးအမြတ်အဖြစ် နှစ်ချက် ရနိုင်တယ်လို့ မြင်တယ်။ တစ်ချက်က နိုင်ငံရေးအရ ဖြစ်တယ်။ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ရုရှားတပည့် လုံး၀ ခံလိုက်တဲ့ သဘောပဲ။ သူ့အာဏာ တည်မြဲရေးအတွက် လုပ်တာပဲ။ နိုင်ငံရေးအရ မြင်တာကို ပြောချင်တာ။ ဥပဒေကြောင်းအရ ပြောမယ်ဆိုရင် ရုရှားနိုင်ငံက ဖက်ဒရယ်အမည်ခံထားတဲ့ နိုင်ငံပဲ။ ယနေ့ ပူတင်လုပ်ချင်တာ လုပ်နေတာကို ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံခုံရုံးရော တရားရုံးချုပ်ရော ထိန်းမှ မထိန်းနိုင်တာ။ လွှတ်တော်လည်း မထိန်းနိုင်ဘူး။ အဲလိုဖြစ်တဲ့ အခါကျတော့ မင်းအောင်လှိုင်က ရုရှားနဲ့ပေါင်းခြင်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ပုံစံမျိုး အသွင်သဏ္ဍန်မျိုး ရအောင် ပြင်လိုက်ပြီးတော့မှ အားကောင်းတဲ့ သမ္မတစနစ်မျိုး လုပ်ဖို့ ရည်ရွယ်ချက် ရှိရင်လည်း ရှိသွားနိုင်တယ်။ အဲဒါက သူတို့ရဲ့ရေရှည် အာဏာတည်မြဲရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှုထောင့်က သွားမယ့်လမ်းကြောင်းလည်း ဖြစ်နိုင်တယ်လို့၊ ဒီလောက်ပဲ သုံးသပ်ပါရစေ”

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မြန်မာဥပဒေပညာရှင်တွေ ရုရှားနိုင်ငံမှာ ဥပဒေပညာရပ်တွေ သင်ကြားရေး၊ ရုရှားဥပဒေရေးရာ ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံမှာ လာရောက်ပို့ချရေးနဲ့ မြန်မာစစ်တပ်အရာရှိတွေကို စစ်ဘက်ဆိုင်ရာဥပဒေတွေ သင်ကြားနိုင်ဖို့ရုရှားနိုင်ငံထံ စေလွှတ်ရေးကိစ္စတွေ လုပ်ဆောင်သွားမှာပါ။

ဥပဒေပိုင်းဆိုင်ရာမှာအားနည်းတဲ့ မြန်မာနိုင်ငံဟာ အခုလို ပူးပေါင်းဆောင်ရွက်မှုကြောင့် ရုရှားနိုင်ငံက ဥပဒေပညာရပ်တွေကို သင်ယူခွင့်ရရှိတော့မယ်လို့ စစ်တပ် အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

“အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မြန်မာက အားတော်တော်လေးကိုပေါ့ နည်းနေသေးတယ်လို့ပဲ မြင်ပါတယ်။ ထူးချွန်တဲ့ ဥပဒေသမားတွေ မရှိဘူးလားဆိုတော့ ရှိတယ်၊ တော်တော်လေး အားနည်းတယ်ဆိုတော့ ကျနော်တို့ မသိသေးတဲ့ မမြင်သေးတဲ့ လေ့လာဖို့ လက်လှမ်းမမီသေးတဲ့ ဥပဒေလေးတွေ ထပ်ပြီး လေ့လာနိုင်မယ့် အခွင့်အရေးရမယ်ဆိုတော့ ဒါကလည်း အဓိကကတော့ ကိုယ်တွေရဲ့ ဥပဒေပိုင်းဆိုင်ရာ အသိပညာပေါ့၊ ဗဟုသုတ မြှင့်တင်ရေးပိုင်းမှာတော့ အများကြီး အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်”

ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့က မြန်မာအပေါ် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး အကျပ်ကိုင်တာ၊ အပြစ်ရှာ ဝေဖန်တိုက်ခိုက်တာ၊ ပိတ်ဆို့ အရေးယူတာ၊ ပြည်တွင်းရေး ဝင်စွက်တာတွေကို အစဉ်တစိုက် လုပ်နေပေမယ့် ရုရှားကတော့ မိတ်ဆွေကောင်းပီသစွာ အမြဲဖေးမကူညီတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၆ ရက် ရုရှား-မြန်မာ သံတမန်ဆက်သွယ်ထူထောင်မှု ၇၅ နှစ်ပြည့် အခမ်းအနားမှာ ထုတ်ပြောထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံရှေ့နေချုပ် Igor Krasnov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံရှေ့နေချုပ် Igor Krasnov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)

ရုရှားနဲ့ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်း မဟာမိတ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါဟာ ဥပဒေရေးရာနဲ့ အုပ်ချုပ်ရေးရာကိစ္စတွေမှာ စစ်ကောင်စီက အနောက်တိုင်းကို အားမကိုးဘဲ ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောကို ထင်ထင်ရှားရှား ပြသတာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်း က RFA ကို ပြောပါတယ်။

“ရဲတပ်ဖွဲ့တို့ တပ်မတော်တို့ တပ်ရင်းဥပဒေတွေ ဘာတွေ ကောင်းမွန်ဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိခဲ့ဖူးတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်ကနေပြီး စခဲ့တာ၊ နောက် NLD အစိုးရ လက်ထက်မှာအထိ ပေါ့နော်။ နောက် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးတို့ ဘာတို့ အဲဒါမျိုးတွေ ပူးပေါင်းဆောင်ရွက်တာ ရှိခဲ့ဖူးတယ်။ ဥပဒေရေးရာကိစ္စတို့ နောက်အုပ်ချုပ်မှုရေးရာကိစ္စတို့ အဲဒါတွေနဲ့ ပတ်သက်လို့ရှိရင် အနောက်တိုင်းကို အားမကိုးဘဲနဲ့ ရုရှားတို့၊ တရုတ်တို့နဲ့ပဲ ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီးတော့ အဲသလို လိုင်းပြောင်းသွားပုံ ရပါတယ်”

လက်ရှိမှာ စစ်ကောင်စီဟာ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးနဲ့ စစ်ရေးကိစ္စတွေအပြင် စီးပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာစတဲ့ ကဏ္ဍပေါင်းစုံမှာလည်း ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာပါတယ်။

"နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ရုရှားတပည့် လုံး၀ ခံလိုက်တဲ့ သဘောပဲ။"

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်မှာ ရုရှား-မြန်မာ နှစ်နိုင်ငံကူးလူး ဆက်ဆံမှု ပိုများ၊ ပိုနက်ရှိုင်းလာခဲ့ပြီး စစ်ကောင်စီက ရုရှားကို အရင်ကထက် ပိုချဉ်းကပ်၊ ပိုအားကိုးလာတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက ရုရှားနဲ့ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားတာဟာ အာဏာရှင် စနစ်ကို ရုရှားနမူနာအတိုင်း ဥပဒေနည်းကျ တည်ဆောက်သွားဖို့ လုပ်ဆောင်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“ကျနော်တို့က ပြန်ကြည့်မယ်ဆိုရင် ရုရှားထဲမှာ ရှိနေတဲ့ဟာက ပူတင်ကို ဆန့်ကျင်သမျှဟာ အကုန်လုံး ဖမ်းဆီး သတ်ဖြတ်တယ်ဆိုတဲ့ဟာက ဟိုးအရင်ကတည်းက ရှိနေခဲ့တာ။ အဲလိုစနစ်နဲ့ ရှိနေတဲ့ဟာကို လေ့လာမယ် ဆိုရင်တော့ ဖြစ်နိုင်တာက ဒီအာဏာရှင်စနစ် တစ်ရပ်ကို ဥပဒေနည်းနဲ့ စနစ်တကျ ဘယ်လို တည်ဆောက်မလဲ ဆိုတဲ့ဟာကို လေ့လာမယ်ဆိုရင်တော့ လေ့လာစရာ ရှိကောင်း ရှိနိုင်ပါတယ်။ အဲလိုပဲ ပြောရမှာပေါ့”

စစ်ကောင်စီက ရုရှားနိုင်ငံနဲ့ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ပြင်ဆင်နေပေမယ့် ရုရှားသမ္မတ ပူတင်ကိုယ်တိုင်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ ဖမ်း၀ရမ်းထုတ် ခံထားရတာပါ။

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတ ပူတင်ကို ယူကရိန်း ကလေးငယ်တွေကို ရုရှားနိုင်ငံဆီ တရားမဝင် ပို့ဆောင်မှုနဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှာ ICC က ဖမ်းဝရမ်း ထုတ်လိုက်တာပါ။

စစ်ကောင်စီကိုလည်း အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကို လွှဲပြောင်းပေးဖို့ ၂၀၂၃ခုနှစ် မတ်လ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမျိုးသမီးရေးရာလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုအပြင် စစ်ကောင်စီ လက်ရှိ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုပါ ထည့်သွင်းပြီး စုံစမ်းစစ်ဆေးပေးဖို့ ICC ကို တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။