ရုရှား-မြန်မာ အကြမ်းဖက်တိုက်ဖျက်ရေး ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေးကို ရည်ရွယ်နေ
2022.12.02

နေပြည်တော်ကို ရောက်ရှိနေတဲ့ ရုရှားနိုင်ငံ ဒုတိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီး Kim Alexey Rostislavovich နဲ့အဖွဲ့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၂၉ ရက်နေ့က လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စစ်တပ်တွေအကြား ကာကွယ်ရေးနဲ့ နည်းပညာကိစ္စတွေအပြင် ဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးကိုပါ ပူးတွဲလုပ်ဆောင် သွားမယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၉ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ မြန်မာဘက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စစ်တပ်ထိပ်တန်း အရာရှိကြီးတွေနဲ့ ရုရှားဘက်ကတော့ ဒုတိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီး Kim Alexey Rostislavovich၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနဲ့ ထိပ်တန်းစစ်ဘက်အရာရှိကြီးတွေ ပါဝင်ပါတယ်။
နောက်တစ်ရက် နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကို ပထမဆုံးအကြိမ် ခေါ်ယူခဲ့ပါတယ်။ ဒီကော်မတီကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ရုရှားဘက်က ဗိုလ်မှူးကြီး Kim Alexey Rostislavovich တို့က ပူးတွဲဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူထားတာပါ။
စစ်ကောင်စီဘက်ကပြောနေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ရည်ညွှန်းတာ ဖြစ်နိုင်တယ် လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ပြောပါတယ်။
"စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများကလည်း PDF တွေကို အကြမ်းဖက်သမားပဲ ပြောနေတော့ ဒီဟာတွေပေါ်မှာ ရည်ရွယ်ပုံရပါတယ်။ စစ်ကောင်စီက ပြောချင်တာ ကလည်း သူက PDF ကို ရည်ရွယ်ပုံရတယ်။ ရုရှားဘက်ကလည်း သူတို့တိုက်နေရတဲ့ စစ်ပွဲအတွက် အသုံးကျလိုကျညား ဒီစကားသုံးတာ။ တကယ်တော့ ကမ္ကာ့အကြမ်းဖက် ဝါဒကို တိုက်ကြတာ အစောပိုင်းက ရှိတာပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက ကိုယ်လိုရာဆွဲပြီး သုံးကြသလိုဖြစ်တာပေါ့။ အဲဒီတော့ အကြမ်းဖက်သမားလို့ သူတို့ပြောတာ ရေဘုယျ သိပ်ဆန်ပါတယ်။ အဓိက နာမည် အတိအကျ မပါတဲ့အတွက် ယေဘုယျဆန်ဆန်ပဲ သုံးသွားတယ်လို့ ထင်တယ်"
မကြာသေးခင်ကမှ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တက်ခွင့်မပေးဘဲ ဖယ်ထုတ်ထားတဲ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ကိုပါ အာဆီယံအဆင့်မြင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖယ်ကျဉ်ခံထားရတဲ့ စစ်ကောင်စီဟာ ကာကွယ်ရေးနဲ့ နိုင်ငံရေးကိစ္စ အပါအဝင် စီးပွားရေးနဲ့ ပညာရေးကိစ္စတွေမှာပါ ရုရှားကို ပိုနီးကပ်၊ ပိုအားကိုးလာတာလို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ မြန်မာပြည်မှာ အကြမ်းဖက်မှုကို လက်တွေ့ ကျူးလွန်နေတာက မြန်မာစစ်တပ်ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။
"ရုရှားနဲ့မြန်မာ စစ်တပ်နှစ်ခု ပူးပေါင်းပြီး အကြမ်းဖက်တိုက်ဖျက်ရေးလုပ်မယ်ဆိုတာ သူခိုးက လူပြန်ဟစ်တဲ့ ကိစ္စမျိုးဖြစ်သလို မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့စစ်တပ်ကို စည်းရုံးဖို့ သူ့မှာ ကျောထောက်နောက်ခံ ရုရှားရှိတယ်ဆိုတာကို ပြတဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာ တကယ်တမ်း အကြမ်းဖက်မှုတွေ ကျူးလွန်နေတာ စစ်ကောင်စီဖြစ်တယ်ဆိုတာရော၊ ယူကရိန်းမှာ အကြမ်းဖက် ကျူးကျော်စစ်ကို ဆင်နွှဲနေတာ ရုရှားနိုင်ငံဖြစ်တယ်ဆိုတာကိုရော ကမ္ကာသူ၊ ကမ္ကာသားအားလုံး သိရှိပြီးဖြစ်ပါတယ်"
ရုရှားစစ်တပ်ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်မျိုးစုံ ရောင်းချပြီး အကျိုးအမြတ်တွေ ရနေတယ်၊ လက်နက်ရောင်းချတဲ့ကိစ္စတွေ ပိုအရှိန်မြှင့်တင်ဖို့ နှစ်ဖက်စစ်တပ်အရာရှိတွေ မကြာခဏ တွေ့ဆုံနေကြတာလို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။
ရုရှား-မြန်မာအကြမ်းဖက်မှုတိုက်ဖျက်ရေး ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်ထပ်မံ သိရှိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါဘူး။
လက်ရှိမှာတော့ မြန်မာစစ်တပ်ဟာ ရုရှားဆီက ဝယ်ယူထားတဲ့ ဖျက်အားပြင်း Su-30 တိုက်လေယာဉ်တချို့နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်သစ်တွေ လက်ခံရရှိထားသလို မြန်မာပြည်ထဲမှာ ရုရှားအကူအညီနဲ့ အသေးစား နျူကလီးယားဓာတ်ပေါင်းဖို စက်ရုံတစ်ရုံ တည်ဆောက်ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။
ဒီကိစ္စကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက် ရုရှားနိုင်ငံ အရှေ့ဖျားစီးပွားရေးဖိုရမ် အစည်းအဝေး တက်ရောက်စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့က သဘောတူစာချုပ် ချုပ်ခဲ့တာပါ။

နိုဝင်ဘာ ၂၂ ရက်နေ့မှာတော့ ဒီကိစ္စကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ရုရှား-မြန်မာ ကျွမ်းကျင်သူတွေ ပူးပေါင်းလေ့လာကြဖို့ နားလည်မှုစာချွန်လွှာတစ်ရပ်ကို ရုရှားနိုင်ငံက အဏုမြူကော်ပိုရေးရှင်းနဲ့ စစ်ကောင်စီတို့ကြား လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခုလို လူသိရှင်ကြားထုတ်ပြောလာတဲ့ ရုရှား-မြန်မာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာစစ်တပ်ဟာ ရုရှားထံကနေ ထောက်လှမ်းရေးပညာရပ်နဲ့ နည်းပညာအကူအညီတွေ ရလာနိုင်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
"ရုရှားနဲ့လုပ်မယ်ဆိုတဲ့ဟာကတော့ ဒါကတော့ လူသိရှင်ကြား ထုတ်ပြောတယ်ဆိုတဲ့ ကဏ္ဍပေါ့နော်။ ဒီကဏ္ဍမှာတော့ လုပ်နိုင်တဲ့ဟာတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုရှားရဲ့ ထောက်လှမ်းရေး သတင်းရယူမှု၊ ထောက်လှမ်းမှု နည်းပညာတွေမှာလည်း ရုရှားက တော်တော် advance နိုင်ငံထဲမှာလည်းပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိလာနိုင်တယ်။ နောက်ပြီးတော့ နည်းပညာဆိုင်ရာပေါ့နော်၊ နည်းပညာဆိုင်ရာဆိုတာ Tracking တွေနဲ့ပတ်သက်ပြီး ဥပမာ မက်ဆေ့တွေ ပို့တဲ့ဟာတွေကို Tracking လုပ်တာတွေ၊ Radio frequency သုံးပြီးတော့ ဆက်သွယ်မှုတွေ၊ Tracking လုပ်တာတွေ၊ ဒါတွေလည်း အများကြီးလုပ်နိုင်တဲ့ capability တွေရှိပါတယ် ရုရှားမှာ။ အဲဒီတော့ ဒါတွေကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာနိုင်ပါတယ်"
စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုမှာတော့ လက်နက်ကြီးထုတ်လုပ်မှု၊ ပစ်မှတ်ကို တိတိကျကျ ညွှန်ပြပြီးသွားနိုင်တဲ့ လက်နက်ခဲယမ်းထုတ်လုပ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု စတဲ့နေရာတွေမှာ ရုရှားရဲ့နည်းပညာ အကူအညီတွေကို မြန်မာစစ်တပ်က အများကြီး ထပ်ရလာနိုင်တယ်လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ မြန်မာစစ်တပ်နဲ့ ရုရှားစစ်တပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေ အတွက် ကောင်းကျိုးမရှိဘဲ အကြမ်းဖက် သတ်ဖြတ်မှုတွေသာ ပိုဆိုးလာလိမ့်မယ်လို့ ပြောပါတယ်။
"သူတို့မှာ ပြည်သူတွေအပေါ် အကြမ်းဖက်မှု ပိုလုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့၊ တစ်ဖက်ကလည်း ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို အားပေးအားမြှောက်ပြုပြီးတော့ သူ့အနေနဲ့လည်း ကမ္ကာပေါ်မှာ အထီးမကျန်ဘဲနဲ့ သူ့ကိုထောက်ခံတဲ့လူတွေနဲ့ လိုက်တွေ့နေတယ်။ ဒါကတော့ သူတို့ရဲ့ နှစ်ဦးနှစ်ဖွဲ့ အကျိုးရှိဖို့အတွက် လုပ်တာ။ မြန်မာပြည်သူတွေတွက် တစ်ခုမှ အကျိုးမရှိဘူးဆိုတာ ရဲရဲဝံ့ဝံ့ကြီး ပြောနိုင်ပါတယ်။ မြန်မာပြည်သူတွေကို ပိုပြီးအကြမ်းဖက်ပြီး သတ်ဖြတ်ဖို့ အတွက် စစ်ကောင်စီဘက်က လုပ်ကိုင်နေတာဖြစ်တယ်ဆိုတာ ထောက်ပြပြီး ပြောကြားချင်ပါတယ်"
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ရုရှား-မြန်မာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ကမ္ကာ့ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်မယ်လို့ ပြောထားပါတယ်။
"သူတို့ရဲ့ နှစ်ဦးနှစ်ဖွဲ့ အကျိုးရှိဖို့အတွက် လုပ်တာ။ မြန်မာပြည်သူတွေတွက် တစ်ခုမှ အကျိုးမရှိဘူးဆိုတာ ရဲရဲဝံ့ဝံ့ကြီး ပြောနိုင်ပါတယ်"
အဲဒီလို ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဟာ အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ NUG နဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် မကြာခဏ ထုတ်ပြော နေပြီး နောင်ဖြစ်လာမယ့် ခုခံတိုက်ခိုက်မှုတွေကို ချေမှုန်းဖို့အတွက် ရုရှားစစ်တပ်နဲ့ နီးနီးကပ်ကပ် ပိုပူးပေါင်းလာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"NUG နဲ့ EAO တွေ နောက်ပြီးတော့ PDF တွေအားလုံးကို အကြမ်းဖက်မှု အင်အားတွေ လို့ သူတို့က ရည်ရွယ်ယူဆနေတာကိုး။ အဲဒီတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတာ နွေဦးတော်လှန်ရေး အင်အားစုတွေဘက်က ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေပေါ့ဗျာ၊ သူတို့စကားအရဆိုရင်ပေါ့။ အဲဒါတွေနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်ပြီး စည်းဝါးရိုက်ကြတယ်လို့ မြင်ပါတယ်။ ဒေသတွင်းဆိုတဲ့ စကားကတော့ နည်းနည်း ကျယ်ပြန့်ပါတယ်။ ဒေသတွင်းမှာ ပြဿနာဖြစ်နေတာ သူတို့ပါပဲ။ အာဆီယံထဲမှာလည်း ဒီတစ်ဖွဲ့တည်းပါပဲ ဒီတစ်တိုင်းပြည်တည်းပါပဲ။ ကျန်တဲ့အင်အားစုတွေ မပါဝင်ပါဘူး။ ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးဆိုတော့ ကြီးကျယ်အောင် ချဲ့ပြီးပြောလိုက်တယ်လို့ ထင်ပါတယ်ခင်ဗျ"
အာဏာသိမ်းပြီးနောက် ရုရှား-မြန်မာ နှစ်နိုင်ငံ ကူးလူးဆက်ဆံမှုတွေဟာ အရင်ကထက် သိသိသာသာ ပိုများလာခဲ့ပြီး စစ်ကောင်စီဟာ သံတမန်ရေးရာ အထောက်အပံ့နဲ့ နျူကလီယားအပါအဝင် စစ်လက်နက်အကူအညီတွေရရှိဖို့ ရုရှားကို အရင်ကထက် ပိုချဉ်းကပ်လာတာ တွေ့ရတယ်လို့ နိုင်ငံရေး စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
အာဏာသိမ်းကာလ နှစ်နှစ်မပြည့်ခင်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရုရှားကို နှစ်ကြိမ်တိတိ သွားရောက်ခဲ့ပြီး နျူးကလီးယားကိစ္စ သဘောတူလက်မှတ် ရေးထိုးမယ့် ဒုတိယအကြိမ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင် လက်ခံတွေ့ဆုံ ခဲ့ပါတယ်။
ရုရှားဘက်ကလည်း မြန်မာအပေါ် အာဆီယံရဲ့ ဖိအားတွေမြင့်တက်နေချိန်မှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကိုယ်တိုင် နေပြည်တော်ကိုရောက်လာပြီး အာဏာသိမ်းစစ်တပ်နဲ့အတူ ရှိနေကြောင်း အာဆီယံနဲ့ အနောက်နိုင်ငံတွေကို ပြသခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးနဲ့ စစ်ရေးကိစ္စတွေအပြင် စီးပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ စတဲ့ ကဏ္ဍပေါင်းစုံမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရပါတယ်။