ရုရှား - မြန်မာ ဆက်ဆံရေး စစ်လက်နက်အကူအညီရဖို့ အဓိကဖြစ်ကြောင်း လေ့လာသူတွေ သုံးသပ်

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်ဟာ ဒီကနေ့ ဩဂုတ်လ ၃ ရက် မနက်ပိုင်း မှာ မြန်မာနိုင်ငံကို အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိလာပါတယ်။
မစ္စတာ ဆာဂေး လာဗရော့ဗ် ရောက်ရှိလာချိန်မှာ စစ်ကောင်စီဘက်က နေပြည်တော် ကောင်းကင်ယံထက် ရဟတ်ယာဉ်တွေ ဝဲပျံခဲ့တာ၊ လေဆိပ်နဲ့ လမ်းတစ်လျှောက်ကို လုံခြုံရေးအပြည့်ချတာနဲ့ လမ်းတချို့ပိတ်ဆို့တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ သြဂုတ်လ ၃ ရက် ဒီကနေ့ မနက်မှာပဲ စစ်ကောင်စီနိုင်ငံ ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အရင်ဆုံးတွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းမှာ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးမှု အသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားက ပြန်လာပြီး နှစ်ပတ်အကြာမှာ ဖြစ်ပေါ်လာတာပါ။
မြန်မာနိုင်ငံအတွက်တော့ ဒီခရီးစဉ်ဟာ ရုရှားထံက စစ်လက်နက်ပစ္စည်းရရှိရေးက အဓိက ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
“ရုရှားနဲ့ အသွားအပြန် ကူးလူးဆက်ဆံမှုတွေ စိပ်လာတာ၊ နိုင်ငံခြားရေးဝန်ကြီး ရောက်လာတာတွေက ရုရှားနဲ့ မြန်မာနိုင်ငံအကြားမှာ စီးပွားရေးအရ တိုးချဲ့ပြီးတော့ ဆက်ဆံဖို့နဲ့ စစ်ရေးအရအကူအညီပေါ့၊ အထူးသဖြင့်တော့ စစ်လက်နက်ပစ္စည်းတွေ ရဖို့ပါပဲ”
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအပြင် စီးပွားရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်တယ်လို့ ခရီးစဉ်မတိုင်ခင် သြဂုတ် ၂ ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ရုရှား အကြား အပြန်အလှန်ဆက်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုး၊ ပိုစိပ်လာပြီး ယခင်ကာလတွေထက် ပိုနီးကပ်တဲ့ ဆက်ဆံရေးရှိလာတယ်လို့ သံတမန်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ အမေရိကန်ပါအဝင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် အထီးကျန်လာမှုနဲ့ ပိုဆိုးလာတဲ့ တိုင်းပြည်စီးပွားရေးကို ကုစားဖို့အတွက် ရုရှားကို ပိုအားကိုး လာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းက အတော်ကို ဆိုးရွားပြင်းထန်နေပါပြီ။ မကြာခင်ဆိုရင် ကျနော်တို့ ခန့်မှန်းကြည့်တာ သီရိလင်္ကာနိုင်ငံ ကြုံတွေ့ရတဲ့ ကံကြမ္မာ မျိုး ကျနော်တို့ တိုင်းပြည်ကြုံတွေ့လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က တိုတယ်လ် အပါအဝင် နိုင်ငံတကာ ရေနံကုမ္ပဏီတွေ ဆုတ်ခွာနေတဲ့ အနေအထား ရှိတယ်။ အဲ့ဒီလိုအနေအထားမှာ ဗမာပြည်ကို စီးပွားရေးအရ လက်တွေ့အားဖြင့် ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ဆိုင်ရာ အကျပ်အတည်းတွေ့လာရင် ရုရှားက အကူအညီပေးနိုင် အောင် သူတို့အနေနဲ့ ရုရှားကို ဖက်တွယ်ထားနေတယ်လို့ ကျနော်တို့ ယူဆပါတယ် ခင်ဗျာ”
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရုရှားနိုင်ငံမှာပြုလုပ်တဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေး ဖိုရမ်ကို စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး သွားတက်ခဲ့ပြီး ရေနံထွက်ပစ္စည်းထုတ်လုပ်ရေး၊ တင်သွင်း ရောင်းချရေးနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
"ရုရှားကို မဟာဗျူဟာမိတ်ဖက်အဖြစ် ထားခဲ့တာပါပဲ"
ရုရှားဈေးကွက်အတွင်း မြန်မာထွက်ကုန်တွေ မဟာဗျူဟာကျကျ ထိုးဖောက်ဝင်ရောက်ဖို့ နည်းလမ်းရှာဖွေနေသလို ဒီဘတ်ဂျက်နှစ်မှာ ရုရှားနဲ့ မြန်မာ ကုန်သွယ်မှုကို အမေရိကန် ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်မယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက် အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ ရုရှား-မြန်မာ ကုန်သွယ် မှု တိုးမြှင့်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ကာကွယ်ရေးကဏ္ဍအတွက် အတိတ်မှာ အိမ်နီးချင်း တရုတ်အပေါ် မှီခိုခဲ့တာကို လျှော့ချနိုင်ဖို့ ရုရှားကို မဟာဗျူဟာကျတဲ့ မိတ်ဖက်အဖြစ် ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံလာတာလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ ထားတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သုံးသပ် ပါတယ်။
“ကမ္ဘာ့နိုင်ငံရေးလောကမှာ အမြဲတမ်း မိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာမရှိဘူး။ အမြဲတမ်းအကျိုးစီးပွားပဲရှိတဲ့အတွက်ကြောင့် ရန်သူ၊ မိတ်ဆွေဆိုတာ ကမ္ဘာ့နိုင်ငံရေး လောကမှာ အမြဲတမ်းအပြောင်းအလဲ ရှိနိုင်တယ်။ တစ်နိုင်ငံတည်းပေါ်မှာ မှီခိုထားတဲ့ အတွက်ကြောင့် အဲ့ဒီအပေါ်မှာ အားနည်းချက်ရှိသွားနိုင်တယ်။ အဲ့ဒီအတွက် ကိုယ့်အ တွက် အားကိုးရမယ့် မိတ်ဖက်၊ ကိုယ်နဲ့ တကယ်ကို ရင်းရင်းနှီးနှီးဆက်ဆံရမယ့် အခြားမဟာဗျူဟာ မိတ်ဖက် ရှာရတယ်ဆိုတာ ထုံးစံပဲ၊ အဲ့ဒီအတွက် အဓိက ဦးတည် ပြီး ရုရှားကို မဟာဗျူဟာမိတ်ဖက်အဖြစ် ထားခဲ့တာပါပဲ"
စစ်လက်နက် နည်းပညာတွေနဲ့ ပတ်သက်ရင်လည်း လက်ရှိစစ်ခေါင်းဆောင်တွေဟာ တရုတ်ထက် ရုရှားကို ပိုအထင်ကြီးတယ်လို့လည်း အကဲခတ်တွေက မှတ်ချက်ပေးပါတယ်။
အာဏာသိမ်းပြီး လေးလအကြာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ရုရှားနိုင်ငံကို သွားရောက်ခဲ့ချိန်တုန်းက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားရဲ့ ကျေးဇူးကြောင့် မြန်မာစစ်တပ်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး စစ်တပ် တစ်ခု ဖြစ်လာတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ စီးဝင်နေမှုအပေါ် တားဆီးရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ချမှတ်ခဲ့ပေမယ့် ရုရှားနိုင်ငံကတော့ ကြားနေမဲသာ ပေးခဲ့တာပါ။
ရုရှားအတွက်လည်း အရှေ့အာရှဘက်မှာ စီးပွားရေးအင်ပါယာ ချဲ့ထွင်မယ်ဆိုရင် မြန်မာ နိုင်ငံဟာ သူ့အတွက် အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ အခုလက်ရှိ မြန်မာပြည်ခရီးစဉ်ပြီးတာနဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကိုသွားရောက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံပါ ပါဝင်မယ့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာပါ။
မြန်မာစစ်ကောင်စီကတော့ လက်ရှိမြန်မာပြည်က ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ အာဆီယံဘုံသဘောတူညီ ငါးချက်ကို လက်တွေ့အကောင်အထည် မဖော်တာကြောင့် အဲဒီအစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။