တနင်္သာရီဒေသက အမျိုးသမီးငယ်တွေ ဦးဆောင်တဲ့ နှင်းဆီရောင်သပိတ်

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းပြီးရင် အာဏာရှင်ဆန့်ကျင်ရေး အားအကောင်းဆုံး ဒေသ တစ်ခု ဖြစ်တဲ့ တနင်္သာရီတိုင်းက ထားဝယ်ခရိုင်မှာ ဆယ်ကျော်သက်ကနေ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တွေ ဦးဆောင်ပြီး နှင်းဆီရောင် အမျိုးသမီးသပိတ်လှုပ်ရှားမှု ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ၂၈ ရက်နေ့က စတင်လို့ နေ့စဉ်နီးပါး လုပ်ဆောင်နေတာ အခုဆိုရင် တစ်နှစ်ကျော်လာပါပြီ။
၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့က ထားဝယ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းချိန်ကစလို့ ထားဝယ်ခရိုင် လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ၊ ထားဝယ် စတဲ့ လေးမြို့နယ်က အမျိုးသမီးတွေ စုပေါင်းပြီး နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂကို အရင်ဆုံး ဖွဲ့စည်းခဲ့တာပါ။ အဲဒီနောက်မှာ မြေပြင်သပိတ်လှုပ်ရှားမှုတွေကို ဩဂုတ်လထဲမှာ စတင်လှုပ်ရှားခဲ့တာလို့ အဖွဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။
အမျိုးသမီးငယ်တွေဟာ အာဏာသိမ်းမှုကို လက်မခံနိုင်တာကြောင့် မိဘတွေ တားမြစ် နေတဲ့ ကြားကပဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အခုလို မကြောက်မရွံ့ ပါဝင် နေတာလို့ နှင်းဆီရောင် အမျိုးသမီးသပိတ်လှုပ်ရှားမှု အဖွဲ့ဝင် မရိုစီက ပြောပါတယ်။
"ပထမဆုံးကတော့ ကျမတို့ရဲ့ အိမ်ကမိဘတွေနဲ့ စပြီးတော့ တိုက်ပွဲဝင်ရတာ ဖြစ်ပါတယ်။ မိဘတွေက ထင်ကြတယ်ပေါ့နော်၊ အမျိုးသမီးတွေဆိုတာ အိမ်မှာပဲ နေရမယ်၊ ဒီကိစ္စတွေနဲ့ မပတ်သက်ရဘူး၊ ဘာညာပေါ့နော်။ ဆိုတော့ ကျမတို့ မိန်းကလေးတွေက တစ်ခုခုလုပ်ဖို့ဆိုရင် ခိုးပြီးလုပ်ရတာတွေ ရှိကြတယ်။ အိမ်နဲ့ ပြဿနာတွေ အများကြီးဖြစ်ပြီးမှ ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့ကြရတယ်။ ဒီ စစ်အာဏာရှင် ဖြုတ်ချရေးမှာ လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်းနဲ့ မပြီးဘူး။ အဲဒီလိုပဲ အကြမ်းမဖက် လူထုလှုပ်ရှားမှု တစ်ခုနဲ့လည်း မပြီးဘူးပေါ့နော်။ ဒီလက်နက် ကိုင် တော်လှန်ရေးရော၊ အကြမ်းမဖက် လူထုလှုပ်ရှားမှုရော၊ နှစ်ခုစလုံး ဟန်ချက်ညီညီ နဲ့ ချိတ်ဆက်ပြီးသွားနိုင်မှ ကျမတို့က စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မှာပဲ ဖြစ်ပါတယ်"
ဆန္ဒပြတဲ့ နေရာမှာလည်း နေရာရွေးချယ်ရတာတွေ၊ အခြားဆန္ဒပြတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ညှိနှိုင်းရတာတွေ စတဲ့ အခက်အခဲတွေရှိပေမယ့် အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း အမျိုးသမီးအခွင့်အရေးနဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့အတွက် အခုလို လှုပ်ရှားနေတာလို့လည်း သူက ဆက်ပြောပါတယ်။
သူတို့ရဲ့ နှင်းဆီရောင် အမျိုးသမီးသပိတ် ဆန္ဒပြရာလမ်းတစ်လျှောက်မှာ ပြည်သူတွေ ကလည်း နှင်းဆီပန်းတွေကိုင်ပြီး ဂုဏ်ပြုအားပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ နှင်းဆီရောင် အမျိုးသမီးသပိတ်လှုပ်ရှားမှုအဖွဲ့ဝင် အမျိုးသမီးငယ် တစ်ဦးကလည်း အဖမ်းခံရမှာထက် အနာဂတ်ပျောက်မှာကြောက်လို့ အခုလို အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်တာလို့ RFA ကို ပြောပါတယ်။
"စစ်သားတွေအနေနဲ့ သပိတ်တွေကို ဖြိုခွဲနေတဲ့ ကြားကနေ ညီမလုပ်ရတာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်လို့ပါ။ ညီမတို့ မတရားတာကို ဒီအတိုင်းလက်ပိုက် ကြည့်မနေနိုင်လို့ အဲဒီစိတ်ကနေ ညီမတို့ သပိတ်မှာ ပါဝင်ခဲ့တာပါ။ ညီမပါဝင်ဖြစ်တာ မှာတော့ ကြောက်ရွံ့မှုက မရှိပါဘူး။ ဒါပေမဲ့ ဒီကြောက်ရွံ့မှုတွေထက် ညီမတို့ အနာဂတ် ပျောက်မှာ ပိုကြောက်လို့လည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ဖြစ်ခဲ့တာပါရှင့်"
အကြမ်းမဖက်လှုပ်ရှားမှုဟာ အာဏာရှင် ဆန့်ကျင်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် သပိတ်စတင်တဲ့ အချိန်ကနေ အခုချိန်အထိ ပါဝင်နေတာလို့ သူက ဆက်ပြောပါတယ်။
"ညီမတို့ အနာဂတ်ပျောက်မှာ ပိုကြောက်လို့လည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ဖြစ်ခဲ့တာပါရှင့်"
အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အရေးကြီးပြီး ဒီလို အမျိုးသမီးတွေက ဦးဆောင်လှုပ်ရှားနေတဲ့အပေါ် ပူးပေါင်းဝန်းရံသွားမယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
"ကျနော်တို့ တော်လှန်ရေးဟာ လူတန်းစား တိုက်ပွဲဖြစ်တယ်။ လူတန်းစားအားလုံး ပါဝင်ပြီးတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်မှ ရမယ်ဆိုတဲ့ဟာမျိုး ကျနော်တို့ မှာ စဉ်းစားချက်တွေ ရှိခဲ့တယ်။ ကျနော်တို့ နိုင်ငံမှာက အမျိုးသမီးတွေဟာ အမျိုးသား တွေရဲ့ ထက်ဝက်ကျော် ရှိတယ်ဗျာ။ ဆိုတဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဟာ ဒီတော်လှန်ရေးမှာ အရေးကြီးတယ်။ အဲဒီအမျိုးသမီးထုကို ဦးဆောင်ဖို့က အမျိုးသမီးတွေက ဦးဆောင်ရင် ပိုထိရောက်မယ်လို့ ကျနော်တို့က ယူဆတယ်။ အမျိုးသမီးတွေ လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတာတွေကို ဦးဆောင်မှုပေးနိုင်ဖို့ အတွက် နှင်းဆီရောင်အမျိုးသမီးသမဂ္ဂဆိုတာ ဖွဲ့စည်းပြီးတော့ လှုပ်ရှားနေတဲ့ အပေါ်မှာ ကျနော်တို့အနေနဲ့ ကြိုဆိုသလို ကျနော်တို့အနေနဲ့ ပူးပေါင်းဝန်းရံတာမျိုးတွေ တောက်လျှောက်လုပ်သွားမှာ ဖြစ်တယ်"
ပြီးခဲ့တဲ့ အရပ်သားအစိုးရ နှစ်ဆက် လက်ထက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အတော်အသင့် မြင့်တက်ခဲ့ပြိး အမျိုးသမီးအခွင့်အရေးလည်း ထိုက်သင့်သလောက် ရခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီး နောက်မှာတော့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ လွတ်လပ်မှုတွေဟာ ဖိနှိပ်ချုပ်ချယ်ခံနေရတယ်လို့လည်း သူက ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ အမျိုးသမီးတွေဟာ ဆန္ဒပြသပိတ်တွေသာမကဘဲ လက်နက်ကိုတော်လှန်ရေး ရှေ့တန်းစာမျက်နှာတွေနဲ့ နောက်တန်း စာမျက်နှာ ထောက်ပို့ အဖွဲ့တွေမှာပါ ဦးဆောင်ဦးရွက်ပြုနေတဲ့ အမျိုးသမီးအားလုံးကို လေးစားဂုဏ်ယူတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။
"နှင်းဆီရောင် အမျိုးသမီးလှုပ်ရှားမှု သပိတ်လှုပ်ရှားမှု စတင်ခဲ့တာ တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။ အဲဒီလှုပ်ရှာမှုကြီးတစ်ခုလုံးအတွက်ရော အဲဒီလှုပ်ရှားမှုထဲမှာ ပါဝင်နေကြ တဲ့ အမျိုးသမီးရဲဘော်တွေ အားလုံးအတွက်ရော ဂုဏ်ယူဝမ်းသာပါတယ်၊ ဂုဏ်ယူ ဝမ်းမြောက်ပါတယ်ဆိုတဲ့အကြောင်းကို အရင်ဦးဆုံး သတင်းစကား ပါးပါရစေ။ ကျမတို့တွေက အာဏာရှင်စနစ်ကို တိုက်တဲ့နေရာမှာ ကျမတို့ရဲ့ အမျိုးသမီးတွေက အာဏာရှင်စနစ်တင်သာမကဘူး၊ လူ့အဖွဲ့အစည်းအသီးသီးမှာ ချမှတ်ထားတဲ့ ရှေးရိုးစွဲ အယူဝါဒတွေရော၊ အမြင်ကျဉ်းမြောင်းမှုတွေရောပါ တစ်ပါတည်း တိုက်ထုတ်နေကြတာ၊ ဒီလှုပ်ရှားမှုကြီး တစ်ရပ်လုံးကို ဦးဆောင်ဦးရွက်ပြုနေတဲ့ အမျိုးသမီး ရဲဘော်တွေ အားလုံးကို ဂုဏ်ယူလေးစားပါတယ်ဆိုတဲ့အကြောင်းကို ကျမ ဒီနေရာကနေ သတင်းစကား ပါးပါရစေ"
လက်ရှိ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေဟာ နိုင်ငံရဲ့လိုအပ်ချက်၊ ခေတ်စနစ်ရဲ့ လိုအပ်ချက်တွေကို မီးမောင်းထိုးပြနေတာလို့လည်း ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။
နှင်းဆီရောင် အမျိုးသမီးသပိတ်လှုပ်ရှားမှုအဖွဲ့ဝင်တွေ အခုချိန်ထိ အဖမ်းမခံရအောင် ရှောင်တိမ်းနိုင်ပေမယ့် ထားဝယ်ခရိုင်မှာ သူတို့နဲ့ဘဝတူ နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီး ၄၂ ဦး အဖမ်းခံထားရတယ်လို့လည်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor အဖွဲ့ရဲ့ စက်တင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်းမှုတွေနဲ့ အပြန်အလှန်စွပ်စွဲ သတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်း တစ်နှစ်ခွဲကျော်အတွင်း အရပ်သား ၂၂၄ ဦး သေဆုံးခဲ့ပါတယ်။