နေရပ်ပြန်ရေး စစ်ကောင်စီနဲ့ ရိုဟင်ဂျာတွေ ဆွေးနွေးမှုမပြေလည်
2023.05.25

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၂၅ ရက်နေ့က ကော့ဘဇားက ဒုက္ခသည်စခန်းအမှတ် ၂၆ ကို ရောက်လာခဲ့ပြီး နေရပ်ပြန်ဖို့ သဘောတူထားတဲ့ ဒုက္ခသည်တွေထဲက ၃၀၀ နီးပါးကို သုံးနာရီခန့် ထပ်မံတွေ့ဆုံခဲ့တယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုအောင်မြိုင်က စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့က ဒုက္ခသည်တွေရဲ့ဆန္ဒကို လက်မခံဘဲ သူတို့ရဲ့ တစ်ဖက်သတ် အစီအစဉ်တွေကိုသာ ရှင်းပြနေတာလို့ ပြောပါတယ်။
“ ပြန်မယ့်အချိန်ကို သူတို့ဘာသူတို့ သတ်မှတ်လို့မရဘူး။ ဒုက္ခသည်တွေသဘောတူမှသာ ပြန်မယ့်အချိန်ကို သတ်မှတ်လို့ရမှာ။ အခုက သူတို့စီစဉ်ထားတဲ့ဟာတွေကို သူတို့က လာပြီးပြောပြနေတယ်။ ကျွန်တော်တို့ရဲ့အိမ်ခြံမြေကို မပေးဘူးဆိုရင်ဘယ်လိုလို့ ပြန်လို့ရမှာတုန်း၊ အဲ့လိုမျိုး သူတို့က မေးခွန်းထုတ်တယ်။”
ပြန်လည်လက်ခံရေးအစီအစဉ်ကို မူလက ဧပြီလမှာ စတင်မယ်လို့ သတ်မှတ်ခဲ့ပြီးနောက် ညှိနှိုင်းမှုတွေ အဆင်မပြေလို့ နောက်ဆုတ်လာခဲ့တာဖြစ်ပါတယ်။ အခုထပ်မံညှိနှိုင်းရာမှာလည်း မပြေလည်သေးဘူးလို့ ဒုက္ခသည်တွေကပြောပါတယ်။
စစ်ကောင်စီဘက်က နေရပ်ပြန်လာသူတွေကို တောင်ပြိုလက်ဝဲ ၊ငါးခူရစခန်းတွေမှာ စိစစ်သွားမှာဖြစ်ပြီး လှဖိုးခေါင်ကြားစခန်းမှာ ယာယီထားမှာဖြစ်ကြောင်းနဲ့ အဲ့ဒီနောက်မှာတော့ မောင်တောမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာ ၁၅ ရွာမှာ မြေကွက် ၇၅၀ စီစဉ်ထားကြောင်း အရင်အစီအစဉ်တွေကိုသာ ထပ်ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကတော့ နိုင်ငံသားကတ်နဲ့နိုင်ငံသားအခွင့်အရေးရဖို့၊ မူလနေအိမ်နဲ့ ဆုံးရှုံးခဲ့တဲ့ ပစ္စည်းဥစ္စာတွေ ပြန်ပေးဖို့၊ လွတ်လပ်စွာသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းအခွင့်အရေးတွေရဖို့နဲ့ လုံခြုံရေးအာမခံချက်ပေးဖို့ တောင်းဆိုနေပါတယ်။
ဒုက္ခသည်တွေရဲ့တင်ပြချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က တိကျတဲ့အဖြေမပေးနိုင်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြောပါတယ်။
“တင်ပြခဲ့တဲ့အချိန်မှာ သူတို့ကို အထက်ကနေပြောတဲ့အတိုင်းပဲ သူတို့မှာရှင်းပြပိုင်ခွင့်ရှိတယ်။ ပြီးတော့ ဒါတွေအတွက်သူတို့မှာ ပြောပိုင်ခွင့်မရှိဘူးဆိုပြီးတော့ သူတို့က ပြန်ပြီးပြောပြတယ်။”
စစ်ကောင်စီဘက်က ဒုက္ခသည်တွေကို နိုင်ငံသားစိစစ်ခံရမယ့်သူတွေကို ထုတ်ပေးတဲ့ သက်သေခံကတ်ပြား NVC ထုတ်ပေးမှာဖြစ်ပြီး နေရာပြန်ချထားမယ့် မောင်တောမြို့နယ်မှာ ဆေးခန်း၊ စာသင်ကျောင်းတွေ ဆောက်ထားကြောင်းနဲ့ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်နိုင်ကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။
ဒုက္ခသည်တွေကတော့ နိုင်ငံသားစိစစ်ခံမယ့်သူတွေကို ထုတ်ပေးတဲ့ သက်သေခံကတ်ပြား NVC မဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား NRC ပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။
ဒါ့အပြင် မုန်တိုင်းသင့် စစ်တွေဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ ကယ်ဆယ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေက မေးမြန်းတဲ့အခါမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က မေးမြန်းခွင့်မပေးခဲ့ဘူးလို့ ကိုအောင်မြိုင်က ဆက်ပြောပါတယ်။
“စစ်တွေ IDP စခန်းမှာတောင် သူတို့ရဲ့ဘေးကင်းလုံခြုံမှုကော၊ နိုင်ငံသားအခွင့်အရေးကော၊ ပြန်လည်နေရာ ချထားရေးကော၊ ဒါတွေဘာတစ်ခုမှ စီစဉ်ဆောင်ရွက်မှုမရှိလို့ အဲ့ဒီလူတွေက အခုမိုခါမုန်တိုင်းကြောင့် အခုသေဆုံးနေပြီ။ သူတို့ကိုတောင် ကယ်ဆယ်ရေးလုပ်ဖို့တောင် အကန့်အသတ်လုပ်နေပြီ။ ဒါဆို ကျွန်တော်တို့အတွက် ဘယ်လိုအာမခံချက်ရှိမှာတုန်းလို့ မေးခွန်းထုတ်လိုက်တာနဲ့ အဲ့ဒီလူတွေကို ထိုင်ပါ စကားပြောခွင့်မရှိဘူးဆိုပြီး ထိုင်ခိုင်းလိုက်တယ်။ ဒီကိစ္စမပြောနဲ့ စစ်တွေကိစ္စမပြောနဲ့ ကိုယ့်ကိစ္စကိုယ် ပြောဆိုပြီးတော့ သူတို့ကပြန်ပြီးတော့ပြောတယ်။”
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့လာရောက်ချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့ အနီးအနားကို ခွင့်ပြုချက်မရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကပ်ခွင့်မရအောင် လုံခြုံရေးတင်းကြပ်ထားခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ ဒီတစ်ခေါက် ခရီးစဉ်မှာလည်း ဘာမှထူးခြားတဲ့ အပြောင်းအလဲတွေ ယူလာတာမရှိဘူးလို့ ဘာလုခါလီဒုက္ခသည်စခန်းက လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
“ဘာမှထူးခြားမှုကတော့ ပြောင်းလဲလာတာမတွေ့ခဲ့ရဘူး။ မူလရှိခဲ့တဲ့ မွေးရာပါနိုင်ငံသားအခွင့်အရေး တန်းတူမရရှိဘဲနဲ့ ကျွန်တော်တို့ရဲ့မူလကျေးရွာမှာပြန်လည်နေထိုင်ခွင့်မရရှိဘဲနဲ့ ကျွန်တော်တို့မှာ အရင်ရှိခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်မရရှိဘဲနဲ့ ဒုက္ခသည်ပုံစံကို ပြန်လည်ခေါ်ယူမယ့်အပေါ်မှာ အင်မတန်မှ စိုးရိမ်ပါတယ်။”
ဒုက္ခသည်တွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း၊ ရခိုင်ပြည်နယ် ပြောခွင့်ရပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုရှိခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အမှုအတွက် စစ်ကောင်စီက ထုချေလွှာ တင်သွင်းရဖို့ရှိနေပြီး ထုချေလွှာတင်သွင်းမယ့်ရက်ကို နိုင်ငံတကာတရားရုံး ICJ က နောက်ထပ်သုံးလ ရွှေ့ဆိုင်းပေးထားတဲ့အတွက် လာမယ့် ဩဂုတ်လ ၂၄ ရက်နေ့မှာ တင်သွင်းရဖို့ ရှိနေပါတယ်။
နိုင်ငံတကာဖိအားတွေလျော့ဖို့ စစ်ကောင်စီက ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးအစီအစဉ်ကို လုပ်ဆောင်နေတာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ အခြေအနေကောင်းတွေမရှိလို့ ဒီကာလမှာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို မလုပ်ဆောင်သင့်ဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မေလ ၁၈ ရက်နေ့ က ကြေညာချက်ထုတ်ပြန်ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာတို့ကလည်း စစ်ကောင်စီရဲ့ဒီလက်ခံရေးအစီအစဉ်ဟာ ဟန်ပြဖြစ်ပြီး လက်ရှိအချိန်မှာ လုံခြုံစိတ်ချရမှုမရှိလို့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးက မဖြစ်နိုင်သေးဘူးလို့ RFA ကို ဒီရက်ပိုင်းမှာ ပြောထားပါတယ်။