နေရပ်ပြန်မယ့် ရိုဟင်ဂျာဒုက္ခသည်တချို့နဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ လိုက်လံတွေ့ဆုံ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.15
နေရပ်ပြန်မယ့် ရိုဟင်ဂျာဒုက္ခသည်တချို့နဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ လိုက်လံတွေ့ဆုံ ၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစုတစ်စု။
AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့ကို မတ်လ ၁၅ ရက်နေ့ကစပြီး တစ်ပတ်ကြာသွားရောက်နေပါတယ်။

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ မရှိဘဲ နိုင်ငံတကာရဲ့ထောက်ခံမှုရဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေကို ဟန်ပြလာတွေ့တာလို့ ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

“ဒီခြောက်နှစ်ကာလမှာ လူတစ်ထောင်ကျော်ပဲ လာပြီးတော့ လက်တွေ့စိစစ်နေတယ်။ ပြန်ခေါ်မယ် ဆိုပြီးပြောနေတာက ဒါကတော့ ရိုးသားတဲ့ စိတ်ဓာတ်နဲ့ လုပ်နေတာမဟုတ်ပါဘူး။”

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ကိုရောက်နေပြီး NLD အစိုးရလက်ထက်ကတည်းက မြန်မာပြည်ပြန်ဖို့ စာရင်းပေးထားတဲ့ ဒုက္ခသည် တစ်ထောင်ကျော်နဲ့ပတ်သက်လို့ စိစစ်နေတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ ရိုဟင်ဂျာမိသားစု ၂၉ စုက လူဦးရေ ၁ဝဝ နီးပါးကို ရခိုင်ပြည်နယ်မှာနေထိုင်နေတဲ့နေရာနဲ့ အမှန်တကယ်နေခဲ့တာ ဟုတ်မဟုတ်သိနိုင်ဖို့ အဲ့ဒီရွာအနီးမှာရှိတဲ့အရာတွေ မေးမြန်းခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်လာချိန်မှာ သားသမီးဘယ်နှစ်ဦးရှိသလဲဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိချိန်မှာ နောက်ထပ်သားသမီးဘယ်နှဦး ထပ်မွေးသလဲဆိုတဲ့ အချက်အလက်တွေကို မေးမြန်းခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကော့ဇ်ဘဇားခရိုင်၊ ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ ကိုအောင်မြိုင်က စစ်ကောင်စီရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဟာ နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုသာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီခြောက်နှစ်ကာလမှာ လူတစ်ထောင်ကျော်ပဲ လာပြီးတော့ လက်တွေ့စိစစ်နေတယ်။ ပြန်ခေါ်မယ် ဆိုပြီးပြောနေတာက ဒါကတော့ ရိုးသားတဲ့ စိတ်ဓာတ်နဲ့ လုပ်နေတာမဟုတ်ပါဘူး။ စိစစ်မယ်ဆိုရင် ဒီမှာလူကိုးသိန်းရှိတယ်။ အကုန်လုံးကို စိစစ်ပေါ့ အရင်ဆုံး။ သူတို့ ငါးရက်နေမယ်။ ခြောက်ရက်နေမယ်။ သူတို့က နိုင်ငံတကာထောက်ခံမှုရအောင် ဟန်ပြလုပ်နေတာ၊ နိုင်ငံရေးအမြတ်ထုတ်နေတာပဲ။”

အမှန်တကယ်ဒုက္ခသည်တွေ နေရပ်ပြန်စေလိုတယ်ဆိုရင် မူလနေရပ်တွေမှာ နေအိမ်၊ ကျောင်း၊ လမ်း၊ စျေး အစရှိတဲ့ မြို့ပြအင်္ဂါရပ်တွေနဲ့အညီ လိုအပ်တဲ့ အဆောက်အဦတွေကို ဆောက်လုပ်ပြီးစီးပြီး ဖြစ်ရမယ်လို့ ရိုဟင်ဂျာအရေးလုပ်ဆောင်သူတွေက ထောက်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြန်လာမယ့် ဒုက္ခသည်တွေအတွက် ကြားစခန်းတွေဖြစ်တဲ့ ငါးခူရနဲ့ လှဖိုးခေါင်ပြန်လည်လက်ခံရေး စခန်းနှစ်ခုကို ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“ဘယ်လိုပုံစံမျိုးနဲ့ မူရင်းနေရာကို ပြန်သွားကြမလဲဆိုတာ အပြန်အလှန် ဆွေးနွေးခဲ့တာမရှိဘူး။ သူတို့ကိုခေါ်ပြီး မင်းတို့ဘယ်ရွာကလည်း ရခိုင်ဘယ်မှာနေခဲ့လဲ စသဖြင့်မေးခွန်းနှစ်ခုသုံးခုမေးပြီး လက်ဗွေနှိပ်ခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ ဒုက္ခသည်တွေကပြောပြတယ်”

ဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ပြီးဒုက္ခသည်စခန်းမှာ ထပ်နေထိုင်ဖို့ စိတ်ဆန္ဒမရှိဘဲ မူလနေရပ်ကို ပြန်ဖို့ကိုသာ တစိုက်မတ်မတ် တောင်းဆိုနေကြတာပါ။

၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့က ဒုက္ခသည်စခန်းကို ရောက်ရှိနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးတင်မောင်ဝင်းက နိုင်ငံသားဖြစ်ခွင့်နဲ့ မူလနေရပ်ပြန်ခွင့်မရရင် ပြန်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေ အပြည့်အဝမရရင် ဘယ်ရိုဟင်ဂျာမှ ပြန်မှာမဟုတ်ပါဘူး။ အလိုဆန္ဒတွေ ဘာရှိလဲ အဲ့ဒါတွေ ဘယ်တော့မှ မေးတာမရှိပါဘူးခင်ဗျ။ မိမိကျေးရွာနဲ့ နေရပ်တွေမှာ ပြန်လည်နေထိုင်ခွင့်ချထားပေးဖို့ လိုတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ နိုင်ငံသားအခွင့်အရေးကို ရဖို့လိုတယ်။ အဲ့ဒါနှစ်ရပ်ကိုရသွားရင် ကျွန်တော်တို့ ပြန်ဖို့ အဆင်သင့်ပါပဲခင်ဗျ။”

Rohingya-repatriation (1).jpg
၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံရန် စစ်ကောင်စီ ရခိုင်ပြည်နယ်ဝန်ကြီး အဖွဲ့လာရောက်စဥ်။ (Photo: Citizen Journalist)

ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ မြန်မာဘက်က စနစ်တကျ ဆောင်ရွက်ထားတာကို နိုင်ငံခြားသံအမတ်တွေကိုလည်း ပြထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ RFA ကို ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မတ်လ ဒုတိယအပတ်က ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက သံရုံးအကြီးအကဲတွေကို ကြားစခန်းတွေမှာ ပြင်ဆင်ထားတာတွေကို လိုက်လံပြသခဲ့ပါတယ်။

နိုင်ငံသားဖြစ်ခွင့်အပါအဝင် နစ်နာဆုံးရှုံးခဲ့မှုတွေအတွက် တိတိကျကျ အာမခံမှု တစ်စုံတရာမရှိဘဲ စစ်ကောင်စီက ပြန်ခေါ်ဖို့လုပ်တာဟာ စိုးရိမ်စရာပဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက ပြောပါတယ်။

“ ဒီလူတွေခေါ်ပြီးတော့ ဒုက္ခသည်စခန်းမှာ ဘယ်လောက်ကြာကြာနေရမလဲ။ ဘယ်လိုပုံစံမျိုးနဲ့ မူရင်းနေရာကို ပြန်သွားကြမလဲဆိုတာ အပြန်အလှန် ဆွေးနွေးခဲ့တာမရှိဘူး။ သူတို့ကိုခေါ်ပြီး မင်းတို့ဘယ်ရွာကလည်း ရခိုင်ဘယ်မှာနေခဲ့လဲ စသဖြင့်မေးခွန်းနှစ်ခုသုံးခုမေးပြီး လက်ဗွေနှိပ်ခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ ဒုက္ခသည်တွေကပြောပြတယ်။ ဒုက္ခသည်တွေက ပြန်လာချင်တဲ့ စိတ်ဆန္ဒက ရှိပေမယ့်လို့ အဓိက တရားမျှတမှု၊ နိုင်ငံသားဖြစ်ခွင့်ရရှိမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခဲ့မှုအပေါ် နစ်နာကြေးတစ်စုံတစ်ရာရရှိမှု ဒါတွေက အင်မတန်အရေးကြီးတယ်။ အဲ့ဒါတွေကို ဘာမှရေရေရာရာတိတိကျကျမပြောဘဲ ပြန်ခေါ်တာက စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်ပေါ့နော်။”

စစ်ကောင်စီက စိစစ်ပြီး မြန်မာနိုင်ငံမှာ အမှန်တကယ်နေထိုင်ခဲ့သူတွေဖြစ်မယ်ဆိုရင် နိုင်ငံသားစိစစ်ခံမယ့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မယ်လို့ ပြောထားပါတယ်။ ဒုက္ခသည်တွေဘက်ကတော့ အမှန်တကယ်နေထိုင်ခဲ့သူတွေဖြစ်ပြီး အဖေ၊ အမေ၊ အဖိုး၊ အဖွားမှာ အမျိုးသားမှတ်ပုံတင်ကတ်ပြားရှိမယ်ဆိုရင် တခြားတိုင်းရင်းသားတွေနည်းသူ ရိုဟင်ဂျာတွေကိုလည်း နိုင်ငံသားဖြစ်ခွင့် တန်းပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

rohingya06.jpg
ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံရန် စစ်ကောင်စီ ရခိုင်ပြည်နယ်ဝန်ကြီးအဖွဲ့ ၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်စဥ်။ (Photo: Citizen Journalist)

မြန်မာ-ဘင်္ဂလားဒေ့ရှ်အစိုးရအစီအစဉ်နဲ့ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၁၄၀ ရှိပြီး ဘယ်အချိန် နေရပ်ပြန်ပို့နိုင်မယ် ဆိုတာ မသိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာရုံး ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

အဲဒီ ၁၁၄၀ ထဲမှာ ၇၁၁ ယောက်ရဲ့ အချက်အလက်တွေကို စစ်ဆေးအတည်ပြုပြီးဖြစ်ပေမယ့် ၄၂၉ ယောက်ရဲ့ စာရင်းတွေကို စိစစ်နေဆဲပဲလို့လည်း သူက ဆိုပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည် ကိုးသိန်းဝန်းကျင် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့စာရင်းတွေအရ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။