ဖမ်းဆီးထောင်ချခံနေရပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားကိုထွက်ဖို့ ကြိုးစားနေဆဲ
2022.12.15

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ စားဝတ်နေရေး အခက်အခဲ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနဲ့ လွတ်လပ်စွာသွားလာခွင့်မရှိတာတွေကြောင့် ပြည်ပနိုင်ငံတွေကို သွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။
၂ဝ၂၁ ခုနှစ်ထက်စာရင် ဒီ ၂ဝ၂၂ ခုနှစ်မှာ ထွက်ခွာတာ ပိုများတယ်လို့ ကုတုပါလောင် ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ နေ့စဉ်ထွက်နေတာပါ။ သူတို့ကို ပြောလည်းမနိုင် ဆိုလည်းမနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီလူတွေမှာ အလုပ်အကိုင်အခွင့်အလမ်းအပါအဝင် လူ့အခွင့်အရေးဆိုတာ ဘာမှမရှိဘူး၊ ကိုယ့်နေရပ်ကိုယ်လည်းမပြန်နိုင်ဘူး၊ ပြည်တွင်းမှာလည်း ပြဿနာပေါင်းစုံနဲ့ အဲဒီမှာလည်း ဂုဏ်သိက္ခာရှိရှိနေလည်းမရဘူးဆိုတော့ ဒီလူတွေက သေရင်လည်းမထူး နေရင်လည်းမထူးဘူးဆိုပြီး နောက်ဆုံးမှာ မလေးလမ်းကြောင်း၊ အင်ဒိုနီးရှားလမ်းကြောင်း ဒါကိုပဲ ရွေးချယ်ပါတယ်။ ကမ်းမမြင် လမ်းမမြင်ပုံစံရောက်သွားတယ်။”

အခုသွားနေတဲ့ ဒုက္ခသည်တွေက ပွဲစားတွေကို ငွေကျပ် ၈၅ သိန်း ပေးရတယ်လို့ ကိုအောင်မြိုင် က ပြောပါတယ်။
“တက္ကနာဖ့်မြို့ကနေ သူတို့ကို စက်လှေနဲ့ ခေါ်ပြီး ရသေ့တောင်မှာ စုဆောင်းပြီး အဲဒီကတဆင့် ရန်ကုန်တိုင်းနဲ့ တခြားတိုင်းဒေသကြီးကို သူတို့ကို ခေါ်သွားတယ်။ အဲဒီ့ကတဆင့် ထိုင်းနယ်စပ်ပါ၊ ထိုင်းနယ်စပ်ကနေ မလေးပါ၊ ဘင်္ဂလားဒေ့ရှ် တက္ကနာဖ့်မြို့ကနေ ရသေ့တောင်ကို ရောက်သွားရင် မြန်မာငွေ ဆယ်သိန်းပေးရပါတယ်။ အဲဒီကနေ ရန်ကုန်တိုင်းနဲ့ တခြားတိုင်းဒေသကြီးတွေကို ရောက်ပြီး အဲဒီကတဆင့် ထိုင်းနယ်စပ်ကိုရောက်သွားရင် သိန်းလေးဆယ်ပါ အဲဒီကနေ မလေးရှားကို ရောက်သွားရင် ၃၅ သိန်းပါ၊ စုစုပေါင်း ၈၅ သိန်း အကုန်အကျခံရတယ်။”
နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ စစ်တကောင်းကနေ အင်ဒိုနီးရှားကို လစဉ် သွားတဲ့ သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အခုဆိုရင် သွားတဲ့သူတွေများတာကြောင့် ပွဲစားတွေက သိန်းတစ်ရာနီးပါး အထိ တောင်းလာတယ်လို့လည်း သူက ပြောပါတယ်။

သင်္ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ကိုခင်မောင်က ပင်လယ်ပြင်ကနေသွားရင် မလေးရှားကို တစ်ပတ်အတွင်း ရောက်နိုင်သလို ကုန်းလမ်းကနေဆိုရင် ၁၅ ရက်အတွင်း ရောက်နိုင်တယ်လို့ ပြောပါတယ်။
“အရင်တုန်းကလူတွေက ကုန်းလမ်းနဲ့မသွားနိုင်ဘူး၊ ကျွန်တော်တို့ တစ်ခါမှ မကြားဖူးဘူး။ အားလုံးက ပင်လယ်ပြင်နဲ့သွားတာ၊ အခုကုန်းလမ်းဆိုတာက နည်းနည်းပါးပါးရွေးချယ်စရာရှိတယ်၊ တစ်ခုခုဖြစ်ရင်လည်း အဖမ်းခံရတာပဲရှိတယ်၊ အသက်ဆုံးရှုံးတာမရှိဘူးလေ။ အဲဒါကြောင့်မို့ ကုန်းလမ်းနဲ့သွားတဲ့လမ်းပေါ်နေလို့ သွားတဲ့သူတွေက ပိုများလာတာ။ ကျွန်တော်စုံစမ်းတာ အမျိုးမျိုးရှိတယ်။ ဥပမာ လမ်းပေါ်မှာ တစ်ခုခုမဖြစ်ရင် ပင်လယ်ပြင်နဲ့ဆို တစ်ပတ်အတွင်း ရောက်တယ်။ ကုန်းလမ်းမှာဆိုရင် အနည်းဆုံး ၁၅ ရက်အတွင်းရောက်တယ်၊ တစ်လအတွင်း မလေးကိုရောက်နေတာလေ။ အရင်တုန်းက ငါးလ ခြောက်လကုန်ခဲ့တာရှိတယ်။ အခုတော့ တစ်လအတွင်း သူတို့ မလေးကို သွားလို့ရတယ်။”
ဒုက္ခသည်စခန်းတွေကနေ နေ့စဉ် ကုန်းလမ်း၊ ရေလမ်းတွေသုံးပြီး သွားနေကြတာဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ ဖမ်းဆီးခံရတာတွေရှိသလို ပင်လယ်ပြင်မှာစက်လှေပျက်၊ စက်လှေမျောပြီး သောင်တင်နေကြတာတွေလည်း ကြုံရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ရဲ့ ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုးက နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ လူရာနဲ့ချီလိုက်ပါတဲ့ စက်လှေ သုံးစီး ထွက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ပင်လယ်မှာမျောနေတဲ့ လူ၁၆ဝ နီးပါး ပါတဲ့စက်လှေကို ဗီယက်နမ်ရေနံကုမ္ပဏီတစ်ခုက ကယ်ဆယ်ပြီး မြန်မာစစ်တပ်ဆီ လွှဲပြောင်းပေးခဲ့သလို နောက်ထပ် လူ နှစ်ရာနီးပါးပါတဲ့ စက်လှေကတော့ မလက္ကာရေလက်ကြားမှာ မျောနေဆဲဖြစ်ပြီး နောက်ထပ် လူတစ်ရာနီးပါးတဲ့ စက်လှေတစ်စီးကတော့ အခုထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ အရင်က နေရပ်ပြန်ဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တော့ နေရပ်ပြန်ဖို့ အလားအလာနည်းသွားတဲ့အတွက် အခုလိုလမ်းကို ရွေးချယ်ကြတာလို့လည်း ဦးအောင်ကျော်မိုးက သုံးသပ်ပါတယ်။
“ဒုက္ခသည်စခန်းကနေ သွားကြတဲ့အကြောင်းကတော့ သူတို့ ငါးနှစ်ကျော်သွားပြီ၊ အရင်တုန်းက အာဏာသိမ်းမှု မဖြစ်ခင်တုန်းကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် repatriation(နေရပ်ပြန်ဖို့) ဖြစ်မယ်ပေါ့နော်။ အဲဒါဆိုရင်တော့ ဂုဏ်သိက္ခာရှိရှိ လုံလုံခြုံခြုံနဲ့ ပြန်လို့ရမယ့်မျှော်လင့်ချက်က ရှိခဲ့တယ်။ ဒါပေမဲ့အာဏာသိမ်းမှုဖြစ်တော့ အဲ့မျှော်လင့်ချက်က ရိုက်ချိုးခံရသလိုဖြစ်သွားတယ်။ ပြန်ဖို့ဆိုတာ အလားအလာက အရမ်းနည်းသွားတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဒေသန္တရဥပဒေတွေထုတ်ပြီးတော့ ဒုက္ခသည်တွေကို အပြင်သွားလာလို့မရအောင် ကန့်သတ်တာတို့ ပညာသင်ကြားခွင့်မရှိအောင် အလုပ်အကိုင်အခွင့်အလမ်းမရှိအောင် ကန့်သတ်တာတို့လုပ်လာတဲ့အခါကျတော့ ဒီနေရာကျဉ်းကျဉ်းလေးမှာ လူတစ်သန်းလောက်က လုံးဝအနာဂတ်ပျောက်နေတဲ့သဘောဖြစ်တယ်။ အဲ့တော့ ရွေးချယ်စရာလမ်းကြောင်းမရှိတော့ သူတို့က ဒီလိုကြမ်းတမ်းတဲ့ခရီးစဉ်တွေ ရွေးချယ်ရတာပေါ့။ အန္တရာယ်ရှိတဲ့လမ်းခရီးတွေကို ရွေးချယ်ပြီး ဂုဏ်သိက္ခာရှိရှိ တခြားနိုင်ငံတွေမှာ လူလိုသူလိုရှင်သန်လို့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားကြတာဖြစ်တယ်။”
ဘင်္ဂလားဒေ့ရှ်စခန်းတွေက ရိုဟင်ဂျာတွေကတော့ ဒုက္ခသည်တွေ အခုလို တရားမဝင်လမ်းကြောင်းတွေကနေ မထွက်သွားရအောင် လူကုန်ကူးပွဲစားတွေကို အဓိကဖမ်းဆီးအရေးယူဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းတွေမှာ ကြုံနေရတဲ့အခက်အခဲတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာက ကူညီဖြေရှင်းပေးဖို့လည်း တောင်းဆိုကြပါတယ်။