ရိုဟင်ဂျာပြန်လာရေး မြန်မာအစိုးရတာဝန်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
2019.06.17

ရိုဟင်ဂျာတွေရခိုင်ပြည်နယ်ကို ပြန်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ စီစဉ်ပေးဖို့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖိနှိပ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရောက်ရှိနေသူတွေ မြန်မာပြည်ပြန်လာနိုင်ဖို့အတွက် စိစစ်မှုတွေ လျှော့ပေါ့ပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။
ဒီဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ လုံခြုံမှုရှိရှိ နေရပ်ပြန်လာနိုင်အောင် မြန်မာအစိုးရက အာမခံမှသာ ဒီကိစ္စကို ဆောင်ရွက်တော့မယ့်အကြောင်း၊ မြန်မာအစိုးရနဲ့ အပြန်အလှန် ပြောဆိုနေရတာကို ဆက်ပြီး မလုပ်နိုင်တော့ဘူးလို့လည်း သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို နှစ်နှစ်အတွင်း ပြန်ခေါ်ဖို့နဲ့၊ ပထမအသုတ်ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာစတင်ဖို့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှာ သဘောတူ လက်မှတ်ထိုးခဲ့ပေမယ့် မြန်မာအစိုးရက လက်ခံလိုစိတ်မရှိတဲ့အတွက် လက်တွေ့မှာ ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘူးလို့လည်း ပြောပါတယ်။
နောက်ထပ်ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးကလည်း.. ဒီဒုက္ခသည်တွေကို ပြန်လက်ခံရေးအတွက် မြန်မြန်ဆန်ဆန် လုပ်ဆောင်အောင် မြန်မာအစိုးရကို ဖိအားပေးဖို့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယအစိုးရတွေကို သူတို့ပြောမယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာစခန်းတွေကို လာပြီးရှင်းလင်းပြောဆိုဖို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ပါလို့ ပြောတာကိုလည်း မြန်မာအစိုးရက ခုချိန်အထိ မလုပ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အခုလို ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို တုံ့ပြန်ပါတယ်။
“ကျနော်တို့က ၂ဝ၁၈ ဇန်နဝါရီလ ၂၃ ကတည်းက နှစ်နိုင်ငံသဘောတူညီချက်အရ အဆင်သင့်ဖြစ်အောင် ကြိုးစားထားတယ်၊ နောက်ပိုင်းလည်း ဆက်တိုက်ဆက်တိုက် ကြိုးစားနေတာ။ အဲဒီလိုဆောင်ရွက်ဖို့အတွက် နေပြည်တော်ကရော သက်ဆိုင်ရာဌာနက ဝန်ထမ်းတွေပါ တောက်လျှောက် အလှည့်ကျဆောင်ရွက်နေတာ။ နောက်ပြီး ဒီဘက်က လုပ်နေတာကို ဟိုဘက်က၊ စခန်းကလူတွေသိအောင် သဘောပေါက်နားလည်အောင် ကျနော်တို့ အမျိုးမျိုးဆောင်ရွက်တယ်။ ဒါတွေက တကယ့်ကို လာစေချင်တဲ့ ဆန္ဒရှိတာ။
ကျနော်တို့မှာ UN က Special Envoy လည်းရှိတယ်၊ အဲဒီအထူးကိုယ်စားလှယ်က ဟိုဘက်လည်းသွားတယ်၊ ဒီဘက်လည်းလာတယ်။ ကျနော်တို့လုပ်နေတာတွေ သူအကုန်သိတယ်။ သူလည်း နိုင်ငံတကာကိုပြောတာပဲ ဒီဘက်က လုပ်တာတွေကို။ အာဆီယံအဖွဲ့ကလည်း initial assessment လုပ်တဲ့အခါကျတော့ အားလုံးက အဆင်သင့်ဖြစ်တယ်၊ ပိုမြန်အောင်ဆိုပြီး သူတို့ကအကြံပြုတယ်။ အဲဒါတွေလည်း ကျနော်တို့က ပြုပြင်ဆောင်ရွက်နေတာဆိုတော့ ဒီဘက်ကဆန္ဒမရှိဘူးလို့ ပြောတာကို တော်တော့ကို အံ့သြတယ်”
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခကြောင့် လူဦးရေ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြပါတယ်။ ဒီဒုက္ခသည်တွေကို ပြန်လက်ခံရေးအတွက် နှစ်နိုင်ငံအစိုးရအကြား ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှာ သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။
(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)