အင်ဒိုနီးရှားရောက် ရိုဟင်ဂျာတွေကို သုံးလယာယီနေခွင့်ပေး

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.11.21
အင်ဒိုနီးရှားရောက် ရိုဟင်ဂျာတွေကို သုံးလယာယီနေခွင့်ပေး ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်ရှိလာသည့် ရိုဟင်ဂျာများကိုတွေ့ရစဉ်။
AFP

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အာချေးပြည်နယ်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သုံးလ ယာယီခိုလှုံခွင့်ပေးမယ်လို့ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနရုံးက ပြောကြားလိုက်ပါတယ်။

ခနော်နီခနော်နဲ့ သစ်သားလှေနဲ့ ပင်လယ်ပြင်ခရီးကြမ်းနှင်ပြီး အင်ဒိုနီးရှားကမ်းခြေနား ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒေသခံတွေက ပင်လယ်ဘက်ပြန်ဖို့ သုံးကြိမ်သုံးခါ ခြိမ်းခြောက်ပြီးနောက် အခုလိုလက်ခံလိုက်တာပါ။

ရိုဟင်ဂျာ ၂၅၆ ယောက်ကို ဒေသခံတွေက ပြီးခဲ့တဲ့ သီတင်းပတ်က နှစ်ကြိမ်နှင်ထုတ်ပေမဲ့ နိုဝင်ဘာ ၁၉ ရက်မှာ တတိယအကြိမ် ကြိုးစားတဲ့အခါ ကမ်းကပ်နိုင်ခဲ့ပေမဲ့ ဒေသခံတွေက သူတို့ရောက်လာတာကို ကန့်ကွက်ရုံသာမက ပင်လယ်ဘက်ကို ခြိမ်းခြောက်မောင်းထုတ်ခဲ့တယ်လို့ AFP သတင်းမှာ နိုဝင်ဘာ ၂၁ ရက်က ဖော်ပြပါတယ်။

ဒါပေမဲ့ အာချေးပြည်နယ်မှာ ယာယီနေထိုင်ခွင့်ရဖို စောင့်စားချိန်မှာ ရိုဟင်ဂျာတွေကို နှစ်ရက်ထားဖို့ ဒေသအာဏာပိုင်တွေက အမိန့်ထုတ်ပြန်ပါတယ်။ ဒီလ ၂၁ ရက်နေ့မှာတော့ အာချေးပြည်နယ်က အကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ Lhokseumawe မြို့က စခန်းသစ်တစ်ခုမှာ ရိုဟင်ဂျာတွေကို ပြောင်းရွှေ့နေရာချထားဖို့ တာဝန်ရှိသူတွေက အမိန့်ထုတ်ပြန်ပါတယ်။

ဒုက္ခသည်တွေ ယာယီနေထိုင်ချိန်အတွင်း သူတို့လုံခြုံရေးအတွက် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ညှိနှိုင်းပြီး အစိုးရက တာဝန်ခံမယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေကို ထားမယ့် အဆောက်အဦကို ရှေ့နှစ်မှာ ပြုပြင်မွမ်းမံမှာမို့ သူတို့ကို အများဆုံး သုံးလယာယီနေထိုင်ခွင့်ပေးမယ်လို့ ပြောပါတယ်။

ဒီ သုံးလကျော်သွားရင် ဒုက္ခသည်တွေ ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အသေးစိတ်မပြောပါဘူး။ ၂၁ ရက်ညနေပိုင်းမှာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ အပြည့်ပါတဲ့ ထရပ်ကားတွေနဲ့ ဒုက္ခသည်တွေကို နေရာပြောင်းရွှေ့ပေးလိုက်ပါတယ်။

ဒုက္ခသည် အများစုဟာ မလေးရှားနိုင်ငံကို သွားဖို့ကြိုးစားပေမဲ့ အင်ဒိုနီးရှားအရောက်မှာ ရှေ့ခရီးမဆက်နိုင်ကြတော့ပါဘူး။ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရိုဟင်ဂျာ တစ်ထောင်နီးပါး ရောက်ရှိလာတယ်လို့ AP သတင်းက ဒီလ ၂၀ ရက်နေ့က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။