လူမျိုးတုံးသတ်ဖြတ်မှု အစီရင်ခံစာ


2018.11.30
rohingya-border-622.jpg မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ပေးထားတဲ့ ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးဥပဒေအကျိုးဆောင် အဖွဲ့က… မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆနိုင်တဲ့ အချက်အလက်တွေ တွေ့ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~

လူမျိုးတုံးသတ်ဖြတ်မှု အစီရင်ခံစာ
(မနန္ဒာချမ်း)

ဝါရှင်တန်အခြေစိုက် နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာ (PILPG) အဖွဲ့ကနေ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုလို့ ယူဆရနိုင်တဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့တဲ့အကြောင်း တနင်္လာနေ့ကျရင် ထုတ်ပြန်မယ့် သူတို့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းအေး ကတော့ မြန်မာအစိုးရရဲ့ သဘောထားကို အခုလို တုံ့ပြန်ခဲ့ပါတယ်။

“ဒီလောက်ကြီး မဖြစ်နိုင်ဘူး။ ဒီလိုဖြစ်တယ်လို့ ပြောတဲ့ အထောက်အထား ခိုင်လုံမှုမရှိဘူး။ အသုံးပြုတဲ့ စာလုံးကို ရှာဖွေထားတဲ့ အထောက်အထားတွေနဲ့ နည်းလမ်းတွေ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ အငြင်းပွားစရာရှိတယ်လေ။ ဒီဟာက ဥပဒေကြောင်းအရလည်း ငြင်းခုံရမယ့် ကိစ္စတခု။ ဒီဟာက နှစ်ပိုင်းပေါ့ ဥပဒေကြောင်းတခုရှိတယ်။ ရှာဖွေတွေ့ရှိထားတဲ့ အထောက်အထားနဲ့ နည်းလမ်းတွေမှာလည်း မေးခွန်းထုတ်စရာတွေ ရှိနေတယ်။ လူ တထောင် ဆိုတာကလည်း သူတို့ ကျပန်းပေါ့လေ ရွေးချယ်တာရှိတယ်။ နောက် ဟိန္ဒူတွေ ဘာတွေ ကျန်သေးတယ်လေ”

ရိုဟင်ဂျာတွေအပေါ် “လူမျိုးတုံးသတ်ဖြတ်မှု” ဆိုတဲ့ စကားလုံးကို အမေရိကန်အစိုးရက အခုထိတော့ လက်ခံထားခြင်း မရှိသေးပါဘူး။ “လူမျိုးနွယ်စုရှင်းလင်းရေး” အဖြစ်သာ လက်ခံထားဆဲဖြစ်ပြီး အမေရိကန် လွှတ်တော်ကတော့ “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် လက်ခံထားပါတယ်။ တကယ်လို့သာ “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် အမေရိကန်အစိုးရက လက်ခံလိုက်ရင်တော့ နောက်ဆက်တွဲ အရေးယူမှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးအပေါ် ဘယ်လိုရှိလာနိုင်မလဲဆိုတဲ့အပေါ်မှာ ဦးချမ်းအေးက အခုလို ပြောခဲ့ပါတယ်။

“ဆက်ဆံရေးကတော့ ဒီဟာက ကျယ်ပြန့်ပါတယ်။ အသုံးပြုလိုက်တယ်ဆိုကတည်းကိုက သက်ရောက်မှုတွေ များမယ်လေ ဆက်ဆံရေးအပေါ်မှာ။ အသေးစိတ်တော့ ကျနော် ပြောလို့မရဘူး။”

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း - PILPG အဖွဲ့ရဲ့ ရိုဟင်ဂျာအရေး စုံစမ်းမှုတွေအပေါ် အခြေခံပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့ ပါရှိပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်း ကတော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်။

“ကျနော်မြင်တာကတော့ ကျနော်တို့နိုင်ငံအနေနဲ့ သံတမန်ဆက်ဆံရေးမှာ ပုံမှန်အနေအထားရောက်အောင် ကြိုးစားဖို့ လိုတဲ့အနေအထားရှိတာပေါ့။ အခုပုံစံအတိုင်းဆိုရင်တော့ တဖြေးဖြေးနဲ့ ဖိအားတွေက ပိုပြီးတော့ များလာမယ့် အနေအထားရှိပါတယ်။ အရေးကြီးတဲ့တချက်ကတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့ ကျနော်တို့က ကိုယ့်ဟာကိုယ် နောက်ပြန်ဆုတ်ပြီးတော့ တံခါးပိတ်နေလိုက်တာမျိုး မဟုတ်ဘဲနဲ့ အခုလို နိုင်ငံတကာက စွပ်စွဲထားတယ်ဆိုရင်လည်း ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က ပူးပေါင်းဆောင်ရွက်ပြီး ဘယ်လိုဖြေရှင်းမလဲပေါ့နော်။ ဒီလို ချဉ်းကပ်မှုမျိုး လိုလိမ့်မယ်လို့ ထင်ပါတယ်”

မကြာသေးခင်က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲပြင်ပမှာ အမေရိကန်ဒုသမ္မတ Mike Pence က မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံချိန် ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး၊ အကြမ်းဖက်မှု ကျူးလွန်သူတွေဘက်က တာဝန်ခံမှု ရှိတာကို သူ့အနေနဲ့ ကြားလိုကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ မွတ်စလင် ၇ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။