ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ မြေပြိုလို့ သေဆုံးထိခိုက်မှုတွေရှိ

ဝေမာထွန်း (ဝါရှင်တန် ဒီစီ)
2023.08.08
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ မြေပြိုလို့ သေဆုံးထိခိုက်မှုတွေရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မြေပြိုကျမှုဖြစ်ပွားပြီး ကယ်ဆယ်ရေးလုပ်နေသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
Arakan Rohingya Society for Peace and Human Rights-ARSPH

ရခိုင်ပြည်နယ်က ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်တဲ့အတွက် နေအိမ်တွေ ထောင်နဲ့ချီပျက်စီးပြီး ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့ပါတယ်။

ဩဂုတ်လ ၇ ရက်နေ့က မြေပြိုကျတဲ့အတွက် ဘာလုခါလီ ဒုက္ခသည်စခန်းက အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ နှစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး မြေပိသေဆုံးခဲ့တာပါ။

မိုးများလို့ အိမ်ပြိုပြီး မြေပိသေဆုံးခဲ့တာလို့ ကုတုပလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပြပါတယ်။

"အိမ်မှာနေရင်းပါသွားတာ။ အိမ်ကတောင်ကုန်းပေါ်မှာ မိုးက အရမ်းရွာလို့ တစ်ခါတည်း အိမ်ပါပြိုကျပြီး အောက်ကို ကျသွားတာပါ။ သူတို့က အောက်မှာ၊ မြေကအပေါ်မှာ ဖြစ်သွားတယ်။ အိမ်ပါမြေထဲဝင်သွားလိုက်တာပါ။ ကော့ဘဇားဒုက္ခသည်စခန်းမှာ နေ့စဉ်နေ့တိုင်းလိုလို သဘာဝဘေးတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်နေပါတယ်"

ကယ်ဆယ်ရေးသမားတွေက နှစ်နာရီကြာ မြေတူးပြီး ကယ်ထုတ်ခဲ့ပေမယ့် အလောင်းသာပြန်ရခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ သားအမိ နှစ်ဦးစလုံးကို ဩဂုတ်လ ၈ ရက်နေ့မှာ အစ္စလာမ်ဘာသာရေး ထုံးစံအတိုင်း သင်္ဂြိုဟ်ခဲ့တယ်လို့ စခန်းအတွင်း နေထိုင်သူတွေက ပြောပါတယ်။

ကော့ဘဇားမှာ အခုလ ၆ ရက်နေ့ကစပြီး ဒီနေ့အထိ မိုးကြီးလို့ ပျက်စီးခဲ့တဲ့နေအိမ်ပေါင်း တစ်ထောင်ကျော်ရှိပြီလို့ ဒုက္ခသည်တွေက ပြောပါတယ်။ နေအိမ်ပျက်စီးသွားသူတွေက နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေနဲ့ စာသင်ကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြတယ် လို့ ပြောပါတယ်။

လူသေဆုံးခဲ့တဲ့ ဘာလုခါလီဒုက္ခသည်စခန်းမှာ နေထိုင်ပြီး ကယ်ဆယ်ရေးမှာ ပါဝင် ဆောင်ရွက်နေတဲ့ ကိုဟာဆန်က မြေထပ်ပြိုမယ့် အန္တရာယ်တွေရှိနေဆဲပဲလို့ ပြောပါတယ်။

"အခု ဒုက္ခသည်စခန်းမှာနေရတာ တော်တော်အန္တရာယ်ရှိတယ်။ မြေနိမ့်မှာဖြစ်တဲ့ အိမ်တွေမှာဆို ရေကြီးရေလျှံတွေဖြစ်တယ်။ တောင်ပေါ်မှာရှိတဲ့အိမ်တွေဆို မြေပြိုမှုနဲ့ စိုးရိမ်စရာရှိတယ်။ အခုလည်း အက်ကွဲနေတဲ့မြေတွေရှိတယ်။ မြေပြိုနိုင်မယ့် အလားအလာတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့် NGO တွေက အဲဒီပတ်ပတ်လည်မှာ ရှိတဲ့အိမ်တွေက လူတွေကို မောင်းထုတ်ပြီး တခြား လုံခြုံမယ့်နေရာမှာ ထားထားတယ်"

ဒုက္ခသည်စခန်းအတွင်း မကြာခဏ မီးလောင်မှုတွေကြောင့် မြေသားတွေက ပျက်စီးနေတာလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

"အခုလည်း အက်ကွဲနေတဲ့မြေတွေရှိတယ်။ မြေပြိုနိုင်မယ့် အလားအလာတွေ အများကြီးရှိတယ်"

ဒီအတောအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေကမ်းလွန်ပင်လယ်ပြင်မှာ မလေးရှားနိုင်ငံကို သွားမယ့် စက်လှေတစ်စီး သြဂုတ်လ ၇ ရက်နေ့က နစ်မြုပ်ခဲ့တာကြောင့် စက်လှေပေါ် လိုက်ပါလာတဲ့အထဲက ရိုဟင်ဂျာ ၄၅ ဦး ပျောက်ဆုံးနေပါတယ်။

စက်လှေပေါ်မှာ လူ ၅၅ ဦးပါသွားတာဖြစ်ပြီး အမျိုးသား ရှစ်ဦးက အသက်ရှင်လျက် စစ်တွေမြို့နယ်၊ ဘာဆာရာရွာကို ပြန်ရောက်လာခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

အသက်ရှင်လျက်ပြန်လွတ်လာသူ ရှစ်ဦးကို စစ်တွေမြို့ ၊ အမှတ်(၁) မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘာဆာရာရွာသားတစ်ဦး ကပြောပါတယ်။

"ရှစ်ယောက်က အသက်ရှင်လျက်ရတယ်။ နှစ်ယောက်က အလောင်းရတာ။ သူတို့က နည်းနည်းပါးပါး ရေကူးတတ်တာပေါ့နော်။ ဆီပုံးတွေနဲ့ ကူးလာတာ။ ကျွန်တော်တို့ သူတို့ကိုတွေ့တဲ့အချိန်မှာမေးတော့ အဲဒီစက်လှေထဲမှာ ၅၅ ယောက်ရှိတယ်။ အမျိုးသမီးက ၁၂ ယောက်၊ နောက်ကျန်နေတာက အမျိုးသား။ အသက်ရှင်လျက် လွတ်လာတဲ့ ရှစ်ယောက်က အမျိုးသမီးမပါဘူး၊ အကုန်အမျိုးသားပဲ။ သူတို့က အခုအပြင်မှာမဟုတ်ဘူး အစိုးရက အမှတ်(၁) မြို့မရဲစခန်းမှာ သူတို့ကို ခေါ်ထားတယ်"

ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာတော့ အဲဒီရိုဟင်ဂျာတွေဟာ ရသေ့တောင်မြို့နယ်ကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ခွာလာတာဖြစ်ပြီး စစ်တွေအနီးပင်လယ်ပြင်မှာ လှိုင်းကြီးပြီး စက်လှေနစ်မြုပ်သွားတာလို့ ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။