ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဒုက္ခသည်တွေကို ညှဉ်းပန်းမှုအပေါ် Fortify Rights အစီရင်ခံစာ

တင်အောင်ခိုင် (၀ါရှင်တန် ဒီစီ)
2023.08.11
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဒုက္ခသည်တွေကို ညှဉ်းပန်းမှုအပေါ် Fortify Rights အစီရင်ခံစာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စခန်းလုံခြုံရေး တာ၀န်ယူထားသူတွေက အနိုင်ကျင့် နှိပ်စက်မှုတွေ အတွက် တာ၀န်ခံမှုရှိစေရန် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Fortify Rights အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာမှာ အဓိက မီးမောင်းထိုးပြထားတာက အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ APBn အဖွဲ့မှာ တာ၀န်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီ APBn အဖွဲ့ဟာ စခန်းများလုံခြုံရေးကို တာ၀န်ယူထားပြီး စခန်းအတွင်း ၀င်ရောက်လှုပ်ရှားနေတဲ့ မူးယစ်ဆေး၀ါးရောင်း၀ယ်သူများ၊ အကြမ်းဖက်သမားများ၊ ရာဇ၀တ်မှုကျူးလွန်သူများ စတာတွေကို နှိမ်နင်းရန်ဖြစ်ပေမယ့်၊ အပြစ်မဲ့ ဒုက္ခသည်တချို့ကိုပါ အမှုအမျိုးမျိုးဆင် ဖမ်းဆီးမှုတွေရှိပြီး နှိပ်စက် ညှဉ်းပန်းပြီး၊ ငွေညှစ်ပြီး ရမှပြန်လွှတ်တာမျိုးတွေရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

"ဖမ်းပြီးတော့ တချို့ကို ငွေယူပြီး တချို့ကို ထောင်ထဲပို့တာလည်းရှိတယ်"

အခုလို ဖမ်းဆီးနှိပ်စက်ငွေညှစ်ရာမှာ တချို့ဟာ အမေရိကန်ဒေါ်လာ ထောင်နဲ့ချီ ပမာဏရှိတဲ့ ဘင်္ဂလားဒေ့ရှ်သုံး ငွေတွေပေးခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာအတွက် ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ ဒုက္ခသည် ၁၄ ဦးကို တွေ့ဆုံမေးမြန်းပြီး ပြုစုထားတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းအတွင်း နေထိုင်တဲ့ ရိုဟင်ဂျာ လူငယ်အဖွဲ့က တာ၀န်ခံတစ်ဦးက စခန်းတွင်း အခုလို ရဲတပ်ဖွဲ့၀င်တွေဟာ ဒုက္ခသည်တွေကို ဖမ်းဆီးဖို့အကြောင်းပြချက် ရှာနေတာဖြစ်ပြီး ဖမ်းပြီးရင် ငွေညှစ်တယ်ဆိုတာ လုပ်ရိုးလုပ်စဥ်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အကြောင်းပြချက် သူတို့ ရှာနေတာလေ၊ ဖမ်းပြီးတော့ တချို့ကို ငွေယူပြီး တချို့ကို ထောင်ထဲပို့တာလည်းရှိတယ်၊ နာမည်စာရင်းရှိတဲ့ သူတွေကိုလိုက်ဖမ်းပြီး အပြစ်ရှိကြောင်း ပေါ်လွင်တယ်ဆိုရင် ဖမ်းပြီး တချို့ကိုငွေပေးပြီး လွတ်လာတာလည်း ရှိတယ်၊ အမျိုးမျိုးပဲ လုပ်နေတာလေ”

ကုတုပါလောင်ဒုက္ခသည် စခန်းအတွင်း စခန်းစုစုပါင်း ၃၄ ခုရှိပြီး စခန်းတိုင်းမှာ ခုလိုပြဿနာတွေရှိနေပါတယ်။ ဒီဖြစ်ပျက်မှုများနဲ့ပတ်သက်ပြီး အာဏာပိုင်အဖွဲ့ကို တိုင်တန်းတာတွေပြုလုပ်ပေမယ့် အခက်အခဲတွေ အများကြီးရှိတယ်လို့ စခန်းတွင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှာ တာ၀န်ယူထားသူ ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။

“တချို့ကွန်ပလိန်းလုပ်တာမှာ အဆင်ပြေအောင် လုပ်ပေးတာလည်းရှိတယ်၊ အထက်လူကြီးတွေကလေ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ဘူး၊ သွားတိုင်ရင် လူကြီးတွေ မအားလို့တို့၊ ဘာတို့ လူကြီးတွေကို တွေ့ဖို့လည်း မလွယ်ဘူး”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Munir uz Zaman / AFP)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Munir uz Zaman / AFP)

အခုလို ဒုက္ခသည်တွေ ကြုံတွေ့ရတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး Fortify Rights က အစီရင်ခံစာ ထုတ်ပြန်ခဲ့သလို ဒီအစီရင်ခံစာမတိုင်ခင်က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကလည်း အစီရင်ခံစာထုတ်ပြန်ခဲ့တယ်လို့ ရိုဟင်ဂျာ လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က ပြောပါတယ်။

“နေ့စဥ်နဲ့အမျှ ဒုက္ခသည်တွေ ခံစားနေရတာကို နိုင်ငံတကာက မီးမောင်းထိုးပြနေတာပေါ့၊ အမှန်တကယ်မှာ သူတို့ ရာဇ၀တ်ဂိုဏ်းမှာပါတဲ့ သူတွေကိုဖမ်းတာမျိုး မလုပ်ဘဲနဲ့ အပြစ်မဲ့တဲ့သူတွေကိုဖမ်းပြီး ငွေညှစ်တယ်၊ ငွေညှစ်လို့ မရရင် တစ်ခုခုကျူးလွန်ထားတယ် ဆိုပြီး မဟုတ်မတရားစွပ်စွဲပြီး ထောင်ချတယ်၊ တာ၀န်ရှိသူတွေနဲ့ တွေ့တဲ့အခါမှာလည်း ကျွန်တော်တို့ ပြောပြပါတယ်“

အခုလို လူအခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေထွက်လာသလို နီးစပ်ရာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို ပြောပြတာမျိုးတွေရှိပေမယ့် အခြေအနေတွေဟာ ထူးခြားလာခြင်း မရှိဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒုက္ခသည်စခန်းက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င် တစ်ဦးပြောတာကတော့ ရဲတပ်ဖွဲ့အောက်ခြေအဆင့်တွေက ဆောင်ရွက်နေတာလို့ ပြောပါတယ်။

“အရာရှိတွေက ဒီလိုမလုပ်ကြပါဘူး၊ အောက်ခြေကလူတွေ သူတို့ လုပ်နေကြတာ”

အခုဖြစ်ပျက်မှုတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းအမှတ် ၈ မှာရှိတဲ့ ရဲအထူးတိုက်ခိုက်ရေး တပ် APBn ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်လုပ်လို့ မရပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။