ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ ရေကြီးရေလျှံဒဏ် ခံစားနေရ
2024.06.22

ပြီးခဲ့တဲ့ သီတင်းပတ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အခုလို ရေကြီးရေလျှံနေတာကြောင့် ပြည်သူ ၁၂ သိန်းလောက်ထိ ကုန်းမြေမြင့်တဲ့ နိုင်ငံမြောက်ပိုင်းဒေသတွေမှာ တိမ်းရှောင်နေကြတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာတော့ အလားတူ ရေကြီးတဲ့ဒဏ်ကို ခံစားနေရပေမဲ့ ရိုဟင်ဂျာတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိပါဘူး။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ချက်အရ ရေကြီးပြီး မြေပြိုတာတွေကြောင့် လူအနည်းဆုံး ကိုးဦး သေဆုံးခဲ့တဲ့အထဲမှာ ရှစ်ဦးက ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ မြေပြိုလို့ နစ်မြုပ်ပြီး သေဆုံးသွားတဲ့ မိသားစုရဲ့ ရုပ်အလောင်းတွေကို တူးဖော်ခဲ့ကြပါတယ်။
မြေပြိုကျလို့ နစ်မြုပ်သွားတဲ့ ဒုက္ခသည်တဲထဲမှာ မိသားစု ခုနှစ်ဦးနေထိုင်ပြီး နှစ်ဦးက တဲထဲမှာ မရှိကြပါဘူး။ ကျန်တဲ့ ငါးဦးထဲမှာ တစ်ဦးပဲ လွတ်မြောက်ပြီး ကျန်တဲ့ သူအားလုံး ရွံ့တွေထဲမှာ နစ်မြှုပ်သေဆုံးခဲ့တာပါလို့ အဗ္ဗဒူလ် မိုနက်ဖ် ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်က ပြောပြပါတယ်။
ညအချိန် မိုးတွေအရမ်းသည်းလာပြီး ဒုက္ခသည် စခန်းထဲက ငါးနေရာလောက်မှာ မြေတွေပြိုကျခဲ့တဲ့အတွက် အိပ်ပျော်နေတဲ့ ဒုက္ခသည်အချို့နစ်မြုပ်ပြီး သေဆုံးခဲ့တဲ့အကြောင်း စခန်းထဲက ရဲအရာရှိက ပြောပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ တစ်သန်းလောက်ရှိတဲ့အထဲမှာ အများစုက ကော့ဘဇားခရိုင်ထဲက တောအုပ်နဲ့ တောင်ကုန်းတွေအကြားက မြေပြိုကျဖို့လွယ်တဲ့ နေရာတွေမှာ ဝါးတွေ၊ တာပေါ်လင်တွေနဲ့ အဖြစ်သဘော ဆောက်ထားရတဲ့ တဲငယ်တွေမှာ နေထိုင်နေကြရတာပါ။
မိုးရွာတိုင်း ဒုက္ခသည်စခန်းထဲမှာ ရေတွေကြီးပြီး မြေတွေ ပြိုကျလေ့ရှိပါတယ်။ မြေပြိုနိုင်တဲ့နေရာတွေကို တာပေါ်လင်တွေနဲ့ အုပ်ထားလို့ ရပေမဲ့ ဘယ်သူမှာ တာပေါ်လင်စ မပေးတဲ့အတွက် ကိုယ်ပိုင်ငွေနဲ့ ဝယ်ပြီး လိုက်အုပ်ခဲ့ရပါတယ်။ အခုလို လူအသေအပျောက် ရှိလာမှ အာဏာပိုင်တွေက မြေပြိုနိုင်တဲ့ နေရာတွေကို တာပေါ်လင်စနဲ့ လာအုပ်နေပါတယ်လို့ မိုဟာမက် အစ္စမေးလ်ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်က ပြောသွားပါတယ်။
အခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ပြန်လာလို့ရမဲ့ အခြေအနေ မရှိသေးတဲ့အတွက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်ရေး အဆင်ပြေအောင် အကူအညီပေးဖို့လိုတယ်လို့ မြန်မာရိုဟင်ဂျာအသင်း ယူကေ (BRO-UK) က ဦးထွန်းခင်က ပြောပါတယ်။
“ဒီလို ရေကြီးမှုဒဏ်တွေကို ရိုဟင်တွေ ထပ်ပြီး မခံရအောင် ကျွန်တော်တို့ တောင်းဆိုထားတာ တွေရှိပါတယ်။ လေမုန်တိုင်း တိုက်ရင်လဲ ရိုဟင်ဂျာတွေရဲ့ တဲတွေ မပျက်စီးအောင် သေသေချာချာ ဆောက်ပေးဖို့ရယ်၊ အကာအကွယ်ပေးဖို့ရယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံအနေနဲ့ အခုဆိုရင် ကမ္ဘာ့ဘဏ်ကနေလဲ ပိုက်ဆံထောက်ပံ့မှုတွေ ရှိနေတယ်။ ဒါကြောင့် UNHCR ကိုရော၊ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကူအညီပေးနေတဲ့ နိုင်ငံအားလုံးကို အမြဲတောင်းဆိုပါတယ်။ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မှာ အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့် ပြန်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်ဘူး။ အဲဒီအတွက်ကြောင့် လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အားလုံး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့၊ သူတို့ကို အသက်အန္တရာယ်ရှိနိုင်တဲ့ နေရာတွေမှာ မထားဖို့ တောင်းဆိုပါတယ်။ သူတို့ကို ကျောင်းတက်ခွင့်၊ သွားလာခွင့်တွေ မပိတ်ပင်ဘဲနဲ့ လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ပေးဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုပါတယ်”
မကြာသေးခင်ကပဲ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေနဲ့ အကောင်အထည်ဖော်မဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန် စီမံကိန်းနှစ်ခုကို ဘင်္ဂလားဒေ့ရှ်အစိုးရက အတည်ပြုထားပြီး ဥရောပသမဂ္ဂ အီးယူကတော့ မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူတွေနဲ့ ရိုဟင်ဂျာတွေအပါအဝင် စစ်ဘေးဒုက္ခသည်တွေအတွက် ယူရို ၁၅သန်း ကူညီထောက်ပံ့မယ်လို့ ကြေညာထားပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုတွေအရ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို အမြန်ဆုံး နေရပ်ပြန်ခေါ်နိုင်ဖို့ လုပ်နေတယ်လို့ ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။