မောင်တော တိုက်ပွဲရှောင်ထွက်ပြေးရင်း ရိုဟင်ဂျာသုံးဆယ်ကျော် လှေမှောက်သေဆုံး

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.08.20
မောင်တော တိုက်ပွဲရှောင်ထွက်ပြေးရင်း ရိုဟင်ဂျာသုံးဆယ်ကျော် လှေမှောက်သေဆုံး မောင်တောမြို့နယ် နတ်မြစ်အနီး သေဆုံးသွားသည့် ရုပ်အလောင်းများအနီးတွင် ရိုဟင်ဂျာအမျိုးသမီးအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
AFP

ရခိုင်ပြည်နယ် မောင်တောမြို့ကနေ တိုက်ပွဲရှောင်ရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာစက်လှေတစ်စီးဟာ ဩဂုတ် ၁၉ ရက် မနေ့က နတ်မြစ်ထဲမှာ တိမ်းမှောက်ခဲ့ပြီး လူပေါင်း ၃ဝ ကျော်သေဆုံးသွားတယ်လို့ မျက်မြင်တွေ့တဲ့သူတွေက ပြောပါတယ်။

လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲ လေးယောက်ပဲ အသက်ရှင်ကျန်ရစ်ပြီး လတ်တလော အလောင်း ခုနစ်လောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေ ပြန်တွေ့ထားတယ်လို့ဆိုပါတယ်။

မျက်မြင်ဒေသခံတစ်ဦးက "လှေထဲမှာ အယောက်သုံးဆယ်ကျော်ရှိတယ်။ ကလေးက ၁၈ ယောက်ပါတယ်။ ယောက်ျားလေးရော၊ မိန်းကလေးတွေရော၊ လေးယောက်ပဲကျန်တယ်၊ အကုန်သေသွားတယ်" လို့ပြောပါတယ်။

မနေ့ကထိ အလောင်းတွေကို လိုက်ရှာနေဆဲဖြစ်ပြီး ပြန်တွေ့တဲ့အလောင်းတွေထဲမှာ လူမမယ်ကလေးငယ်အလောင်း လေးလောင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ အလောင်းတွေပါပါတယ်။

မောင်တောမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် တိုက်ပွဲတွေကြားကနေ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးကြရင်း အခုလိုလှေမှောက်သေဆုံးတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း ပြောပါတယ်။

"စစ်ဖြစ်နေတော့ အသက်လုပြီးထွက်ပြေးကြတာပေါ့၊ အဲဒီမှာ ဘယ်ရက်များ လက်နက်ကြီးကျမလဲ တွေးပူနေရတယ်၊ စားရေးသောက်ရေးကလည်းခက်တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရတဲ့နည်းနဲ့ ကမ်းကူးကြတာပေါ့၊ နတ်မြစ်ကလည်း ဒီရေ အတက် အကျနဲ့ ဖြတ်ဖို့အရမ်းအန္တရာယ်များတယ်။ အသက်ကိုလောင်းကြေးထပ်ထားရတယ်ပေါ့ဗျာ"

ရခိုင်ပြည်နယ် မောင်တောမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေပြီး အဲဒီကြားထဲမှာ ဒေသခံရိုဟင်ဂျာတွေ ပိတ်မိနေတာပါ။

ပိတ်မိနေတဲ့ဒေသခံ သောင်းနဲ့ချီ အကူအညီတွေလိုအပ်နေပြီး တချို့ကတော့ အသက်စွန့်ပြီး တိုက်ပွဲကြားကနေ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးနေပါတယ်။


ဆက်နွှယ်သောသတင်းများ

အရပ်သားတွေကို အကာအကွယ်ပေးဖို့ AA ကို SAC-M တိုက်တွန်း

နတ်မြစ်ထဲ နစ်မြုပ်တဲ့လှေက ရိုဟင်ဂျာ ၃၄ ဦးအလောင်းတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ဖြတ်ကျော်ကူးသွားဖို့ ထောင်နဲ့ချီတဲ့ရိုဟင်ဂျာတွေ စောင့်ဆိုင်းနေ


"အခြေအနေက အရမ်းရှုပ်တယ်။ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတချို့ရှိတယ်။ တစ်ဖက်ကလည်း ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စိုးမိုးဖို့ ကြိုးစားနေတာတွေရှိတယ်။ တစ်ဘက်မှာလည်း AA စိုးမိုးထားတဲ့ နေရာတွေ ရှိနေတယ်။ အဲဒီကြားထဲမှာ ရိုဟင်ဂျာသောင်းနဲ့ချီ ပိတ်မိနေသေးတယ်" လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

အာရက္ခတပ်တော် (AA) ကတော့ တိုက်ပွဲကြား ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေကို ကယ်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ရဲ့ ဒီဩဂုတ်လထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ လက်နက်ကိုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေတင်မက အာရက္ခတပ်တော် (AA) ကလည်း အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ HRW က ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။