အခက်အခဲတွေရှိတဲ့ကြားက ရိုဟင်ဂျာဒုက္ခသည်တွေ အသက်စွန့်ခရီးနှင်နေကြဆဲ
2023.12.09

ဒီနှစ်နိုဝင်ဘာလမှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကို ရိုဟင်ဂျာ တစ်ထောင်ကျော် ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အများဆုံးရောက်လာတဲ့ အရေအတွက် ဖြစ်ပါတယ်။
အင်ဒိုနီးရှားအစိုးရက ရိုဟင်ဂျာတွေကို ယာယီအကူအညီတွေ ပေးသွားမှာဖြစ်ပေမဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ မိုင်ပေါင်းထောင်နဲ့ချီဖြတ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားကို အသက်စွန့်သွားလာနေကြပါတယ်။
ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က အသက် ၁၈ နှစ်ပြည့်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတစ်ခုခု ဖန်တီးပေးနိုင်ရင် ပင်လယ်ပြင်ကနေတစ်ဆင့် တရားမဝင်ထွက်ခွာတာတွေ လျော့လာနိုင်တယ်လို့ ထောက်ပြပါတယ်။
“စားဝတ်နေရေးက အစ အလုပ်အကိုင်အပါအဝင်ပေါ့နော်။ ဒါတွေအကုန်လုံး စိုးရိမ်မှုပေါ့နော်။ ကြောက်စိတ်နဲ့နေရတဲ့အတွက် တစ်ခါတစ်လေ စိတ်ပေါက်ပြီး သွားမယ်။ ဘယ်ကိုမဆို သေရင်သေမယ်။ သွားမယ်ဆိုတဲ့ စိတ်ပေါ်လာတယ်။ သေမထူးနေမထူးဆိုပြီး ထွက်သွားနေတာပဲရှိတယ်။ တားဆီးနိုင်တာ တစ်ခုပဲရှိတယ်။ ဒါလည်းလျှော့လို့ပဲရမှာပါ။ အပြည့်အဝတော့ တားဆီးလို့ရမှာမဟုတ်ဘူး။ ဒီဒုက္ခသည်တွေ အလုပ်အကိုင်အခွင့်အလမ်းပေါ့နော်။ အသက်၁၈ နှစ်ပြည့်တာနဲ့ အလုပ်အကိုင်တစ်ခုခုရအောင် ဖန်တီးပေးရမယ်”
အင်ဒိုနီးရှားနိုင်ငံကို ဒီဇင်ဘာလ ပထမအပတ် နောက်ဆုံးရောက်သွားတဲ့ စက်လှေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၃၉ ဦး ပါဝင်ပါတယ်။
သူတို့ကို လက်မခံကြောင်း အင်ဒိုနီးရှားဒေသခံ တစ်ရာကျော်က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါသေးတယ်။ ရောက်လာတဲ့ ရိုဟင်ဂျာတွေကို တခြားနေရာကို ရွှေ့ပေးဖို့ တောင်းဆိုကြပြီး ပင်လယ်ထဲကို ပြန်ပို့မယ်လို့ ဒေသခံတွေက ခြိမ်းခြောက်ပြောဆိုခဲ့ကြတာပါ။
အဲ့ဒီမတိုင်ခင် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ အင်ဒိုနီးရှားနိုင်ငံကို ထွက်ဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၅၈ ယောက်ကို တက္ကနပ်မြစ်ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၆ ဦး၊ ကလေး ၃၃ ဦးပါဝင်ပါတယ်။ သူတို့ကို လမ်းပြတဲ့ ဘင်္ဂလားဒေ့ရှ် လူကုန်ကူးသူ နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းတွေကို အခုလို စွန့်ခွာရတဲ့အကြောင်းရင်းတွေထဲမှာ ပညာသင်ကြားခွင့်ရချင်တဲ့ အချက်လည်း ပါဝင်ပါတယ်။
“စခန်းတွေထဲမှာ ကျွန်တော်တို့မှာ တစ်ခုခုကို သင်ကြားဖို့ အခွင့်အရေး လုံးဝမရှိဘူး။ အထက်တန်းကျောင်း လည်းမရှိဘူး။ ကျွန်တော်တို့ အိမ်မှာပဲ လေ့လာလို့ရတယ်။ ကျွန်တော်တို့မှာ အိမ်လည်း မရှိဘူး။ ပလပ်စတစ်အမိုးအကာအောက်မှာပဲ နေခဲ့ရတာပါ။ ကျွန်တော်က တက္ကသိုလ်တက်ချင်တယ်။ ကျွန်တော် သတင်းထောက်ဖြစ်ချင်တယ်။ ရိုဟင်ဂျာတွေအတွက်ကတော့ နိုင်ငံလည်းမရှိသလို နေစရာလည်းမရှိပါဘူး။ ဒါကြောင့် ကျွန်တော် သတင်းထောက်လုပ်ပြီး ရိုဟင်ဂျာတွေကို ကူညီချင်ပါတယ်”
နိုဝင်ဘာလ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကို ပင်လယ်ခရီးဖြတ်ပြီး ရောက်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာလူငယ် အဗ္ဗဒူ ရာမန် ပြောသွားတာပါ။
အဗ္ဗဒူရာမန်ရဲ့ အိမ်မက်က ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မသိနိုင်သေးပါဘူး။ ဒီလိုထွက်လာခွင့်ရဖို့တော့ ဆွေမျိုးတွေဆီကနေ ပိုက်ဆံချေးခဲ့ရတယ်လို့ သူက AFP ကို ပြောထားပါတယ်။
ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ စက်လှေနဲ့လိုက်ပါခွင့်ရဖို့ လူတစ်ဦးကို အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်ထောင်ပေးပြီး သွားနေတာပါ။
ဘင်္ဂလားဒေ့ရှ်စခန်းတွေအတွင်း ခြောက်နှစ်ကျော် နေထိုင်လာခဲ့ပေမယ့် နေရပ်ပြန်ဖို့ အခွင့်အလမ်းကောင်းတွေမရှိတာ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လစဉ်ထောက်ပံ့ကြေး လျှော့ချလိုက်တာ၊ စခန်းအပြင်ထွက်ခွင့် မရတာ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိတာ၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို နေ့စဉ် ကြုံတွေ့နေရတာတွေကြောင့် စခန်းတွေကနေ ထွက်ခွာဖို့ ကြိုးစားကြတာလို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
ဒုက္ခသည်တွေဟာ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို ရောက်မယ်ဆိုရင် အဲ့ဒီနိုင်ငံတွေမှာပဲ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ခွင့် ဒါမှမဟုတ် အဲ့ဒီနိုင်ငံတွေကတစ်ဆင့် နောက်ထပ်နိုင်ငံတွေကို ဆက်လက်သွားနိုင်ခွင့် ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။
ဒီမျှော်လင့်ချက်တွေကို လက်တွေ့မှာ အကောင်အထည်ဖော်ဖို့က ခက်ခဲတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ထောက်ပြပါတယ်။
“မလေးရှားမှာ လက်ရှိကတော့ ရိုဟင်ဂျာ တစ်သိန်းခွဲကျော် ရှိတယ်။ ဒီဥစ္စာစရောက်တာ ၁၉၈၀ နောက်ပိုင်းကနေပြီးတော့ ၂၀၁၂ နောက်ပိုင်းမှာတော့ ပိုများလာတာပေါ့လေ။ ဒီလူတွေကို တစ်ဝက်လောက်က UN ကနေ ကတ်ပြားတွေ ထုတ်ပေးထားတာတွေရှိတယ်။ UN မှာ မှတ်ပုံတင်ထားတာ ရှိတယ်။ တချို့တလေတွေလည်း အဲ့ဒီကနေ တတိယနိုင်ငံတွေကို များသောအားဖြင့် အမေရိကား၊ ကနေဒါတို့ကို ရောက်သွားတာရှိတယ်။ သြစတြေးလျ၊ နယူးဇီလန်ကို ရောက်သွားတာလည်း ရှိတယ်။ ဒါကတော့ အနည်းအကျဉ်းပေါ့ အခုနောက်ပိုင်းရောက်သွားတာတွေက UN မှာ ဘာမှ မှတ်ပုံတင်လို့ မရဘူး။ ရောက်သွားတဲ့ သူအားလုံးက တရားမဝင်နေထိုင်ရတယ်။ လုပ်ခနည်းနည်းနဲ့ တရားမဝင်အလုပ်တွေလုပ်ပြီး ဘာပဲဖြစ်ဖြစ် သူတို့စားနိုင်သောက်နိုင်တယ်။ ဒီ Camp ထဲမှာ နေရတာထက် ပိုပြီးတော့ အခြေအနေပိုကောင်းတယ်။ တရားဝင်နေထိုင်ခွင့်ကတော့ ဘာမှမရဘူး။”
ဒုက္ခသည်တွေ ထွက်လာချင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် ၆၀ လောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ စာရင်းတွေအရ သိရပါတယ်။
ကုလသမဂ္ဂစာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာအယောက် ၂ဝဝဝ ကျော် ပင်လယ်ပြင်ခရီးကို အသက်စွန့် ဖြတ်သန်းခဲ့ကြပြီး အဲဒီထဲက လူနှစ်ရာလောက် သေကျေပျောက်ဆုံးခဲ့ပါတယ်။ ပွင့်လင်းရာသီမှာ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေထဲကနေ ပင်လယ်ခရီးကို ထွက်လေ့ရှိပြီး နိုဝင်ဘာလကနေ မတ်လအတွင်း အထွက်များကြတယ်လို့ စခန်းအတွင်းနေထိုင်သူတွေက ပြောကြပါတယ်။