ရိုဟင်ဂျာ ၁၃၀ ခန့်ပါလာတဲ့လှေ မုတ္တမပင်လယ်ကွေ့အနီး ဖမ်းဆီးခံရ
2023.04.04

မွန်ပြည်နယ် ချောင်းဆုံမြို့ရဲ့ အနောက်မြောက်ဘက် မုတ္တမပင်လယ်ကွေ့အနီးမှာ ရိုဟင်ဂျာ ၁၂၈ ဦးပါ စက်လှေကို ဧပြီလ ၂ ရက်နေ့က စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သူတို့ဘဝမှာ အနာဂတ်ဆိုတာ မရှိတော့ဘူးဆိုတဲ့ ခံယူချက်နဲ့ ရုန်းထွက်လာတာပဲ”
အဲဒီစက်လှေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာလာတာဖြစ်ပြီး ချောင်းဆုံမြို့နယ်ထဲက ရွာတွေမှာ ရိက္ခာဝယ်ယူဖို့ ပွဲစားတွေ သွားရောက်ချိန်မှာ သတင်းပေးလို့ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ချောင်းဆုံရဲ့ အနောက်မြောက်ဘက် Gult of Mataban (မုတ္တမပင်လယ်ကွေ့) အစပ်မှာ ဖြတ်သွားရင်းနဲ့ ကျနော်တို့ ဒီကုန်းပေါ်ကို ပွဲစားတွေက ရိက္ခာလာဝယ်တော့ ရွာသားတွေက ဟယ်လိုလုပ် (သတင်းပေး) လိုက်တာ။ ၁၂၈ ယောက်။ ၆၅ ယောက် တစ်သုတ်ကိုတော့ သူတို့အမှုစွဲမယ့် မော်လမြိုင်ထောင်ကို ပို့လိုက်ပြီ။ ပွဲစားက ဗုဒ္ဓဘာသာ ရခိုင်တွေ။ သူတို့ကိုတော့ (ထောင်ထဲ) ထည့်ထားတာကြာပြီ။ ကျန်တဲ့ ဟာတွေက အစ္စလာမ်ဘာသာဝင်တွေ၊ ရိုဟင်ဂျာတွေပေါ့”
စက်လှေပါ အမျိုးသား၊ အမျိုးသမီး အရေအတွက်ကိုတော့ သူ့အနေနဲ့ မသိရှိပေမယ့် အသက်မပြည့်သေးသူ လေးဦးခန့် ပါဝင်တယ်လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာတွေကို ခေါ်ဆောင်လာတဲ့ ရခိုင်လူမျိုး လေးဦးကိုလည်း ဖမ်းဆီးထားပြီး အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာကလေးတွေကိုတော့ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေကို ယာယီစောင့်ရှောက်ခွင့်ပေးထားတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီကိုထောက်ခံရေးသားတဲ့ တယ်လီဂရန်လူမှုကွန်ရက်တွေမှာတော့ အဖမ်းခံရသူတွေထဲမှာ အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၂၀ ဦး၊ အသက်မပြည့်သူ ယောကျာ်းလေး တစ်ဦးနဲ့ မိန်းကလေးငါးဦး ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ထဲက ပရဟိတအဖွဲ့ဝင်တစ်ဦးကတော့ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေကို စစ်ဆေးမေးမြန်းတာနဲ့ အကျဉ်းထောင်ကို ပို့ဆောင်တာတွေ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
“(ရိုဟင်ဂျာ ဖမ်းဆီးခံရမှုတွေ) တော်တော်တောင်ကြာပြီ။ ကျနော့်အထင် ခြောက်လ လောက်တောင် ရှိပြီထင်တယ်။ အဲဒီနောက်ပိုင်းကတည်းက မကြားတော့တာ။ ပုံမှန်ဆိုရင်တော့ ကျနော် သိသလောက်ဆို ကျိုက်မရောထောင်ပဲပို့တယ်။ သူတို့ ဘာဆက်လုပ်လဲ ကျနော်လည်း မသိရဘူးလေ။ စစ်ဦးမှာပေါ့။ စစ်ဦးမှာနဲ့ ဘာနဲ့ဆိုရင်။ ဟို လူလာရွေးမယ့်သူတွေ ရှိတယ်လေ။ ထောင်ထဲပဲ ပို့မှာဆိုတော့။ ဒါကျနော်ထင်တာ ပြောတာနော်။ ကျနော်လည်း သေချာမသိရဘူးလေ”
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရ ဦးတိုးဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာတွေဟာ လမ်းခုလတ်မှာပဲ အသက်သေဆုံးတာနဲ့ ဖမ်းဆီးခံရနိုင်တယ်ဆိုတာသိပေမယ့် လွတ်လပ်စွာနေထိုင်နိုင်ဖို့ စွန့်စားနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရိုဟင်ဂျာအရေး ကူညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီ (ရခိုင်ပြည်နယ်) မှာကျတော့ သူတို့တွေ ဘယ်မှသွားခွင့်မရှိဘူး။ လူ့ဘဝမှာ သူတို့လည်း လွတ်လပ်စွာနေထိုင်ချင်တယ်။ အဲဒီလိုနေထိုင်ချင်တဲ့အခါ သေမထူး နေမထူးဆိုတဲ့စိတ်နဲ့ သေရင်လည်းမြေကြီး ရှင်ရင်လည်းရွှေထီးဆိုပြီး သူတို့ကိုယ်သူတို့ ဘဝကို အဆုံးခံပြီးတော့ ထွက်လာကြတာ။ ဒီလိုဖြစ်မယ်ဆိုတာလည်း ကြိုတွေးထား ကြပြီးသားပါ။ သူတို့ဘဝမှာ အနာဂတ်ဆိုတာ မရှိတော့ဘူးဆိုတဲ့ ခံယူချက်နဲ့ ရုန်းထွက်လာတာပဲ”
ဒီလို ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာလာတဲ့အခါ ရခိုင်ပြည်နယ်ကနေ မလေးရှားရောက်ဖို့ တစ်ဦးကို မြန်မာကျပ်ငွေသိန်း ၈၀ နီးပါးပေးရပြီး လမ်းခုလတ်မှာပဲ ပွဲစားတွေရဲ့ စွန့်ပစ်တာခံရတာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာတွေအတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးကတော့ နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက တရားစွဲထောင်ချလေ့ရှိတယ်လို့ ပြောပါတယ်။
“ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာတယ်ဆိုရင် အိမ်ထောင်စုစာရင်းထဲမှာ တကယ်တမ်းရှိတယ်ဆိုရင် ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်တော့ရတယ်။ တခြားနိုင်ငံကနေသူတို့က ဝင်လာတဲ့သူတွေ မဟုတ်ဘူးပေါ့။ တခြားနိုင်ငံက ဝင်လာပြီးတော့ မြန်မာနိုင်ငံကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားမယ်ဆိုရင်တော့ သူတို့ကကာကွယ်ခုခံပိုင်ခွင့် မရဘူး။ လဝက ဥပဒေ နယ်ကျော်ပေါ့နော်။ ၆(၂)၊ ၆(၃) လိုပုဒ်မတွေနဲ့ တရားစွဲတာတွေရှိတာပေါ့”
စစ်ကောင်စီရဲ့ တရားရုံးတွေကနေ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ - ၆(၂)၊ ၆(၃) တို့နဲ့ ရိုဟင်ဂျာတွေကို တရားစွဲထောင်ချလေ့ရှိတယ်လို့ သူက ပြောပါတယ်။
ဒီဥပဒေဟာ ငွေဒဏ်လည်းပေးဆောင်ရနိုင်ပြီး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်တယ်လို့ ရိုဟင်ဂျာအမှုလိုက် ရှေ့နေက ရှင်းပြပါတယ်။
စစ်ကောင်စီဟာ ဧရာတီတိုင်း ဘိုကလေးမြို့နယ်မှာ ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ ၁၁၆ ဦးကိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခဲ့ပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလ ၄ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းမှာ ရိုဟင်ဂျာ ၅၃၀ ခန့်ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီရိုဟင်ဂျာတွေဟာ မြန်မာပြည်ကနေ စက်လှေနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပြီး ရေလမ်းခရီးရှိရာ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အသီးသီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။