ရခိုင်ဒေသကိုစွန့်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၈၀၀ ခန့် အဖမ်းခံထားရ

ရခိုင်ပြည်နယ် စစ်တွေ၊ ဂွ၊ အမ်း၊ သံတွဲ၊ မောင်တော စတဲ့မြို့နယ်တွေနဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ ဒီနေ့အထိ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၈၀၀ လောက်ရှိပါတယ်။
ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ချက်တွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဒီရိုဟင်ဂျာတွေ ဦးရေကို သိရတာပါ။
ရခိုင်ပြည်နယ် ဂွမြို့နယ် ရဟိုင်းဝန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ကားတစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ရိုဟင်ဂျာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၁၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ ပွဲစားတွေနဲ့ချိတ် ဆက်ပြီး စစ်တွေမြို့နယ်ကတစ်ဆင့် ရန်ကုန်ကိုသွားရာမှာ ဖမ်းဆီးခံရတာပါ။
“ဒီလိုကြမ်းတမ်းတဲ့ခရီးတွေကို ရွေးချယ်တဲ့အခါမှာ အသက်ရှင်မလား၊ သေမလား မသိရဘူး"
သူတို့ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး ပို့ဆောင်ပေးသူ ခြောက်ဦးကိုလည်း အမှုဖွင့်အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် လူမှုကွန်ရက် စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။
အဲဒီနေရာမှာ ဒီရက်ပိုင်းအတွင်းမှာတင် မွတ်စလင် ၄၀ ကျော်ဖမ်းဆီးမိတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကုန်တင်ကားရဲ့ အလယ်မှာ ဝါးတွေနဲ့ အပြင်ကရံပြီးတော့ မွတ်စလင် အမျိုးသမီး ငါးဦးနဲ့ အမျိုးသား ၁၂ ဦးကို ထည့်လာတယ်။ ရဲက သတင်းရပြီးတော့ ဖမ်းတာ။ လဝကဥပဒေနဲ့ အရေးယူဖို့ပြင်ထားတယ်။ လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကလည်း ၁၉ ယောက်မိတယ်။ ဒီလပိုင်းအတွင်းဆိုရင် သုံးခါလောက်ရှိပြီ။ စုစုပေါင်းဆိုရင် လေးဆယ် ကျော်၊ ငါးဆယ်လောက်ရှိပြီ”
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကရက်ကြီး ကျွန်းအနီးမှာ မျောလာတဲ့ စက်လှေတစ်စင်းပေါ်မှာ ရိုဟင်ဂျာ ၆၅ ဦးကိုတွေ့ရှိခဲ့ပြီး အဲဒီ အထဲက ခုနစ်ဦးကတော့ သေဆုံးလျက်သား တွေ့ရတယ်လို့ ဒေသခံတွေ က RFA ကို ပြောပါတယ်။
သူတို့တွေဟာ စစ်တွေမြို့ကနေ ဩဂုတ်လ ၂၂ ရက်နေ့က ထွက်ခွာလာခဲ့တာဖြစ်ပြီး ရာသီဥတုဆိုးဝါးပြီး အစာရေစာပြတ်လပ်တာကြောင့် ၁၃ ဦး နာမကျန်းဖြစ်နေပြီး အဲဒီအထဲက ခုနစ်ဦး သေဆုံးခဲ့တာလို့ စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရတဲ့ အဲဒီရိုဟင်ဂျာတွေဟာ ဘိုကလေးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးကတော့ ရိုဟင် ဂျာတွေဟာ ဒီလို ကြမ်းတမ်းခဲ့ ခရီးသွားလာတာဟာ လက်ရှိမြေပြင်အခြေအနေမှာ ဒီထက် ဆိုးဝါးနေတာကြောင့်လို့ ပြောပါတယ်။
“ဒီလိုကြမ်းတမ်းတဲ့ခရီးတွေကို ရွေးချယ်တဲ့အခါမှာ အသက်ရှင်မလား၊ သေမလား မသိရဘူး။ ငါးဆယ်၊ ငါးဆယ်ပဲ။ ဘာကြောင့် ဒီလိုလမ်းကြောင်းကို ရွေးကြလဲဆိုတော့ လက်ရှိမြေပြင်အနေအထားက အဲဒီထက် ဆိုးဝါးနေလို့။ ရှင်လျက်နဲ့ သေသလိုဖြစ်နေ တယ်။ လူ့ဂုဏ်သိက္ခာဆိုတာ ဘာမှမရှိဘူး အဲဒီမှာ သွားလာလို့ မရဘူး။ ဆေးဝါးကုသ ခွင့်တွေမရှိဘူး၊ သွားလာမှုကန့်သတ်တာတော့ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံရတယ်၊ ဖမ်းဆီးခံရ တယ် စသဖြင့် ဒါတွေက များလာတဲ့အခါကျတော့ ရေကြည်ရာ၊ မြက်နုရာကိုသွားကြတာ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိရှိ၊ ရှင်သန်ဖို့အတွက် ထွက်သွားကြတာ”
အလားတူပဲ သံတွဲမြို့နယ် မှိုဟင်းပြင်ရွာအနီးမှာလည်း ဩဂုတ်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၂၆ ရက်နေ့အထိ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၅၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
သူတို့ဟာလည်း ရန်ကုန်မြို့ကတစ်ဆင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ဖို့ မောင်တောမြို့နယ်ကနေ ထွက်လာကြတာဖြစ်ပြီး လေပြင်းမုန်တိုင်းကြောင့် စက်လှေ ပျက်စီးသွားတဲ့အတွက် ကမ်းခြေအနီးက တောထဲ မှာပုန်းနေချိန် ဖမ်းဆီးခံခဲ့ရတာပါ။
အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက လက၀ ဥပဒပုဒ်မ - ၁၃ နဲ့ တရားစွဲဆိုပြီး အမြင့်ဆုံးထောင်ဒဏ် ငါးနှစ်အထိ ချမှတ်တာရှိတယ်လို့ ရခိုင်ဒေသတွင်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေအမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးတင်လှိုင်ဦးက RFA ကို ပြောပါတယ်။
“အထောက်အထား တစ်စုံတစ်ရာမရှိဘူး။ ပြီးတော့ အသွားအလာကန့်သတ်ခံထားရတဲ့ မွတ်စလင်တွေကျတော့ တချို့နေရာတွေမှာ ဖမ်းမိတယ်ဆိုရင် သူတို့ကို လဝကဥပဒေနဲ့ တရားစွဲဆိုတာ တွေ့ရပါတယ်။ များသောအားဖြင့် တော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း က နေပြီးတော့ မြန်မာနိုင်ငံထဲကို ခိုးဝင်လာကြတယ်။ သူတို့ကို လဝက ဥပဒေ ပုဒ်မ ၁၃(၁) တို့၊ ၁၃ (၅)တို့၊ ၁၃ (၂) တို့နဲ့ တရားစွဲတာတွေ ရှိတာပေါ့နော်”
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာအများစုဟာ စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးသွားကြတဲ့သူတွေဖြစ်တယ်လို့ ကူညီဆောင် ရွက်နေသူတွေက RFA ကို ပြောပါတယ်။
အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ပြစ်ဒဏ်တွေချမှတ်ပြီးရင် ရခိုင်ဒေသကို ပြန်လည်ပို့ဆောင်လေ့ ရှိတယ်လို့လည်း ရခိုင်ဒေသခံတွေက ပြောပါတယ်။
သူတို့ဟာ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေးခက်ခဲတာ၊ အလုပ်အကိုင်တွေ မရှိတာတွေနဲ့ အသွားအလာကန့် သတ်ထားတာတွေကြောင့် အခုလို မလေးရှားနိုင်ငံကို ထွက်ပေါက်ရှာ သွားလာနေကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေသတွင်းလူကုန်ကူးတားဆီးရေး ဆောင်ရွက်နေတဲ့ စစ်တွေမြို့နယ် သက္ကယ်ပြင် မွတ်စလင်ကျေးရွာက ဦးတင်လှိုင်ကတော့ သူတို့တွေကို နိုင်ငံသားအခွင့်အရေးအပြည့်အဝ ပေးမယ်ဆိုရင် အခုလို အခက်အခဲတွေ၊ ခိုးထွက်တာတွေ ဖြစ်မှာမဟုတ်ဘူးလို့ ထောက်ပြ ပါတယ်။
“ကျနော်တို့က ဒီနိုင်ငံမှာမွေးတယ်။ ဒီနိုင်ငံမှာကြီးလာတယ်။ ကျနော်တို့လူမျိုး အစ္စလာမ်ဘာသာဝင်တွေက ဘာဖြစ်လို့ ကျနော်တို့နိုင်ငံသားအခွင့်အရေး မရကြတာလဲ။ ဒါက ကျနော်တို့ရဲ့ခံစားချက်ပဲ၊ နိုင်ငံသားအခွင့် အရေးသာရမယ်ဆိုရင် ဒီလိုမျိုး ခိုးထွက် စရာလည်း မလိုဘူး။ အခက်အခဲတွေလည်း ကြုံလာမယ် မထင်ဘူး။ ဒီဟာတွေကို အစိုးရ ဘက်က ဦးဆောင်ပြီး လုပ်ဆောင်ပေးဖို့လိုပါတယ်။ အဲဒီနိုင်ငံသားကိစ္စကို”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့မှာ ရှိတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ ကျေးရွာတွေက ဒုက္ခသည်စခန်း ၁၄ ခုမှာ အခုအချိန် အထိ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေ ရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားခဲ့ရတဲ့ ရိုဟင်ဂျာ ခုနစ်သိန်းကျော်ဟာလည်း အခုအချိန်ထိ နေရပ်ကို ပြန်မလာ နိုင်ကြသေးပါဘူး။