ဘိုကလေးမှာအဖမ်းခံရတဲ့ ရိုဟင်ဂျာတစ်ရာကျော် ထောင်ငါးနှစ်အထိချမှတ်ခံရ

RFA Burmese
2023.01.09
ဘိုကလေးမှာအဖမ်းခံရတဲ့ ရိုဟင်ဂျာတစ်ရာကျော် ထောင်ငါးနှစ်အထိချမှတ်ခံရ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာ ကလေး ၁၂ ဦး အပါအဝင် အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး တို့ကို စစ်ကောင်စီရဲ့ ဘိုကလေးမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချလိုက်တယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ထောင်ချခံလိုက်ရသူတွေဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက နေရပ်စွန့်ခွာ ထွက်ပြေး လာကြသူတွေ ဖြစ်ပြီး ရခိုင်ပြည်နယ်ကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးစားရင်း ဧရာဝတီတိုင်းထဲအရောက်မှာ အဖမ်းခံခဲ့ကြရတာပါ။

ဘိုကလေးမြို့နယ်တရားရုံးက လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်ချက်များ အက်ဥပဒေ ပုဒ်မ - ၆(၂)၊ ၆(၃) နဲ့ထောင် နှစ်နှစ်၊ ပုဒ်မ - ၁၃(၁) နဲ့ထောင် ငါးနှစ် ချလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတွေရဲ့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။

"ဒေသခံတွေလည်း မသိလိုက်ဘူး၊ ဘယ်သူမှမသိလိုက်ဘဲနဲ့ သူတို့ (တရားရုံး)က တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်း အမိန့်ချလိုက်တယ်။ အမိန့်ချတဲ့အခါ နှစ်မျိုးခွဲလိုက်တယ်။ လဝက ဥပဒေပုဒ်မ- ၆(၂)၊ ၆(၃) ကို တစ်ဖွဲ့ခွဲတယ်။ ဟိုဘက်ကလာတယ်ပေါ့နော် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်လာတဲ့သူတွေကိုတော့ ပုဒ်မ - ၁၃(၁) နဲ့ ချလိုက်တာ။ ပုဒ်မ- ၆(၂)၊ ၆(၃) က နှစ်နှစ်ချတယ်။ ၁၃(၁)နဲ့က ငါးနှစ်ချတယ်။ သူတို့က အထောက်အထားမဲ့ပါတယ်ဆိုပြီး အမိန့်ချထားတာ။ အခုအမိန့်ချထားတဲ့သူတွေကို ဖျာပုံကိုပို့ရင်ပို့၊ မပိုရင် ပုသိမ်ထောင် ပို့လိမ့်မယ်"

အမိန့်ချခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေလာတဲ့ ရိုဟင်ဂျာ အရေအတွက်နဲ့ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာအရေအတွက်ကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကပြောပါတယ်။

ထောင် နှစ်နှစ်ချထားခံရတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၁၂ ဦးကိုတော့ လူငယ်ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ ငှက်အော်စန်း လူငယ် သင်တန်းကျောင်းနဲ့ တွံတေးလူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဖို့စီစဉ်နေတယ်လို့ ဘိုကလေးမြို့ခံတွေက ပြောပါတယ်။ ၁၈ နှစ်အထက် ရိုဟင်ဂျာတွေကိုတော့ ဖျာပုံအကျဉ်းထောင်ကို ပို့လိုက်တယ်လို့လည်း ပြောပါတယ်။

အခုဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာတွေထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ပါဝင်နေပြီး ဆေးကုသမှု ပေးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိုကလေးမြို့က ဖမ်းဆီးခံရိုဟင်ဂျာတွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

"ဒီဟာနဲ့ဆို ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက်ရှိသွားပြီ။ ၂၀၂၂ ခုနှစ်ထဲမှာပဲပေါ့နော်။ အကြိမ်က စိပ်လာတာပေါ့။ ပထမ တစ်ခေါက်နှစ်ခေါက်ကတော့ ဘာပဲဖြစ်ဖြစ်၊ လူမှုရေးအရ၊ ဘာသာရေးအရ ကျနော်တို့ ကူညီစောင့်ရှောက်ပေးတယ်။ ထောက်ပံ့ပေးတာ ကျနော်တို့ တစ်ဦးနှစ်ဦးတည်းပဲလုပ်တာ။ နောက်ပိုင်းက အကြိမ်အရေအတွက် များလာတော့ ကိုယ်တစ်ဦးတည်း မနိုင်တော့ဘူး။ ရပ်ကွက်က လူတွေကို အလှူခံတယ်။ ထမင်းထုပ်တောင်းတဲ့အဆင့်တွေ ဖြစ်လာတယ်။ ဆေးဝါး လည်း ကုသပေးရတယ်။ အဲဒီမှာက သုံးပုံနှစ်ပုံလောက်က ကျန်းမာရေး မကောင်းကြဘူး။ ဖျားတယ်နာတယ်။ အရေပြားရောဂါတွေပေါ့၊ မျိုးစုံပါပဲ။ အဲလိုဆေးကုပေးရတဲ့ အပိုင်းတွေ ရှိတယ်။ အဝတ်အစားတွေလည်း မလုံလောက်တဲ့အပိုင်းတွေ ရှိတယ်"

ဧရာဝတီတိုင်းအတွင်းမှာပဲ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်တွေမှာ ဖမ်းဆီးခံထားရတဲ့ နောက်ထပ် ရိုဟင်ဂျာ ၁၀၀ ကျော်ဟာ အချုပ်စခန်းတွေမှာပဲ ရှိနေသေးပြီး သူတို့ကို တရားရုံးမှာ စစ်ဆေးနေဆဲဖြစ်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

"ဆေးကုပေးရတဲ့ အပိုင်းတွေ ရှိတယ်။ အဝတ်အစားတွေလည်း မလုံလောက်တဲ့အပိုင်းတွေ ရှိတယ်"

ရိုဟင်ဂျာတွေ ထောင်ချခံရပြီးလို့ လွတ်ရက်စေ့ရင် သူတို့ရဲ့ မှုလနေရပ်ကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင်ပြီး ပြန်ပို့ပေးတယ်လို့ ဧရာဝတီတိုင်းထဲက ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလ ၄ ရက်က ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ ရိုဟင်ဂျာ အမျိုးသား ၁၂၉ ဦးနဲ့ အမျိုးသမီး ၁၀၈ ဦး၊ စုစုပေါင်း ၂၃၇ ဦး ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဖမ်းဆီးခံရရင် ထောင်ဝင်စာ တွေ့ဖို့ အခက်အခဲတွေရှိသလို မိသားစုဝင်တွေကလည်း နိုင်ငံသား အထောက်အထား မရှိတာကြောင့် သွားလာဖို့ခက်ခဲတယ်လို့ စစ်တွေမြို့က ရိုဟင်ဂျာအရေး ကူညီပေးသူတစ်ဦးက RFA ကိုပြောပါတယ်။

"ရခိုင်ပြည်နယ်ဘက်ကနေ ထွက်သွားတဲ့သူတွေ ထောင်ကျရင် ဘယ်လိုနည်းနဲ့မှ အဆက်အသွယ်မရဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့မိသားစုတွေက ရခိုင်မှာရှိနေပေမယ့် နိုင်ငံသားမဖြစ်သေးတော့၊ နိုင်ငံသားအခွင့်အရေးလည်း မရသေးတော့ ထောင်ကျသွား တဲ့သူတွေကို သွားကြည့်လို့လည်းမရဘူး။ ထောင်ဝင်စာပေးလို့လည်းမရဘူး။ အဲလို အခက်အခဲတွေရှိတယ်။ ဒါပေမဲ့ လူတစ်ရာမှာ တစ်ယောက်ပေါ့။ ထောင်ကျတဲ့အထဲ ချမ်းသာတဲ့ မိသားစုထဲကလည်း ပါကောင်းပါနိုင်တော့ သူတို့နည်းလမ်းတွေရှာပြီးတော့ ထောင်ဝင်စာ ပေးကောင်းပေးနိုင်တယ်။ ထောင်ဝင်စာမရမှာတော့ တစ်ရာမှာ ကိုးဆယ့် ကိုးယောက်ကတော့ ထောင်ဝင်စာတွေ သူတို့မိသားစုက သွားနိုင်မှာ မဟုတ်ဘူး။ အကုန်လုံးက ဆင်းရဲသားတွေဖြစ်နေလို့ပါ"

နေရပ်စွန့်ခွာလို့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို ထောင်ချတာထက် သူတို့ရဲ့ မူလနေရပ်ကို ပြန်ပို့ဖို့ ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်သူတွေက တောင်းဆိုနေကြတာပါ။

ဒါပေမဲ့လည်း စစ်ကောင်စီတရားရုံးတွေကတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ ထောင်ချနေဆဲဖြစ်ပါတယ်။

39-rohingya.jpg
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၃၉ ဦးအား တွေ့ရစဉ်။ (Photo: Citizen Journalist)

RFA က သီးသန့်ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၈၁၆ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၃၈၇ ဦးက လဝက ဥပဒေတွေနဲ့ထောင် နှစ်နှစ်ကနေ ငါးနှစ် ချမှတ်ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့မှာ ရှိတဲ့ ရိုဟင်ဂျာတစ်သိန်းကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ ကျေးရွာတွေက ဒုက္ခသည်စခန်း ၁၄ ခုမှာ အခုအချိန် အထိ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ရတဲ့ ရိုဟင်ဂျာ ခုနစ်သိန်းကျော်ဟာလည်း အခုအချိန်ထိ နေရပ်ကို ပြန်မလာနိုင်ကြသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။