ရိုဟင်ဂျာတွေကို ဗြိတိန် အကူအညီလျှော့ချနေကြောင်း Burma Campaign UK ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.09.15
ရိုဟင်ဂျာတွေကို ဗြိတိန် အကူအညီလျှော့ချနေကြောင်း Burma Campaign UK ပြော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။
Reuters

ဗြိတိန်အစိုးရဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒီနှစ်မှာ တတိယအသုတ်အဖြစ် ပေါင် ၃ သန်း အကူအညီပေးမယ်လို့ စက်တင်ဘာလ ၁၂ ရက်က ကြေညာလိုက်ပါတယ်။

ဒါကြောင့် အခုနှစ်မှာ ရိုဟင်ဂျာတွေအတွက်ကူညီငွေ စုစုပေါင်း ပေါင် ၁၆.၉ သန်းပဲ ရှိမှာဖြစ်ပါတယ်။ မနှစ်က ပေါင် သန်း ၂၀ ကျော် ကူညီခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်က ပေါင် ၁၁၂ သန်းကျော် ကူညီခဲ့ပါတယ်။ အဲဒီပမာဏနဲ့ နှိုင်းယှဉ်ရင် အခုနှစ်မှာ ၈၅ ရာခိုင်နှုန်း လျှော့ချလိုက်တာ တွေ့ရတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ထုတ်ပြန်ထားပါတယ်။

"ဗြိတိန်အစိုးရဟာ ရိုဟင်ဂျာတွေအတွက် အကူအညီ လျှော့ချဖြတ်တောက်မှုလုပ်တာကို ဖြတ်တောက်တယ်လို့ မကြေညာဘဲ အမြင်လှအောင် ပမာဏကို နည်းနည်းစီ အကြိမ်ကြိမ်ခွဲပြီး ကြေညာနေပါတယ်"

ဗြိတိန်အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပေးနေတဲ့ အကူအညီတွေကို တစ်နှစ်ထက် တစ်နှစ် လျှော့ချလာတဲ့အကြောင်း Burma Campaign UK အဖွဲ့တည်ထောင်သူ မာ့ခ် ဖာမနာက ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အခြားအကူအညီတွေ ပေးအပ်ဖို့ အလှူရှင်နိုင်ငံတွေက ဘယ်လောက်ထည့်ဝင်နိုင်မလဲဆိုတာ ကုလသမဂ္ဂက တောင်းခံစာပေးပို့ပါ တယ်။ အရင်ကဆိုရင် ဗြိတိန်အစိုးရက ပေါင် သန်း ၁၀၀ အထက်အထိ ထည့်ဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ဗြိတိန်အစိုးရကပေးတဲ့ အကူအညီပမာဏကို တော်တော်များများ လျှော့ချခဲ့ပါတယ်။ အခုနှစ်မှာ တော့ ရိုဟင်ဂျာတွေအတွက်ပေးမယ့် အကူအညီကို တစ်ကြိမ်တည်း မကြေညာဘဲ ပမာဏနည်းနည်းစီ သုံးကြိမ် ခွဲပြီးကြေညာခဲ့ပါတယ်။ ဒါပေမဲ့ စုစုပေါင်းပေးမယ့် အကူအညီပမာဏက အရင်နှစ်တွေကထက် ၈၅ ရာခိုင်နှုန်းလောက် လျော့ကျသွားတာတွေ့ရပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည် တွေအတွက် ပေးတဲ့ စားနပ်ရိက္ခာရာရှင်တွေ လျှော့ချဖြတ်တောက်တာ ကြုံနေရတာ ဖြစ်ပါတယ်။”

ဗြိတိန်ပါလီမန်ရဲ့ စာရင်းတွေအရ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအတွက် ဗြိတိန်နိုင်ငံက ပေါင် သန်း ၃၅၀ အထိ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ပေါင် ၁၁၂ သန်းအထိ အများဆုံးပေးခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ်မှာ ပေါင်သန်း ၂၀ အထိ လျှော့ချခဲ့ပြီး အခုနှစ် မှာတော့ အကူအညီတွေနဲ့ ပတ်သက်လို့ မေလက ပေါင် ၂.၃ သန်း၊ ဇူလိုင်လက ပေါင် ၁၁.၆ သန်းနဲ့ အခု စက်တင်ဘာလ ၁၂ ရက်က ပေါင် ၃ သန်း ပေးအပ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဗြိတိန်အစိုးရဟာ အခုလို အကူအညီလျှော့ချတာကို ပွင့်ပွင့်လင်းလင်းမကြေညာဘဲ လူမြင်ကောင်းအောင် လုပ်နေတယ်လို့လည်း Burma Campaign UK က မာ့ခ် ဖာမနာက ဝေဖန်ပါတယ်။

“ဗြိတိန်အစိုးရဟာ ရိုဟင်ဂျာတွေအတွက် အကူအညီ လျှော့ချဖြတ်တောက်မှုလုပ်တာကို ဖြတ်တောက်တယ်လို့ မကြေညာဘဲ အမြင်လှအောင် ပမာဏကို နည်းနည်းစီ အကြိမ်ကြိမ်ခွဲပြီး ကြေညာနေပါတယ်။ ဒီလိုလုပ်တာကြောင့် အကူအညီတွေ ပိုရနေသလိုထင်ရပေမဲ့ တကယ်တမ်းက အများကြီးလျှော့ချထားတာ ဖြစ်ပါတယ်။ ဒါကို ဗြိတိန်ပါလီမန်အမတ်တွေ သိအောင်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်”

အခုလို ရိုဟင်ဂျာတွေအတွက် အကူအညီ လျှော့ချဖြတ်တောက်နေတာတွေကို ရပ်တန့်ဖို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ် ကဲဗာလီနဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး အန်ဒရူး မစ်ချယ်တို့ကို Burma Campaign UK က တောင်းဆိုနေပါတယ်။

တစ်ချိန်တည်းမှာပဲ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကနေ ပေးအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီကိုလည်း ရန်ပုံငွေမလုံလောက်တဲ့အတွက်ကြောင့် တစ်ယောက်ကို တစ်လ ၁၂ ဒေါ်လာ နှုန်းကနေ ၈ ဒေါ်လာအထိ လျှော့ချဖြတ်တောက်ထားပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာရှိနေတဲ့ လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေရဲ့ ၃၈.၉ ရာခိုင်နှုန်း ကိုပဲ ဖြည့်ဆည်း ပေးနိုင်သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဗြိတိန်အစိုးရရဲ့ အကူအညီ လျှော့ချဖြတ်တောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အလွန်ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တဲ့အကြောင်း မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

“ယူကေအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအတွက် ထောက်ပံ့နေတဲ့ငွေတွေကို ဖြတ်တောက် တဲ့ဟာက တော်တော်လေးကို ပြဿနာရှိတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တစ်သန်းနီးပါး ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်မှာရှိနေတော့ ဒီဟာကနေ လူတွေက ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ မနေနိုင်တဲ့အခြေအနေ ဖြစ်သွားပြီးတော့ သင်္ဘောနဲ့ ထွက်သွားမယ့်သူတွေ ပိုများလာမယ်။ လှေတွေနဲ့ ထွက်သွားမယ့်သူတွေ ပိုများလာမှာကို စိုးရိမ်ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ယူကေမှာရှိနေတဲ့ အမတ်တွေနဲ့ ပူးပေါင်းပြီးတော့ ဗြိတိန်အစိုးရကို ဒါကို မဖြတ်ဘဲနဲ့ ပိုတိုးပေးဖို့ ဖိအားတွေပေးနေပါတယ်”

ကုလသမဂ္ဂရဲ့ အစီအစဉ်တွေအရ အခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အသိုက်အဝန်းက အကူအညီလိုအပ်နေသူ စုစုပေါင်း ၁.၅ သန်းလောက်ကို အကူအညီတွေ ပေးအပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၇၆ သန်းအထိ လိုအပ်မယ်လို့ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။