အစိုးရသတ်မှတ်တဲ့ စပါးစျေးဟာ လက်တွေ့မှာ ဝယ်ဖို့ ခက်ခဲနေ

ဝေယံမိုးမြင့်
2019.11.20
farmers-622 စပါးစိုက် တောင်သူတွေကို တွေ့ရစဉ်
Photo: RFA

အစောဆုံးထွက် ကောက်စောစပါး ထွက်ရှိတဲ့ ရခိုင်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ စပါးဈေးဟာ အစိုးရသတ်မှတ်တဲ့ အခြေခံရည်ညွှန်း ဈေးနှုန်းအောက်ကို ရောက်ရှိနေတာကြောင့် လယ်သမားတွေက တောင်းဆိုတဲ့အတွက် အစိုးရက စိုက်ထုတ်ဝယ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အဲဒီတိုင်းနဲ့ ပြည်နယ် လေးခုမှာ ငွေကျပ် ၁၅ ဘီလီယံအသုံးပြုပြီး ဝယ်ယူသွားဖို့ သတ်မှတ်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပါတယ်။

"နိုင်ငံတော်က လျာထားတာကတော့ ၁၅ ဘီလီယံ လျာထားတယ် အဲထဲကနေပဲ ခွဲဝေသုံးမယ်။ အခုဒါက တင်ပြတဲ့သူတွေကို အဓိကထားပြီး လုပ်ပေးတာ တကယ်လည်းပဲ ကောက်စောလိုဟာမျိုး စပါးဈေး ငါးသိန်း ဝန်းကျင်လောက်ရှိတဲ့ စပါးမျိုးရှိတယ် အဲဒါကြောင့် အဲနေရာတွေ သတ်မှတ်တာပါ"

အစိုးရက သတ်မှတ်စံနှုန်းနဲ့ ကိုက်ညီတဲ့စပါး တင်း ၁၀၀ ကို အခြေခံရည်ညွှန်းဈေး ငါးသိန်း သတ်မှတ်ပေးထား တာဖြစ်ပါတယ်။

သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အသီးသီးက ဆန်စက်လုပ်ငန်းရှင်တွေကို စပါးဝယ်ယူဖို့ တစ်နှစ် အတိုးမဲ့ ချေးငွေ ထုတ်ချေးပေးတာဖြစ်ပြီး ဆန်စက်လုပ်ငန်းရှင်တွေက လယ်သမားတွေထံကနေ ရည်ညွှန်ဈေးနှုန်းနဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က စပါးတွေကိုဝယ်ယူဖို့ ငွေကျပ် ငါးဘီလီယံ သတ်မှတ်ပေးထားပါတယ်။

ရခိုင်ပြည်နယ်က အစောဆုံးထွက်ကောက်စောစပါး လက်ရှိပေါက်ဈေးဟာ စပါးတင်း ၁၀၀ ကို  နှစ်သိန်းခွဲကနေ သုံးသိန်းခွဲဝန်းကျင် ဈေးနှုန်းရှိပါတယ်။

အစိုးရသတ်မှတ်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူပြီး ပြန်လည်ရောင်းချဖို့ ဈေးကွက်မရှိတာကြောင့် ဆန်စက်ပိုင်ရှင်တွေ မဝယ်ယူရဲ ဖြစ်နေတယ်လို့ နေမျိုးဆန်စက်ပိုင်ရှင် ဦးခိုင်ဖွားက ပြောပါတယ်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ တင်း ၁၀၀ ကို သုံးသိန်းခွဲလောက်ပဲ ရှိပါတယ်။ ဒီတစ်သိန်းခွဲလောက် ဈေးကျနေတာကို ဘယ်သူကလာဝယ်မှာလဲ ဘယ်သူက တာဝန်ယူမှု တာဝန်ခံမှုရှိမှာလဲ ကျွန်တော်တို့ သဲသဲကွဲကွဲလည်း မသိရပါဘူး။ မြောက်ဦးတို့ ပုဏ္ဍားကျွန်းတို့ ဆိုလိုရှိရင် ဝယ်မယ့်သူမရှိသလောက် ရှားပါးနေပါတယ်။ ကျွန်တော်တို့ဆီမှာ သိရသလောက် ငါးသိန်းနဲ့ ဝယ်တာလည်း မတွေ့ရသေးပါဘူး။ နောက်လည်း ကြားရသလောက် ငါးသိန်းဈေးနဲ့ ဝယ်မယ်ဆိုတာ ပြောသာဖြစ်မယ် တကယ်လက်တွေ့မှာ မဖြစ်လာနိုင်ဘူးလို့ ယူဆပါတယ်"

အစိုးရသတ်မှတ်ဈေးနှုန်းအရဆိုရင် ၂၄ ပြည် ဆန်တစ်အိတ်ကို ၂၂၅၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး လက်ရှိ ပေါက်ဈေးက ရန်ကုန်အရောက် ၂၄ ပြည်ဆန်တစ်အိတ်ကို ၁၈၅၀၀ ကျပ်သာရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာဌာနတွေက ချေးငွေနဲ့အမှန်တကယ် စပါးဝယ်ယူထားတယ်ဆိုတာကို လာရောက်စစ်ဆေး ချိန်မှာ ဝယ်ယူထားတဲ့ စပါးကို ပြသနိုင်ရမယ်ဆိုတဲ့အချက်ကြောင့် စပါးကိုဝယ်ယူပြီး ကြိုက်တဲ့အချိန် ထုတ်ရောင်းချခွင့်ကို ထိန်းချုပ်ထားသလိုဖြစ်နေတယ်လို့လည်း ဆန်စက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

လွတ်လပ်တဲ့စပါးဝယ်ယူမှုပုံစံမှာမရှိပဲ ထိန်းချုပ်မှုတွေရှိနေတာကြောင့် ဆန်စက်လုပ်ငန်းရှင်တွေက မဝယ်ယူလိုကြဘူးလို့ ရခိုင်ပြည်နယ် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

"သူက လွတ်လပ်တဲ့ စပါးဝယ်တဲ့ပုံစံမျိုးမဟုတ်ဘူး။ ထိန်းချူပ်မှုတစ်ခုအောက်မှာရှိတယ်လို့ သူတို့က ခံစားရတယ်။ အဲဒီ ငါးဘီလီယံနဲ့ ဝယ်ထားတဲ့စပါးကို သူတို့ဘယ်လိုရောင်းမလဲပေါ့။ လက်ရှိပေါက်ဈေးက လေးသိန်းဝန်းကျင်ရှိရင် သူတို့က ငါးသိန်းနဲ့ ဝယ်မယ်ဆိုရင် အပြင်ကိုထုတ်ပြီး ဘယ်လိုရောင်းမလဲပေါ့။ ရောင်းမယ်ဆိုကထဲက အရှုံးပေါပြီပေါ့ အဲလိုပုံစံမျိုးတွေးကြတယ်။ အဲလိုထုတ်ရောင်းမယ်ဆိုရင်လည်း ရောင်းချင်တဲ့အချိန်မှာ ရောင်းလို့မရဘူး သူတို့လာကြည့်တဲ့အခါမှာ စစ်ဆေးတဲ့အခါမှာ အဲစပါးတွေ ရှိရမယ်ပေါ့ အဲလိုပုံစံမျိုး ထိန်းချုပ်မှုတွေရှိတယ်လို့ သူတို့ဆီက ကြားရတယ်"

ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိပြီး မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေကြောင့် မစိုက်ပျိုးနိုင်တဲ့ဧက နှစ်သိန်းကျော် ရှိနေပြီး စိုက်ပျိုးပြီးမရိတ်သိမ်းနိုင်တဲ့ ဧကဟာ ခန့်မှန်း လေးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။

ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်တွေဟာ စပါးအထွက်ဆုံး မြို့နယ်တွေဖြစ်ပြီး မြောက်ဦးမြို့နယ်မှာ စပါးစိုက်ဧက တစ်သိန်းကျော်ရှိပါတယ်။

ဧက ၅၀၀၀ ကျော်လောက်ဟာ မစိုက်ပျိုးနိုင်သလို စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်တဲ့ ဧက ၂သောင်းကျော် ရှိတယ်လို့ မြောက်ဦးမြို့နယ်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ လယ်သမား တစ်ဦးလည်းဖြစ်သူ ဦးစောနိုင်က ပြောပါတယ်။

တိုက်ပွဲကြောင့် မရိတ်သိမ်းနိုင်သေးတဲ့စပါးတွေက တစ်လအတွင်း မရိတ်သိမ်းနိုင်ရင် ပျက်စီးသွားတော့မှာ ဖြစ်တယ်လို့ ဦးစောနိုင်က ပြောပါတယ်။

"မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာရှိတဲ့ လက္ကာတို့ အောက်သွားကန်တို့ အဲတောက်လျှောက်က တိုက်ပွဲတွေ ရှိနေတော့ ဝင်တောင်မဝင်ရဲဘူး အဲ့လိုတွေရှိနေတယ်။ ရိတ်သိမ်းဖို့အတွက် တချို့စက်တွေကတော့  ရောက်နေပါပြီ။ ဒါပေမဲ့ အဲ့နေရာတွေကိုသွားပြီး မရိတ်ရဲဘူး။ အနည်းဆုံးတော့ နောက်တစ်လ အတွင်းမှာ ရိတ်ကိုရိတ်ရမှာ အဲ့ဒီထက်နောက်ကျရင် အခြေအနေမကောင်းဘူး"

တိုက်ပွဲတွေဖြစ်ပွားပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အတွက် စပါးတွေကို ရိတ်သိမ်းနိုင်တယ်ဆိုရင်တောင် ချက်ချင်းမရောင်းချနိုင်ရင် သိုလှောင်ထိမ်းသိမ်းဖို့ နေရာမရှိဖြစ်နေရတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧကတွေဟာ တစ်ဧကကို စပါး တင်း ၆၀ ကနေ ၇၀ ကျော်အထိ ထွက်ရှိတယ်လို့ သိရပါတယ်။

ပြည်နယ်တစ်ခုလုံး စိုက်ဧက ၁၂ သိန်းကျော်မှာ ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ စိုက်ဧက ရှစ်သိန်းလောက်က တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ရှစ်မြို့နယ်မှာရှိတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။