နိုင်ငံတစ်ဝန်း စပါးစိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းခန့်ကျဆင်း

2022.10.12
နိုင်ငံတစ်ဝန်း စပါးစိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းခန့်ကျဆင်း ရန်ကုန်တိုင်း ဒလမြို့နယ်မှ နွေစပါးရိတ်သိမ်းနေသူတချို့အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်းမှာ နှစ်စဉ် ရာသီအလိုက် မိုးစပါး၊ နွေစပါး စိုက်ပျိုးတဲ့ စိုက်ပျိုးမြေဧက ၁၈ သန်းရှိပေမယ့် အာဏာသိမ်းပြီးနောက်ကြုံလာရတဲ့ အထွေထွေအကျပ်အတည်းတွေ ကြောင့် ၆၀ ရာခိုင်နှုန်းခန့်လောက်သာ စိုက်ပျိုးထုတ်လုပ်နိုင်တော့တယ်လို့ လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်နေသူတွေက ပြောဆိုကြပါတယ်။

လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုရတဲ့ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတွေ အပြင် စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် ပုံမှန်စိုက်ပျိုးနေကျ လယ်မြေတွေအားလုံး မှာ မစိုက်ပျိုးနိုင်တော့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဧရာဝတီတိုင်းမှာဆိုရင်လည်း စိုက်ပျိုးစရိတ် မြင့်တက်တဲ့အတွက် မိုးစပါးကိုသာ အဓိကထား စိုက်ပျိုးနေရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

"ခါတိုင်းနှစ်တွေကလိုလည်း မထွက်တော့ဘူး။ ဒီနှစ်တွေဆို စားဖို့တောင် အနိုင်နိုင်ပြုစုနေရတယ်"

ကုန်ကျစရိတ်ကြီးမြင့်ပြီး တွက်ခြေမကိုက်တော့တာကြောင့် နွေစပါးကို စိုက်ပျိုးနိုင်မှာ မဟုတ်တော့ဘူးလို့ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က တောင်သူ ကိုအေးသိန်း (အမည်လွှဲ) က RFA ကို ပြောပါတယ်။

"နွေစပါးက ကျန်တဲ့လူတွေတော့ မပြောတတ်ဘူး၊ ကျနော်ကတော့ မစိုက်တော့ဘူး၊ ဒီနွေသီးနှံကို ပလပ်လိုက်တော့မယ်။ မိုးတစ်ရာသီပဲ စိုက်တော့မယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က နွေရာသီအတွက် ဈေးနှုန်းတွေကို တွက်ချက်ကြည့်လိုက်တော့ သွင်းအားစုက တစ်ဧကကို ဆယ်သိန်းဝန်းကျင်လောက် ကျမယ်ဆိုတော့၊ စပါးဈေး ကလည်း အဲဒီလောက်ပဲ ရမယ်ဆိုရင် ကျနော်တို့ မကိုက်ဘူး။ ဒီကြားထဲမှာ မိုးတို့၊ ပိုးမွှားတို့ ဖျက်ရင် ဆုံးရှုံးရဦးမယ်၊ ပလပ်လိုက်ရင် မဆုံးရှုံးတော့ဘူးလေ၊ ကျနော့် အနေနဲ့ကတော့ မစိုက်ဘူး"

အာဏာမသိမ်းခင်က ဒီဇယ်လေးဂါလံတစ်ပုံးကို ကျပ်တစ်သောင်းကျော်သာရှိခဲ့ပေမယ့် အခုဆိုရင် ကျပ်ငါးသောင်းထိ ရှိနေတယ်လို့ သူက ဆိုပါတယ်။

ပဲခူးတိုင်းမှာ လယ်ယာလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လာတဲ့ ဦးအေးမြင့်ကလည်း ငွေကြေး အခက်အခဲကြောင့် လယ်ခြောက်ဧကအနက် သုံးဧကသာ စိုက်ပျိုးနိုင်တော့တယ်လို့ ပြောပါတယ်။

"စိုက်ပျိုးစားရိတ်က ရတယ်လေ၊ ရပေမယ့်လည်း မဆပ်နိုင်တော့ အတိုးပဲသပ်နေရတယ်၊ ဦးလေးက လေးဧကပဲ လုပ်တော့တယ်၊ ငွေရေးကြေးရေး မတတ်နိုင်တော့ ကျန်တာ ဆက်မလုပ်တော့ဘူးပေါ့၊ ဓာတ်မြေဩဇာက တစ်ဧကကို တစ်အိတ်ပက်နိုင်မှာ၊ အခုဆို ဦးလေးက လေးဧကကို တစ်အိတ်ပဲ ပက်နိုင်တယ်၊ ရှေ့လျောက်ဆို ပေါင်းသတ်ဆေးဖိုး တွေနဲ့ ဆီဈေးတွေမကိုက်တော့ အထွက်နှုန်းအနေနဲ့ကျတော့ မကိုက်တော့ဘူး"

အာဏာမသိမ်းခင်ကဆိုရင် ဓာတ်မြေဩဇာ တစ်အိတ်ကို ကျပ်နှစ်သောင်းခွဲသာရှိခဲ့ပေမယ့် အခုကာလမှာတော့ ကျပ်နှစ်သိန်းအထိ ဈေးနှုန်းမြင့်နေတာလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဘေးကြား၊ ပေါ်ဆန်းမွှေး၊ ဧည့်မထ၊ နှံစား၊ ရက်ကိုးဆယ်၊ ဆင်းသွယ်လတ် စတဲ့ဆန်စပါးတွေကို အများဆုံးစိုက်ပျိုးကြသလို မြေဩဇာ ကောင်းမွန်မှုအပေါ်မူတည်ပြီး တစ်ဧကကို စပါးတင်း ၃၀ ကနေ တင်း ၁၂၀ အထိ ထွက်တယ်လို့ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့ဟာ မြန်မာနိုင်ငံမှာ စပါးအများဆုံးစိုက်ပျိုးတဲ့ ဒေသတွေဖြစ်ပြီး စစ်ကိုင်းတိုင်း ရွှေဘိုမြို့က ရွှေဘိုပေါ်ဆန်းမွှေးဆန်ဟာ နိုင်ငံတစ်ဝန်းမှာ နာမည်ကြီးတဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေပြီး နယ်မြေမတည်ငြိမ်တာကြောင့် အချိန်မီ မစိုက်ပျိုးနိုင်ဘူးလို့ ရွှေဘိုမြို့က ဒေသခံ လယ်သမား ကိုမျိုးသန့်က RFA ကို ပြောပါတယ်။

"အိမ်ထဲကနေ အိမ်အပြင်တောင် မထွက်ရဲဘူးဗျာ၊ ရွာထဲကနေ ဘယ်မှမသွားရဲဘူး၊ မြေဆီပက်ချိန်မှာလည်း မြေဆီမပက်ရဲဘူး။ ရေဖောက်ချရမယ့် အချိန်မှာလည်း ဖောက်မချရဘူး။ ရေလှောင်မိသလိုဖြစ်ပြီး စပါးတွေက အောက်ကသေတဲ့အပင်က သေနေပြီ၊ အခုနောက်ပိုင်းဆိုရင်တော့ ကျနော်တို့ လယ်တွေလည်း ဂရုစိုက်မပေးနိုင် တော့ဘူး။ ခါတိုင်းနှစ်တွေကလိုလည်း မထွက်တော့ဘူး။ ဒီနှစ်တွေဆို စားဖို့တောင် အနိုင်နိုင်ပြုစုနေရတယ်"

မြန်မာတစ်နိုင်ငံလုံးမှာ စုစုပေါင်း သီးနှံစိုက်ပျိုးတဲ့ ဧက ၃၃.၂ သန်း ရှိတဲ့အထဲက မိုးစပါးကို ဧက ၁၅ သန်း၊ နွေစပါးကို ဧက ၃ သန်းစိုက်ပျိုးကြောင်း ဩဂုတ်လ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူလယ်သမား အများစုဟာ အရင်းအနှီးမရှိတဲ့ အခက်အခဲတွေကို အများဆုံးကြုံနေရတယ်လို့ တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်က တာဝန်ရှိသူ ဦးဇော်ရမ်းက ပြောပါတယ်။

"စပါးတင်း တစ်ရာကို ငွေဆယ်သိန်း၊ အဲဒီဆယ်သိန်းကလည်း တင်းတစ်ရာထွက်မှ ပြန်ရမှာ၊ လောလောဆယ် ရင်းရမှာက အနည်းဆုံး ၇ သိန်းအထက်ဖြစ်နေတယ်၊ ဒါလုပ်အားခ မပါသေးဘူး၊ အဲဒါကြောင့် လယ်သမားတွေ အကုန်စိုက်ပြီး ထုတ်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး၊ အစိုးရကလည်း အဒါကို လုံးဝမဖြေရှင်းနိုင်ဘူး၊ အစိုးရက သွားကိုမပြောတော့နဲ့ ငွေထုတ်ပေးဖို့ ဆိုတာကလည်း တစ်ဧက တစ်သိန်းထုတ်ပေး တာကလည်း ဟိုမှာ ကုန်ကျငွေက ၇ သိန်းဖြစ်နေတော့ ဆင်ပါးစပ် နှမ်းပက်သလိုပဲ"

မြန်မာနိုင်ငံမှာ တစ်နှစ်ကို မိုးစပါး တင်းသိန်း ၉,၀၀၀၊ နွေစပါး တင်းသိန်း ၂,၇၀၀ ထွက်ရှိပြီး အဲဒီနှစ်ခုပေါင်းရင် ဆန် မက်ထရစ်တန်ချိန် ၁၄ သန်းခွဲရှိတယ်လို့ ဦးဇော်ရမ်းက ပြောပါတယ်။

farmer-dala.jpg
ရန်ကုန်တိုင်း ဒလမြို့နယ်မှ နွေစပါးရိတ်သိမ်းနေသည့် လုပ်ငန်းခွင်တစ်ခုအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါပေမဲ့လည်း သွင်းအားစုစရိတ်မြင့်မားတဲ့ နွေစပါး ဆက်မစိုက်ပျိုးဖို့ တောင်သူအများစုက ပြင်ဆင်နေတာကြောင့် အာဏာသိမ်း စစ်ကောင်စီဘက်က ထောက်ပံ့ငွေတချို့ပေးဖို့ စီစဉ်နေပါတယ်။

လာမယ့် ရာသီမှာ စိုက်ပျိုးမြေ ဧက ရှစ်သိန်းခွဲအတွက် လိုအပ်တဲ့ သွင်းအားစုတွေဝယ်ယူ နိုင်ဖို့ တစ်ဧကကို ထောက်ပံ့ငွေ နှစ်သိန်း ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဥက္ကဋ္ဌ ဦးရဲမင်းအောင်က RFA ကို ပြောပါတယ်။

"မကြာခင်ဆို နွေစပါးစိုက်ရတော့မယ်လေ၊ နွေစပါးစိုက်တော့မယ်ဆိုရင် ဒီဇယ်ဆီ လိုအပ်ချက်ရှိတယ်၊ ဒီဇယ်ဆီ လွယ်လွယ်ကူကူနဲ့ သက်သက်သာသာ ဝယ်ယူရရှိဖို့ အတွက် ဆောင်ရွက်ပေးဖို့ကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေပြီးတော့ ညှိနှိုင်းဆောင်ရွက်နေတာရှိတယ်ပေါ့နော်။ အဲဒါက တစ်အချက်ပေါ့နော်။ နှစ်အချက် ကတော့ နွေရာသီစပါးမှာ စီးပွားရေး မြှင့်တင့်မှု ရန်ပုံငွေထဲကနေ ပြီးတော့ နွေစပါးစိုက် ဧရိယာ ရှစ်သိန်းခွဲအတွက်၊ တစ်ဧကကို နှစ်သိန်းနှုန်းနဲ့ ဓာတ်မြေဩဇာ သွင်းအားစုကို ထောက်ပံပေးမယ့် အစီစဉ်ရှိတယ်၊ ဒီအစီစဉ်ကလည်း နွေစပါးစိုက်မယ့် တောင်သူတွေ အတွက် တော်တော်ကောင်းမွန်တဲ့ အစီစဉ်ဖြစ်တယ်ပေါ့နော်။ အဲဒီအတွက်လည်း ကျပ်ဘီလီယံ တစ်ရာလေးဆယ်လောက် သုံးပြီးတော့ ဆောင်ရွက်မယ့် အနေအထား တစ်ခုလည်း ရှိတာပေါ့နော်"

ရာသီချိန်စပါးအမျိုးအစားပေါ် မူတည်ပြီး တင်း ၁၀၀ ကို ငွေကျပ် ၁၀ သိန်းကနေ ၂၅ သိန်း ဝယ်ဈေးသတ်မှတ်ထားတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး အစီရင် ခံစာမှာ အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူ ၁၂ သန်းဟာ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ကြုံတွေ့နေရသလို လူဦးရေ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုဒဏ် ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။