သုံးနှစ်ကျော်အတွင်း ကုန်ဈေးနှုန်း သုံးဆမြင့်တက်
2024.05.25
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းက သုံးဆလောက် တက်လာတဲ့အတွက် ပြည်တွင်းမှာ စားဝတ်နေရေး အခက်ကြုံနေကြရပါတယ်။
“ကုန်ဈေးနှုန်းကလေ သုံးဆလောက်ကို တက်သွားတာ၊ ဝင်ငွေက မတိုးဘဲနဲ့ကို၊ ကုန်ဈေးနှုန်းတွေက တက်သွားတော့ စားရတာ တော်တော်ကို ဒုက္ခရောက်တယ်”
ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ရင်ဖွင့်သံပါ။
အရင်က ၁၂၀၀ လောက်ပေးရတဲ့ ဆန်ကြမ်းတစ်ပြည်ကို အခု ၅၆၀၀ လောက် ပေးနေရပြီး ပေါ်ဆန်းဆို အခု တစ်ပြည် ၈၅၀၀ လောက် ဖြစ်နေတာပါ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က တစ်လ အခြေခံစားစရိတ် သုံးသိန်းလောက် ကုန်ကျတဲ့ မိသားစုတစ်စုဟာ အခုဆို တစ်လ ခြောက်သိန်းလောက်နဲ့ လောက်ငအောင် ခြိုးခြုံချွေတာ နေကြရပါတယ်။
အခြေခံစားသောက်ကုန်အားလုံး ဈေးတက်နေတာကြောင့် အရာရာ လျှော့သုံးနေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“အစ်မဆို တစ်နေ့ကို အလွန်ဆုံး ပျမ်းမျှသုံးရင် တစ်သောင်းခွဲလောက်ပဲ သုံးနိုင်မှာပေါ့။ ဆန်နဲ့ဆီနဲ့တင် ဆီဈေးတွေလည်း တစ်အားတက်။ အစစ အရာရာ ကြက်သွန်တွေကအစ ကုန်ဈေးနှုန်းတွေက အကုန်တက်တော့လေ။ လျှော့လျှော့ပေါ့ပေါ့ကို တော်တော် သုံးနေရတယ်။”
မနက်စာ၊ နေ့လယ်စာနဲ့ ညစာ ပုံမှန် တစ်နေ့သုံးနပ်စားတဲ့နေရာမှာ မိသားစုလေးယောက် မျှတစားရတဲ့ မနက်စာတစ်ခုတည်းတင် ငွေငါးထောင်လောက် သုံးနေရတာလို့လည်း သူက ဆိုပါတယ်။
“အရင်ဆို မုန့်ဟင်းခါးတို့ ဘာတို့စားမယ်ဆိုရင် တစ်ပွဲမှ သုံးရာပေါ့ လေးရာ၊ အခုတစ်ပွဲကို တစ်ထောင်ကွာ၊ တစ်ချို့ဆိုင်ကျတော့ အကြော်နဲ့ကို ၁၂၀၀၊ အသုပ်တောင်မှ တစ်ပွဲ တစ်ထောင်ကွာ၊ လက်ဖက်ရည်တစ်ခွက်ကို အရင်ဆိုရင် ခြောက်ရာ/ငါးရာ လောက်ပဲရှိတယ်၊ အခုဆိုရင် လက်ဖက်ရည်တစ်ခွက်ကို ၂၃၀၀၊ အဲလိုဆိုတော့ မနက်ပိုင်းကို စားမယ်သောက်မယ်၊ လက်ဖက်ရည်နဲ့ ဝယ်လိုက်ပြီဆိုလို့ရှိရင်၊ အဲတာတောင်မှ လက်ဖက်ရည်ကို တစ်ယောက် တစ်ခွက်သောက်တာ မဟုတ်ဘူးနော်၊ ၂ ခွက်ကို ၄ ယောက်ပေါ့၊ မျှသောက်တာတောင်မှ မနက်ပိုင်းတင် ငါးထောင် ကုန်သွားပြီ... မုန့်ဖိုးတင်”
အရင်က ကြက်ဥ အလုံးကြီးကြီးကောင်းကောင်း တစ်လုံးကို ၁၂၀ လောက်ကနေ အခုဆို တစ်လုံး ၃၅၀ ဖြစ်နေပါပြီ။ ၃၀၀ တန်ဆို စံမမီတဲ့ ခပ်သေးသေး ကြက်ဥပဲရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အလားတူ ဘဲဥဈေးကလည်း အရင်က အသားဟင်းတစ်ခွက်ဈေး ဖြစ်လာပြီလို့ အိမ်အသုံးစရိတ်တွေကို နေ့စဉ်စီမံနေရတဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“အရင်တုန်းက ဘဲဥဝယ်တာ ၂၅၀၊ ၃၀၀ ဒီနေ့ ဘဲဥတစ်လုံး ၅၀၀ ဆေးဘဲဥ တစ်လုံးကို ၇၀၀ ဖြစ်နေတယ်၊ အိမ်မှာက သုံးယောက်ဆိုတော့ ည မနက် ခြောက်လုံး မဟုတ်လား၊ ခြောက်လုံးဆိုတော့ အသားဟင်းလောက် ဖြစ်နေပြီလေ။”
စားဝတ်နေရေးဆိုတဲ့အတိုင်း စားစရိတ်အပြင် နေထိုင်စရိတ် အသုံးစရိတ် စသဖြင့် ကဏ္ဍအလိုက် ကုန်ကျစရိတ်တွေ လူတိုင်းမှာ ရှိနေတာပါ။
အခုက ရှာလို့ရတဲ့ငွေတွေဟာ စားစရိတ်တစ်ခုနဲ့ပဲ ကုန်နေရတယ်လို့ သူက ဆိုပါတယ်။
“မစုမိတော့ဘူးပေါ့၊ ဒီစားဖို့ထဲပဲ ပြန်ပါနေတာပေါ့၊ ရှာသမျှဟာက ဒီစားဖို့ထဲပဲ ပြန်ရောက်သွားပြီ ဒါပဲ၊ ဒီနေ့ ဒီဈေးနဲ့ရတယ်၊ နောက်တစ်နေ့ ထပ်တက်တယ်၊ နောက်တစ်နေ့ထပ်ဝယ်၊ နောက်တစ်နေ့ ထပ်တက်တယ်၊ အဲလိုမျိုးကြီးဖြစ်နေတာ၊ ရှိတဲ့သူကျတော့လည်း ဝယ်စုထားလို့ရတာပေါ့၊ မရှိတဲ့လူကျတော့ တစ်နေ့ ကိုယ်လိုသလောက်ပဲ ဝယ်တာပေါ့လေ။”
၂၀၂၁ မတိုင်ခင်က အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၁၃၀၀ ရှိခဲ့ပြီး အဲဒီတုန်းကဆို တစ်လကို ပုံမှန်ဝင်ငွေ သုံးသိန်းခွဲဝန်းကျင်ရှိတဲ့ လူတစ်ယောက်ဟာ အခု တစ်ဒေါ်လာ လေးထောင်ကျော်လာချိန်မှာ ဝင်ငွေက ဆယ်သိန်းကျော်ရှိနေမှ တက်လာတဲ့ ကုန်ကျစရိတ်တွေကို ကာမိမှာပါ။
ဒါပေမဲ့ လက်ရှိမှာတော့ ပျမ်းမျှလူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေအများစုဟာ ဖောင်းပွလာတဲ့ ငွေကြေးနဲ့အညီ တိုးမလာတာကြောင့် အခက်ကြုံနေရတာပါ။
ပုဂ္ဂလိကဘဏ်တစ်ခုမှာ ဆယ်စုနှစ်တစ်စုကျော်လုပ်လာတဲ့ အမည်မဖော်လိုတဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး ကလည်း အခုလို နှိုင်းယှဉ်ပြပါတယ်။
“အရင်တုန်းကဆိုရင် လစာက သုံးသိန်းကျော်ရတယ်... ဈေးသွားမယ်ဆိုရင် ဈေးထဲမှာ ပေါ်ဆန်း တစ်ပြည်ဆိုရင် ၂၅၀၀၊ ပိုက်ဆံတစ်သောင်းကိုင် သွားမယ်ဆိုရင် ကလေးအတွက် မုန့်တွေဝယ်မယ်ဆိုလည်း အများကြီး စားရတယ်။ အခု ဒီသုံးနှစ်နောက်ပိုင်းမှာမှ လစာက တစ်သိန်းလောက်တိုးပေမဲ့ လစာက လေးသိန်းကျော်လောက် ဖြစ်သွားတယ်။ လစာတိုးလာတာပဲရှိတယ်။ ကုန်ဈေးနှုန်းက မြင့်မားလာတယ်။ ပေါ်ဆန်းတစ်ပြည်ဆိုလည်း ၈၅၀၀၊ ကလေးအတွက်မုန့်ဝယ်မယ်ဆိုလည်း ဘယ်လောက်မှမရဘူး၊ လောက်ငအောင် ခြစ်ကုတ်ပြီးတော့ သုံးနေရတယ်ပေါ့နော်။”
စားသောက်ကုန်ဈေးတွေ တက်လာသလို တစ်ဖက်မှာလည်း စက်သုံးဆီဈေးတွေက တရိပ်ရိပ် တက်လာနေတာပါ။
သွားလာရေးအတွက် ဆိုင်ကယ်တွေကို ခြေထောက်လို အသုံးပြုနေရတဲ့ ဧရာဝတီတိုင်း က အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက အခုတော့ ဆိုင်ကယ်တောင် လျှော့သုံးနေရတယ်လို့ ဆိုပါတယ်။
“အရင်တုန်းက ဆိုင်ကယ်ထဲကို ဆီ ငါးထောင်ဖိုးထည့်ရင် တစ်ပတ်လောက်တော့ အသုံးခံတယ်၊ အခုကတော့ ဆီက ငါးထောင်ဖိုးထည့်ရင် သုံးရက်လောက်ပဲ အသုံးခံတော့တယ်၊ ဆိုင်ကယ်နဲ့ ဈေးလည်း မသွားတော့ဘူး၊ တော်တော်ကြီးကို လျှော့ချလိုက်တာ၊ ငါးဆယ်ရာခိုင်နှုန်းလောက်လျှော့ချလိုက်တယ်၊ ဆိုင်ကယ်နဲ့ မသွားတော့ဘူး၊ တကယ့်အရေးကြီးတဲ့ဟာလောက်ပဲ သုံးတော့တယ်၊ ဘာလို့ဆို ဆီဈေးက ထည့်ရတာနဲ့ မကိုက်ဘူးဖြစ်နေတယ်”
ဒီရက်ပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၅၂ သိန်းနီးပါးအထိ စံချိန်တင် မြင့်တက်နေပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းကလည်း တစ်ဒေါ်လာကို ငွေကျပ် လေးထောင်ကျော်အထိ ရှိလာနေတာပါ။
စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ ရွှေဈေးနှုန်း လေးဆနီးပါး မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ထပ်တက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။