မတ္တရာမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ

RFA Burmese
2024.06.27
မတ္တရာမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Myanmar Military

[Update: 4: 50 PM, June 27, 2024]

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့အကြား ဇွန်လ ၂၅ ရက်နေ့ကစလို့ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မတ္တရာမြို့နယ် အင်ကြင်းမြိုင်ရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို သိမ်းပိုက်ထားတယ်လို့ စစ်ဆင်ရေးမှာပါဝင်နေတဲ့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ဒီနေ့ညနေက ပြောပါတယ်။

“အင်ကြင်းမြိုင်တပ်စခန်းကို သိမ်းလိုက်ပြီးတော့ အခုသူတို့က လေယာဉ်တွေနဲ့ လာကြဲနေတာဗျ။ မနေ့ကတည်းက သိမ်းပြီးတာဗျ။ အခုဟာက သူတို့ ဂျက်ဖိုက်တာတွေလာကြဲတယ်။ အဲဒီ Mi 35 တွေနဲ့ လာပစ် တယ်ဗျ။ အခုလောလောဆယ် လက်ရှိမှာတော့ အဲဒီမှာ ဂျက်ဖိုက်တာက ဆက်ကြဲနေပါတယ်ခင်ဗျ”

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါမြို့နယ်တွေမှာ ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၂၆ ခုကို TNLA၊ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ပြန်ကြားရေးဌာနရဲ့ ဇွန်လ ၂၆ ရက်နေ့ညနဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

"အိမ်တိုင်းက အခုအပြင်မှ မထွက်ရဲကြတာ။ ထွက်လို့မရဘူးလေ။ ကျည်ဆန်တွေလာမှန်မှာ ကြောက်ရတာ။ အချိန်တိုင်းက ဖြစ်နေကြတာလေ။ အခုတောင်မှ လက်နက်ကြီးပစ်လိုက်ပြီ"

ဒါပေမဲ့ မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ လက်ရှိမှာ မတ္တရာမြို့အဝင်အထွက်ကို တင်းကျပ်ထားပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေဆီ မန္တလေးမြို့ပေါ်က စစ်ကူအင်အားတွေ ဆက်ပြီးပို့နေတယ်လို့လည်း မတ္တရာမြို့နယ် မြေပြင်ကင်းထောက်အဖွဲ့တွေက ပြောပါတယ်။

အင်ကြင်းမြိုင်ရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တာကြောင့် ကျေးရွာတစ်ဆယ်ကျော်က ဒေသခံတစ်သောင်းခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြရလို့ အခက်အခဲတွေရှိနေတယ်လို့ မတ္တရာမြို့နယ် အရှေ့ခြမ်း စျေးသစ်ကျေးရွာ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခက်အခဲကတော့ အများကြီးပဲပေါ့။ ဘာမှ မှ မပါလာတာ။ ပြောမယ်ဆို အဝတ်အစားလေးလောက်ပဲ ပါလာတာဆိုတော့ အခက်အခဲကတော့ ရှိတာပေါ့”

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေကိုတော့ လက်နက်ကြီးနဲ့ လွတ်မဲ့နေရာတွေမှာ ယာယီနေရာချ ပေးထာားတယ်လို့ မတ္တရာမြို့နယ် စစ်ဘေးဒုက္ခသည်အရေးကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒေသခံအခြေအနေက အဆင်ပြေတဲ့နေရာလေးကို စုဖွဲ့နေထိုင်မှုတွေ လုပ်ပေးထားရတာပေါ့။ အဓိက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လွတ်တဲ့နေရာရယ် ဒီလေယာဉ်၊ လက်နက်ကြီးပစ်လို့လွတ်မဲ့နေရာလောက်ကလေးတွေကို စစ်ဘေးရှောင်စခန်းလေးတွေဖွင့်ပြီး လုပ်ပေးထားရတာ”

လက်ရှိမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက မတ္တရာမြို့နယ် ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင် စခန်းနဲ့ ရေစိုတောင် စခန်းတွေကိုလည်း သိမ်းပိုက်ရရှိထားပြီလို့ ဆိုပါတယ်။

အလားတူ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အနောက်ခြမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။ TNLA ရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်မှာတော့ မိုးကုတ်မြို့၊ အေးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ခလရ- ၁၄၈ တပ်စခန်းကို ဒီနေ့မနက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ PSLF/TNLA News)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ PSLF/TNLA News)

တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ အိမ်အပြင်တောင် မထွက်ရဲကြဘူးလို့ မိုးကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖြစ်တယ်ဆိုတာကလည်း ပြင်းပြင်းထန်ထန်ကို ဖြစ်တာလေနော်။ အဆက်မပြတ်ကို လက်နက်ကြီးရော၊ လက်နက်ငယ်ရော အားလုံးတိုက်ကြတာလေ။ အခုတောင်မှ ပြန်တိုက်နေကြပြီလေ။ အိမ်တိုင်း အိမ်တိုင်းက အခုအပြင်မှ မထွက်ရဲကြတာ။ ထွက်လို့မရဘူးလေ။ ကျည်ဆန်တွေ လာမှန်မှာ ကြောက်ရတာ။ အချိန်တိုင်းက ဖြစ်နေကြတာလေ။ အခုတောင်မှ လက်နက်ကြီးပစ်လိုက်ပြီ”

မိုးကုတ်မြို့အနောက်ခြမ်းမှာ တိုက်ပွဲတွေမနေ့ကစလို့ ဖြစ်ပွားနေတာဖြစ်ပြီး မြို့ခံတချို့ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ RFA အနေနဲ့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။

ဇွန်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲတွေမှာ TNLA နဲ့အတူ မန္တလေး PDF (MDY- PDF)၊ ဓနု PDF (DPLA – PDF)နဲ့ ရှမ်းပြည်မြောက် ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A) တွေပါ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ အဲဒီအဖွဲ့တွေက ပြောဆိုထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

(မှတ်ချက်- စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ၊ PDF တပ်ဖွဲ့ဝင်နှင့် မိုးကုတ်ဒေသခံတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။