ရခိုင်နဲ့ ထိစပ်တဲ့ တိုင်းတွေအထိ တိုက်ပွဲကျယ်ပြန့်လာကြောင်း ဒေသခံတွေပြော

RFA Burmese
2025.01.08
ရခိုင်နဲ့ ထိစပ်တဲ့ တိုင်းတွေအထိ တိုက်ပွဲကျယ်ပြန့်လာကြောင်း ဒေသခံတွေပြော အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ထားသည့် တပ်စခန်းအချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Telegram/ AA Info Desk

ရခိုင်ပြည်နယ်က တိုက်ပွဲတွေဟာ ရခိုင်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းအထိ ကျယ်ပြန့်လာနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၄ မြို့နယ်အထိ သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ ရခိုင်နဲ့ ဆက်စပ်နေတဲ့နေရာတွေအထိ စစ်ရေးချဲ့ထွင်မှုလုပ်နေတာလို့လည်း ပြောကြပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ပေါက်လှဂျိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သာပေါင်းမှာ တချို့တချို့သူတွေတောင်မှ တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်ဆိုပြီးတော့ ရှောင်တဲ့သူတွေ ရှောင်ကုန်ပြီ။ အနှေးနဲ့အမြန် ရောက်လာမှာပဲလို့ တွက်ထားကြတယ်"

တိုက်ပွဲတွေကြောင့် ပေါက်လှဂျိုင်၊ ချောင်းဝဂျိုင်နဲ့ မကျီးဇင်ရွာကဒေသခံတွေ ရွှေသောင်ယံနဲ့ ပုသိမ်မြို့ကို ထွက်ပြေးခဲ့ရတယ်လို့ ရွှေသောင်ယံမြို့မှာရောက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဂွမြို့ခံ စစ်ဘေးဒုက္ခ သည် တစ်ဦးက RFA ကိုပြောပါတယ်။

“မကျီးဇင်ဘက်က ကျွန်တော့်သူငယ်ချင်းတွေပြောတာ မနေ့က အဲဒီကလူတွေလည်း ဒီဘက်ကို ပြောင်းလာကြတယ်တဲ့ အဲဒီလိုပြောတယ်။ လှေတွေနဲ့လာတယ်။ ကုန်းကနေ လှေငှားလာတဲ့သူနဲ့ အဲဒီလိုတော့ ကြားတယ်”

ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ရေကြည်မြို့နယ်၊ ငသိုင်းချောင်း - ဂွလမ်းပေါ်  မိတ်သလင်ရွာမှာရှိတဲ့ အမြောက်တပ် အမတ (၃၄၄) ရဲ့ ကာကင်းစခန်းကို AA နဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာပေါင်းမြို့နယ်က ဒေသခံတွေကတော့ တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ဗုံးခိုကျင်း တူးနေကြ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ သာပေါင်းမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“သာပေါင်းမှာ တချို့တချို့သူတွေတောင်မှ တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်ဆိုပြီးတော့ ရှောင်တဲ့သူတွေ ရှောင်ကုန်ပြီ။ ရန်ကုန်တို့ ဘာတို့ ပြောင်းတဲ့သူတွေ ပြောင်းသွားကြပြီ။ အနှေးနဲ့အမြန် ရောက်လာမှာပဲလို့ တွက်ထားကြတယ်။ ငါတောင်မှ အခု မနေ့တုန်းကတောင်မှ ဗုံးခိုကျင်းတူးတာကွာ။ ကိုယ်တွေလက်တွေ နာနေလို့။ မြို့ထဲမှာလည်းတူးတယ်။ တို့ရွာမှာဆိုရင် အဲဒီ လမ်းခွဆုံမှာနေတဲ့သူတွေဆိုရင် သူတို့က အုတ်တွေ ဘာတွေနဲ့တောင် ကျကျနန အခိုင်အမာလုပ်ထားတယ်”


ဆက်နွှယ်သောသတင်းများ

ပုသိမ်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို CDF- Asho ဖမ်းဆီး

ရခိုင်မှာ နိုင်ငံရေးဆွေးနွေးဖို့ ထုတ်ပြန်ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရ


သာပေါင်းမြို့အခြေစိုက် ခလရ (၃၀၈) တပ်ရင်းမှာလည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားသလို သာပေါင်းစက္ကူစက်ရုံထဲမှာလည်း လက်နက်ကြီးတွေတပ်ဆင်ပြီး ခံစစ်ပြင်ဆင်နေတယ်လို့ သာပေါင်းမြို့ခံတွေ က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မကွေးတိုင်းအနောက်ခြမ်းက မင်းဘူးခရိုင်ထဲကို AA ဝင်ရောက်တာရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သရက်ခရိုင်နဲ့ မင်းဘူးခရိုင်က ကာကွယ်ရေးတပ်ဖွဲ့တွေဟာ AA နဲ့ပေါင်းပြီး မကွေးတိုင်းအတွင်း စစ်ရေးဖော်ဆောင်ဖို့ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းဘူးခရိုင်ထဲမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က RFA ကိုပြောပါတယ်။

“မကွေးတိုင်း အနောက်ဘက်အခြမ်း ကျွန်တော်တို့ အမ်း-ပဒါန်းနဲ့ ဆက်စပ်တဲ့ မင်းဘူးဘက်အခြမ်းတွေ၊ ကျွန်တော်တို့ ဒီဘက်အခြမ်းတွေကိုလည်းပဲ မကြာခင်မှာ ကျွန်တော်တို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒီ AA အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ဖို့လည်းရှိသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျွန်တော်တို့ ဒီပဒါန်းဘက် စေတုတ္တရာအစပ်ဘက်မှာ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ကျွန်တော်တို့ ကြားသိရပါတယ်”

ရခိုင်ကတိုက်ပွဲတွေမှာ မကွေးတိုင်းထဲက ကာကွယ်ရေးတပ်ဖွဲ့တွေ ကူညီတိုက်ခိုက်ပေးခဲ့တာရှိပြီး မကွေးမြို့အထိ တိုက်ခိုက်သိမ်းပိုက်ဖို့လည်း ရည်မှန်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ရေးပြင်ဆင်မှုတွေ တိုးမြှင့်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ မကွေးတိုင်း၊ ငဖဲမြို့နယ်ကနေ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကိုပို့မဲ့ ရိက္ခာနဲ့ စစ်ကူစစ်ကြောင်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းမှာလည်း AA နဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေဖော်ဆောင်ဖို့ ကြိုးစားနေတယ်လို့ သာယာဝတီမြို့နယ် တော်လှန်ရေးဦးဆောင်အဖွဲ့ ဒုတိယတာဝန်ခံ ကိုလူအေးက RFA ကို ပြောပါတယ်။

“ပဲခူးတိုင်းနဲ့ ထိစပ်နေတဲ့ ဘယ် EROs နဲ့မဆို ကျွန်တော်တို့ ဒီ NUG ရဲ့ ဦးဆောင်နေတဲ့ ဒီကာကွယ်ရေးအဖွဲ့တွေ ကပဲဖြစ်ဖြစ်၊ Local PDF (ဒေသကာကွယ်ရေးအဖွဲ့) တွေကပဲဖြစ်ဖြစ် ကျွန်တော်တို့သွားပြီးတော့ စစ်ရေး ပူးပေါင်းဖော်ဆောင်ဖို့လိုတယ်။ သူတို့ရဲ့ နယ်စပ်စည်းမျဉ်းတွေပေါ့နော်။ ဟိုဘက်ဒီဘက် နယ်စပ်စည်းမျဉ်းတွေမှာ စစ်ရေးအားကောင်းတဲ့ ဒီ EROs တွေရဲ့ နှုတ်ခမ်းစပ်ကနေပြီးတော့ ကျွန်တော်တို့ ပဲခူးတိုင်းထဲကို ရနိုင်သလောက် ကျွန်တော်တို့ပူးပေါင်းပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့လိုတယ်။ ကျွန်တော်တို့ကတော့ အဲဒီ ရည်မှန်းချက်ရှိတယ်။ အဲဒီအတိုင်းပဲ ရှေ့ဆက်သွားဖို့ ကျွန်တော်တို့ ကြိုးစားနေတာ ရှိပါတယ်”

ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုမှုအပေါ် တိတိကျကျသိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်မဖြေဆိုသေးပါဘူး။

ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ AA အနေနဲ့ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းထဲမှာပါ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“သူက နိုင်ငံရေးဆွေးနွေးမယ်လို့ ပြောတာပါ။ စစ်ရပ်မယ်လို့ မပြောပါဘူး။ နိုင်ငံရေးဆွေးနွေးလည်း အောင်မြင်မှာမဟုတ်ဘူးဆိုတာ သိတဲ့အတွက် သူ့တိုက်ပွဲတွေကို မရပ်ဘဲနဲ့ ဆက်ပြီးတော့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ နေပြည်တော်အထိ ချီတက်မယ်ဆိုရင် အခုကတော့ မြစ်ဝကျွန်းပေါ်နဲ့ ကျွန်တော်တို့ မကွေးတိုင်းထဲကို သူတို့စစ်ကြောင်းတွေ ဝင်ရောက်လှုပ်ရှားတော့မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်”

ရခိုင်ဘက်ကတိုက်ပွဲတွေ နီးစပ်ရာတိုင်းတွေထဲအထိ ကျယ်ပြန့်လာတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို၊ မကွေးတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်နဲ့ ပဲခူး တိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးတို့ကို RFA က ဇန်နဝါရီလ ၇ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ကြပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ မြို့နယ် (၉၅) ခုအထိ သိမ်းပိုက်အုပ်ချုပ်ထားသလို နိုင်ငံတဝန်း စုစုပေါင်း မြို့နယ် (၁၄၄) မြို့နယ်အထိ စိုးမိုးထားနိုင်ပြီလို့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

NUG ဟာ AA နဲ့ ပူးပေါင်းပြီး ပြည်မဘက်ကို စစ်ရေးဖော်ဆောင်ဖို့ရှိမရှိ သိရဖို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကို RFA က ဇန်နဝါရီလ ၆ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည် မဖြေဆိုသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။