နှစ်ဖက်တိုက်ခိုက်ရေးအရှိန်မြှင့်လာလို့ ထိခိုက်သေဆုံးမှုပိုများလာနိုင်
2023.06.13

ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းကို ဖွဲ့စည်းလိုက်တာဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ပိုအားကောင်းတဲ့တိုက်ကွက်တွေ ဖော်ဆောင်နိုင်ဖို့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ပြီးရင် ဒုတိယ လုံခြုံရေးအတင်းကျပ်ဆုံး ရန်ကုန်မြို့မှာ မြို့ပြ ပြောက်ကျားတိုက်ခိုက်မှုတွေကနေ တစ်ဆင့်တက်ပြီး ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းကို ဖွဲ့စည်းလိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်နေ့က ကြေညာခဲ့တာပါ။
ရှိပြီးသား မြို့ပြပြောက်ကျားတိုက်ခိုက်မှုပုံစံကို သမားရိုးကျတိုက်ပွဲဆင်နွှဲပုံတွေနဲ့ ပေါင်းစပ် ပြီး ရန်ကုန်တိုင်းမှာ စစ်ရေးအရှိန်မြှင့်ဖို့ ရည်ရွယ်တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် က ပြောပါတယ်။
“ရန်ကုန်တိုင်းစစ်ဒေသခွဲမှာ အခုလို တပ်ရင်းပုံစံဖွဲ့စည်းလိုက်တာကတော့ ယခင်ရှိနေတဲ့ ပြောက်ကျား တော်လှန်မှုပုံစံတွေကို သမားရိုးကျတိုက်ပွဲဆင်နွှဲတဲ့ပုံစံတွေနဲ့ ပေါင်းစပ်ပြီး တော့ တော်လှန်ရေး အရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။ အခု ဒီတပ်ရင်းတပ်ဖွဲ့ တွေ ဖွဲ့စည်းပြီးသွားတဲ့အခါမှာတော့ ပိုပြီးတော့ စုဖွဲ့မှုအားကောင်းတဲ့၊ ပိုပြီးတော့ သမားရိုးကျစစ်ဆန်တဲ့၊ ပိုပြီးတော့ ခိုင်မာတဲ့ ဖွဲ့စည်းပုံနဲ့ လှုပ်ရှားတဲ့ပုံစံမျိုးနဲ့ တိုက်ပွဲ ပုံဖော်မှုတွေရှိလာနိုင်မှာ ဖြစ်ပါတယ်”
NUG ရဲ့ ကြေညာချက်အပြီးမှာ စစ်ကောင်စီဘက်ကလည်း ရပ်ကွက်တွေမှာ PDF တွေကို လက်မခံဖို့၊ အိမ်မငှားကြဖို့၊ မသင်္ကာတာတွေ့ရင် ချက်ချင်းအကြောင်းကြားဖို့ အသံချဲ့စက် တွေနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံနှိုးဆော်တာတွေကို ခပ်စိပ်စိပ်လုပ်လာတယ် လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“သွေးထွက်သံယိုကိစ္စတွေ ဖြစ်လာဖို့များတယ်။ ပြီးတော့ စိုးရိမ်စိတ်တွေ များလာနိုင်တယ်"
ရန်ကုန်တိုင်းအတွက် တပ်ရင်းဖွဲ့စည်းတဲ့အကြောင်း ကြေညာလိုက်တာဟာ စစ်ကောင်စီကို တပ်လှန့်လိုက်သလို ဖြစ်သွားတာကြောင့် လှုပ်ရှားရ ပိုခက်သွားတယ်လို့ ရန်ကုန်မြေ အောက် လှုပ်ရှားမှုအဖွဲ့ (Yangon UG Association) (YUA) ရဲ့ တာဝန်ခံ ဆရာကျောင်း က ပြောပါတယ်။
“ရန်သူကို တပ်လှန့်လိုက်သလိုဖြစ်တဲ့အတွက် မြို့ပြပြောက်ကျားတွေအတွက် ဒီကြားထဲမှာ ဒီဂယက် က အတော်လေးကို ရိုက်ခတ်သွားပါတယ်။ အခက်အခဲ အကျပ်အတည်းတွေလည်း အတော်လေး ရင်ဆိုင်လိုက် ရတယ်။ ဘာလို့ဆို ရန်သူက သူ့ရဲ့ စိုးမိုးနယ်မြေ ဖြစ်ထားတဲ့အတွက်ကြောင့်မိုလို့ သူက ပိုက်စိပ်တိုက်ပြီးတော့ ဖမ်းဆီးမှုတွေ၊ စစ်ဆေးမှုတွေ တောက်လျှောက်လုပ်လာတဲ့အချိန်မှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေက အများကြီး ရှိတယ်”
NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး အမြင်သဘောထား သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိ ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ ဒါဟာ ဝါဒဖြန့်ဖို့သက်သက်ပဲလို့ ပြောပါတယ်။
“ဒါကတော့ ဝါဒဖြန့်ချိရေးနဲ့ လှုံ့ဆော်ရေးသီးသန့် ပိုပြီးတော့များမယ်လို့ပဲ သုံးသပ်လို့ ရပါတယ်။ ရန်ကုန်တိုင်းအတွင်း အဲဒီလိုလုပ်မယ်ဆိုရင် လက်တွေ့အနေအထားအရ တော့ ဖြစ်နိုင်ခြေ မရှိပါဘူး”
ရန်ကုန်တိုင်း စစ်ဒေသခွဲအနေနဲ့တော့ ဒီတပ်ရင်း မဖွဲ့စည်းခင် ၂ဝ၂၁ ခုနှစ် မေလ ၅ ရက် ကနေ ၂ဝ၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ မြို့ပြစစ်ဆင်ရေးပေါင်း နှစ်ထောင်ကျော်မှာ စစ်ကောင်စီရဲ့ ဗိုလ်မှူး အဆင့်တွေအပါအဝင် တပ်ဖွဲ့ဝင် ၆ဝဝ လောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း ရန်ကုန်တိုင်းအတွင်း ဗုံးပေါက်ကွဲတာတွေ၊ ပြောက်ကျား တိုက်ခိုက်တာတွေ ဆက်ရှိ နေပါတယ်။
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းက အခွန်းဦးစီးမှူးရုံးမှာ ဇွန်လ ၅ ရက်နေ့က ပေါက်ကွဲမှုကြောင့် ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇွန်လ ၆ ရက်နေ့မှာတော့ အင်းစိန်ထောင် အနားမှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။
NUG ရဲ့ တပ်ရင်းထပ်တိုးဖွဲ့စည်းတာနဲ့ စစ်ကောင်စီရဲ့ တန်ပြန်ဖိနှိပ်မှုတွေကြား သွေးထွက်သံယိုဖြစ်ရပ်တွေ ပိုများလာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က ပြောပါတယ်။
“သွေးထွက်သံယိုကိစ္စတွေ ဖြစ်လာဖို့များတယ်။ ပြီးတော့ စိုးရိမ်စိတ်တွေ များလာနိုင် တယ်။ နဂိုက အဲဒီလိုမျိုး ရှောင်တိမ်းနေတဲ့ လုံခြုံရေးအရ စိုးရိမ်မှုရှိနေကြတဲ့ လူတွေ အတွက်လည်း နေရာထိုင်ခင်း ကျုံ့သွားမယ်ဆိုတဲ့ အနေအထားမျိုး၊ ရှာဖွေစားသောက်ရ၊ သွားလာရ လုပ်ရကိုင်ရ ပိုပြီးတော့ ကျပ်တည်းခက်ခဲလာမယ်ဆိုတဲ့ ဟာမျိုးတွေတော့ မြင်ရဖို့ရှိတယ်လို့ ထင်ပါတယ်”
ရန်ကုန်တိုင်းအတွက် တပ်ရင်းအသစ်အပါအဝင် တစ်နိုင်ငံလုံးမှာ PDF တပ်ရင်း ၃၀၀ ကျော်နဲ့ မြို့နယ် ၂၅၀ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီးပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေက ထုတ်ပြောထားပါတယ်။
စစ်ကောင်စီကတော့ လက်နက်ခဲယမ်းမီးကျောက် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေသလို စစ်တပ် ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပြီး ပြည်သူ့စစ်တွေအဖြစ် ဖွဲ့စည်းထား ပါတယ်။
လူတွေသေကြေထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် အမြန်ဆုံးရောက် စေချင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။
“ပြည်သူလူထုအတွင်းမှာ စိုးရိမ်မှုတွေ၊ မလုံခြုံမှုတွေ၊ ပြန်လက်စားချေတာတွေလည်း ရှိလာတယ်ဗျ၊ အခု တစ်လောကတော့နော်။ ဆိုတော့ ဒါက နိုင်ငံအရေးအရ အဲဒီလို ဆိုးရွားတဲ့ မကောင်းတဲ့ ဂယက်တွေ ဖြစ်လာတာကို ကျွန်တော်ပြောတာပါ။ အဲဒီလိုမျိုး ဖြစ်မလာဖို့ သတိထားရမှာပေါ့နော်။ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းအဖြေရှာရေးဆိုတဲ့ အဲဒီလမ်းပေါ်ကိုတော့ အမြန်ဆုံးရောက်စေချင်ပါတယ်ဗျာ”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၉ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် အသတ်ခံရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ အရပ်သားပြည်သူ ၃၆၄၉ ဦး နဲ့ အခုချိန်ထိ အဖမ်းခံထားရသူ ၁၈,၉၆၈ ဦး ရှိနေပါပြီ။
၂၀၂၃ ဧပြီလ ၉ ရက် စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ မတ်လ ၁၆ ရက်နေ့အထိ PDF တွေဘက်က တိုက်ခိုက်လို့ သေဆုံးရတဲ့ အရပ်သား ၄၆၄၅ ဦး ရှိတယ် လို့ ဖော်ပြထားပါတယ်။ နှစ်ဖက်စလုံးရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီထုတ်ပြန်ချက်တွေအတိုင်းသာ တိကျမှန်ကန်မယ်ဆိုရင် စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း နှစ်ဖက်သေဆုံးတဲ့သူ စုစုပေါင်း ၈၂၉၄ ဦး ရှိနေပါပြီ။