ရခိုင်တိုက်ပွဲ သုံးလကျော်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သိန်းခုနစ်သောင်းနီးပါးတိုးလာ
2024.02.26
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခုနစ်သောင်းနီးပါး (၂၆၈,၇၃၁) ထပ်တိုးလာတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မနေ့က တရားဝင် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီစာရင်းဟာ တစ်ကျော့ပြန်တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ စာရင်းဖြစ်ပြီး အရင်ကရှိနေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် (၆၂,၃၃၂ ) နဲ့ပေါင်းရင် စုစုပေါင်း ဒုက္ခသည် သုံးသိန်းသုံးသောင်းကျော်အထိ ရှိနေတယ်လို့ ဆိုပါတယ်။
"ကိုယ့်ရွာတွေမှာ၊ ကိုယ့်ဒေသတွေမှာ မနေရဲတော့ဘဲ လာပြီးတော့ခိုလှုံကြတာဖြစ်တယ်"
အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကဖြစ်ပြီး အဲဒီအထဲမှာ ပေါက်တောမြို့နယ်ဟာ လူပေါင်းတစ်သိန်းကျော်နဲ့ ထွက်ပြေးတိမ်းရှောင်နေရသူ အများဆုံးမြို့နယ် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးကြရတာလို့ မြေပုံမြို့နယ်မှာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးတွေ ရွာတွေကိုကျတယ်။ အိမ်တွေ မီးလောင်တယ်။ အဲဒါကြောင့် ကိုယ့်ရွာတွေမှာ၊ ကိုယ့်ဒေသတွေမှာ မနေရဲတော့ဘဲ လာပြီးတော့ခိုလှုံကြတာဖြစ်တယ်။ သူတို့တွေက ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ် ပြီးရင် မြေပုံမြို့နယ်က ရွာတွေကပါပဲ။ သူတို့နဲ့ ဆွေမျိုးတော်စပ်တဲ့ မိသားစုဝင်တွေဆီမှာ လာပြီးတော့ ခိုလှုံနေကြတာပါ”
လက်ရှိမှာတော့ ဒုက္ခသည်တွေဟာ တိုက်ပွဲတွေနဲ့ဝေးတဲ့ ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပြီး အကူအညီတွေလည်း လုံလုံလောက်လောက် မရကြတာကြောင့် ဖြစ်သလိုစားသောက်နေကြရတယ်လို့လည်း ဆိုပါတယ်။
မြို့ပေါ်တွေကနေ ကျေးလက်ဒေသကို ထွက်ပြေးကြရသူ အများစုဟာ အချိန်ကြာလာတာနဲ့အမျှ ရိက္ခာပြတ်လာမယ့် အခြေအနေရှိတယ်လို့လည်း ရခိုင်မြောက်ပိုင်းမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရခိုင်တစ်ပြည်နယ်လုံးမှာကတော့ မြို့ပေါ်ကလူတွေ ပိုများတာပေါ့။ အရင်တုန်းကဆိုရင် နယ်ကနေ မြို့ပေါ်တက်ပြီး စစ်ဘေးရှောင်ကြတာပေါ့။ အခုကျလို့ရှိရင်တော့ မြို့ပေါ်ကနေ နယ်ကိုရှောင်ကြတာပေါ့။ တော်တော်လေး အခက်အခဲဖြစ်နေကြတာရှိတယ်။ အခုနောက်မှာ စားနပ်ရိက္ခာတွေလည်း ပြတ်လာမယ့် အခြေအနေတွေရှိနေတယ်”
ရခိုင်တိုက်ပွဲသုံးလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ၊ လေကြောင်း၊ ရေကြောင်းက ပစ်ခတ်မှုတွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား ၁၁၁ ဦးနဲ့ ဒဏ်ရာရသူ ၃၅၇ ဦးရှိနေတယ်လို့ ULA/ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရတဲ့ အရပ်သား သုံးရာနီးပါး (၂၉၂ ဦး) ရှိခဲ့တယ်လိုလည်း ဆိုပါတယ်။
ဒဏ်ရာရတဲ့ ဒေသခံတွေကတော့ ကျေးရွာတွေမှာပဲ ဖြစ်သလိုဆေးကုသနေရသလို တချို့လူနာတွေကိုတော့ AA က ဆေးကုသပေးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရခိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်ရေးရှုံးနိမ့်မှုတွေ များလာတာနဲ့အမျှ အရပ်သားတွေကို ပိုပြီးပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် အခုလို သေဆုံးဒဏ်ရာရတာနဲ့ ထွက်ပြေးတိမ်ရှောင်သူတွေ ပိုများလာတာလို့ ရခိုင်စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ရေးအနေနဲ့ အမတန်ရှုံးနိမ့်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကိုပဲ ဖိနှိပ်၊ နှိပ်စက်တာတွေ လုပ်လာတာ တွေ့ရတယ်။ ပြည်သူတွေကို အပြစ်မရှိ၊ အပြစ်ရှာပြီး ဖမ်းဆီးတာတွေလည်း ပိုပြီးများလာတာ တွေ့ရတယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိတယ်။ အဲဒါကြောင့် ဒီလူတွေက ကြောက်လန့်ပြီး ထွက်ပြေးတဲ့သူတွေ၊ တိမ်းရှောင်တဲ့သူတွေ များလာတာဖြစ်တယ်”
ULA/ AA ရဲ့ ထုတ်ပြန်ချက်တွေအပြင် ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲကာလ အချိန်သုံးလကျော်အတွင်း ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြို စတဲ့ မြို့ခုနစ်မြို့ကို AA အဖွဲ့က သိမ်းပိုက်ထားပါတယ်။
ဆက်လက်ပြီး ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက စစ်ကောင်စီ တပ်ရင်းတွေကိုလည်း AA အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း စခန်းတွေမကျဖို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။