ကုန်သွယ်ရေးလမ်းကြောင်းတွေ စစ်ကောင်စီ ပိတ်ဆို့လို့ ရခိုင်ပြည် အရပ်သား နှစ်သန်းကျော် အခက်တွေ့
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဒီနှစ် ဇူလိုင်လနောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကို အကြောင်းပြပြီး မြို့နယ် ၁၁ မြို့နယ်အတွင်း ကုန်သွယ်ရေး လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ကန့်သတ်ထားတာကြောင့် အရပ်သား နှစ်သန်းကျော် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ အမ်း စတဲ့မြို့နယ်တွေကို ပိတ်ဆို့ကန့်သတ်ထားတာပါ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရဲ့ အချက်အလက်တွေအရ ဒီမြို့နယ် ၁၁ ခုမှာ အရပ်သား နှစ်သန်းကျော် နေထိုင်ပါတယ်။
စစ်တွေမြို့မှာ ကုန်စည်စီးဆင်းမှုမရှိတော့တာကြောင့် အခြေခံ စားသောက်ကုန်ကအစ ဈေးမြင့်တက်နေတယ်လို့ စစ်တွေမြို့ခံ ဒေါ်ညိုအေးက RFA ကိုပြောပါတယ်။
"အားလုံးကနေ ဖြတ်တောက်သလို ဖြစ်သွားတယ်လေ။ အဲဒီတော့ ကုန်စည်စီးဆင်းမှု ကလည်း မရှိဘူး။ ဈေးတွေကလည်း အဆမတန်တက်တယ်။ အခြေခံ စားသောက် ကုန်တွေဖြစ်တဲ့ ဆီကအစ ငရုတ်သီး၊ ကုန်ခြောက်အစုံပေါ့လေ၊ ဈေးတွေက တအား မြင့်တက်နေတာ။ တော်တော်လေး ကြောက်စရာကောင်းတဲ့ အနေအထား ရောက်လာတယ်။ လူတွေက အလုပ်အကိုင်အခွင့်အလမ်းကလည်း မရှိတော့ဘူးလေ။ အခက်အခဲမျိုးစုံကို မြင်နေရတယ်။ ကျမကိုယ်တိုင်လည်း ကြုံနေရတယ်ပေါ့လေ"
စစ်တွေ- ပုဏ္ဏားကျွန်းကားလမ်းမပေါ်က ဆင်အင်းကြီးရွာအနီး နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ ရိက္ခာတင်ကားနှစ်စီး တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်က စစ်တွေမြို့ အဝင်အထွက်လမ်းတွေကို ပိတ်လိုက်တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အများအပြားဟာ စစ်တွေမြို့ကို အဓိကထားပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ကြတာပါ။ စစ်တွေမြို့အဝင်အထွက်ကို ပိတ်ဆို့ ထားတာကြောင့် ကျန်တဲ့ မြို့နယ်တွေပါ ကုန်စည်ပြတ်လပ်မှု ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပြင် ရခိုင်ပြည်နယ်တွင်းကို ဆေးဝါးတင်သွင်းခွင့်နဲ့ ဒေသတွင်း ဆေးဝါးသယ်ယူခွင့်တွေ ကို စက်တင်ဘာလဆန်းပိုင်းစလို့ စစ်ကောင်စီတပ်က ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ဆေးဝါးပြတ်လပ်မှုလည်း ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပိတ်ဆို့မှုကြောင့် ဆန်တစ်အိတ်ကို ကျပ် ၄၀၀၀၀ ကျော်အထိ ဈေးတက်သွားတယ်လို့ မောင်တောမြို့ခံ ကိုကျော်ဝင်းက RFA ကိုပြောပါတယ်။
"ပထမ အငူမော်-မောင်တောလမ်းကို ပိတ်တယ်။ ပြီးတော့ မြောက်ပိုင်းဘက် ကြိမ်းချောင်းလမ်းကို ပိတ်တယ်။ ဘာမှကို သယ်ယူလို့မရဘူး။ ဆန်တွေဘာတွေ ယူသွားမယ်ဆိုရင်လည်း မရဘူး။ စားနပ်ရိက္ခာဆိုရင် ဘာမှသယ်ယူလို့မရဘူး။ ဟိုတုန်းကဆိုလို့ရှိရင် ဆန်တစ်အိတ်ကို ခြောက်သောင်း၊ အခု တစ်သိန်းကျော်သွားပြီ။ လက်လုပ်လက်စားတွေ တော်တော်လေးကို ဒုက္ခရောက်တယ်။ ရှိတာနဲ့ပဲ စားနေရတယ် ပေါ့။ အဓိကတော့ ဆန်ပါပဲ။ ဆန်ရလို့ရှိရင်တော့ဖြစ်သလို စားလို့ရတာပေါ့။ အခုက ဆန်ကို မလာနိုင်တာ"
မောင်တော - ရသေ့တောင် - အငူမော်ကားလမ်းကို ပြီးခဲ့တဲ့ သြဂုတ်ကတည်းက စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာဖြစ်ပါတယ်။
ဒီလိုကြာရှည်ပိတ်ဆို့ထားမယ်ဆိုရင် အသက်ရှင်ရပ်တည်ရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာမယ်လို့ ပေါက်တောမြို့နယ်က ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးက RFA ကို ပြောပါတယ်။
"သူတို့ရဲ့တားမြစ်ကုန်တွေကို ဘာတစ်ခုမှ သယ်လို့မရဘူးပေါ့ဗျာ။ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ သံထည်ပစ္စည်းတွေ၊ ဘိလပ်မြေတွေ၊ အဓိကတော့ ဆေးဝါးပေါ့။ အဲဒါတွေကိုပိတ်တော့ ပြည်သူလူထုတွေ အများကြီးထိခိုက်တယ်။ ဒီလိုသာ ဆက်ပိတ်ထားရင်တော့ ရေရှည်မှာ ဒေသခံတွေ အသက်အန္တရာယ်တွေအထိတောင် စိုးရိမ်ရတဲ့အနေအထားပေါ့ဗျာ"
ရခိုင်ပြည်နယ်မြောက်ပိုင်းကို အရပ်သားသွားလာမှုနဲ့ ကုန်စည်ပို့ဆောင်မှု ကန့်သတ် ထားတာကြောင့် အစားအသောက်တွေ၊ ဆေးဝါးအပါအဝင် အဓိကကုန်ပစ္စည်းတွေ ရှားပါးပြီး ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၂၃ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။
ဒီအပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ရှစ်မြို့နယ်မှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင်၊ ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုထောက်ပံ့ရေးအတွက် သွားလာခွင့်ကိုပါ ပိတ်ပင်ထားတယ်လို့ UNOCHA က ဆိုပါတယ်။
စစ်ကောင်စီတပ်က သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ကန့်သတ်ပိတ်ဆို့ထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
"ဆေးကုခွင့်မပေးတာ၊ ဆေးဝါးဖြတ်တာတွေဟာ ဒါက လူ့အခွင့်အရေး ချိုးဖောက်ရုံမကဘူး၊ စစ်ရာဇဝတ်မှု ကျူးလွန်တာထက်တောင် လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိ ရောက်သွားနိုင်တာပေါ့"
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ ဒီလိုပိတ်ဆို့တာဟာ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့ ဝေဖန်ပါတယ်။
"ဒီလိုမျိုးလုပ်တာက တပ်မတော်တစ်ရပ်အနေနဲ့ အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတစ်ခု အနေနဲ့ လုပ်သင့်တဲ့ကိစ္စ မဟုတ်ဘူးလေ။ ဆေးဝါးတွေကို ဖြတ်တောက်ထားတာကို လူတွေကို သွယ်ဝိုက်ပြီးတော့ သတ်တာပဲ။ မမျှော်လင့်ဘဲ လူတွေအများကြီး သေသွားနိုင်တာပေါ့။ ပုံမှန် ဆေးစားနေရတဲ့သူတွေက မစားနိုင်တော့ဘူး။ ဆေးပြတ်တာ တစ်မျိုး၊ ဈေးကြီးတာကတစ်မျိုး။ ဆေးကုခွင့်မပေးတာ၊ ဆေးဝါးဖြတ်တာတွေဟာ ဒါက လူ့အခွင့်အရေး ချိုးဖောက်ရုံမကဘူး၊ စစ်ရာဇဝတ်မှု ကျူးလွန်တာထက်တောင် လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိ ရောက်သွားနိုင်တာပေါ့"
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာတာ အခုဆိုရင် လေးလကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။
RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ ဒီလေးလအတွင်း ဒေသခံ ၃၃ ယောက် သေဆုံးပြီး ၇၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။