ရခိုင်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအရေအတွက် တိုးလာနေ

2022.07.12
ရခိုင်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအရေအတွက် တိုးလာနေ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အထက်ခချီးမြောင်ကျေးရွာမှာ မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးလိုက်ရသည့် ကိုမောင်လှထွန်း ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာ မင်းပြားဆေးရုံမှာ တွေ့ရစဉ်
Photo: Arakan Responders for Emergency

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လ ဒီနေ့အထိ အချိန်နှစ်လကျော် အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု အကြိမ် ၃၀ နီးပါးရှိခဲ့ပြီး အဲဒီအထဲမှာ အရပ်သား သေဆုံးသူ ခြောက်ဦးနဲ့ ထိခိုက်ဒဏ်ရာသူ ၁၁ ဦးအထိရှိနေတယ်လို့ မိုင်းကိစ္စနဲ့ ပတ်သက်လို့ စာရင်းပြုစုနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ အရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မြေပုံ၊ အမ်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။ ထိခိုက်သေဆုံးမှုတွေကတော့ ကျောက်တော် မြို့နယ်မှာ သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ တစ်ဦး၊ အမ်းမြို့နယ်မှာ သေဆုံးသူ နှစ်ဦး၊ မြေပုံမြို့နယ်မှာ သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာ ရသူ တစ်ဦး၊ မြောက်ဦးမြို့နယ်မှာ ဒဏ်ရာရသူ လေးဦး၊ ရသေ့တောင်မြို့နယ်မှာ ဒဏ်ရာ ရသူ နှစ်ဦး၊ မင်းပြားမြို့နယ်မှာ ဒဏ်ရာရသူ တစ်ဦးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဒဏ်ရာရသူ နှစ်ဦးတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာမှာ မြေမြှုပ်မိုင်းနင်းမိလို့ အသက် ၁၅ နှစ် အရွယ် ရှစ်တန်းကျောင်းသား မောင်စည်သူကျော်လင်း (ခေါ်) လင်းလင်း သေဆုံးခဲ့ရပါတယ်။

သူဟာ ကျေးရွာအရှေ့ဘက် တစ်ဖာလုံအကွာမှာရှိတဲ့ တောင်ပေါ်ကိုသွားရာမှာ စစ်ကောင်စီ တပ်က ထောင်ထား တဲ့ မြေမြှုပ်မိုင်းကွင်းထဲကို ရောက်သွားပြီးနောက် မိုင်းနင်းမိပြီး သေ ဆုံးသွားတာလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

မိုင်းကွင်းထဲမှာရှိနေတဲ့ သားဖြစ်သူ ရုပ်အလောင်းကို သေဆုံးပြီးနောက်တစ်ရက်အကြာမှာပဲ စွန့်စားပြီး ထုတ်ယူခဲ့ရတယ်လို့ ဖခင်ဖြစ်သူ ဦးမိုးလွင်က ပြောပါတယ်။

“ကျနော် တက်လိုက်မယ်။ ကျနော် မတက်လို့ မရဘူး။ ကျနော်က အဖေပဲ။ ကျနော် သေချင်ရင်လည်း သေပါစေ။ ကျနော့်ကို မတက်ပါနဲ့ပေ့ါ။ ကျနော်သေမှာ။ ကျနော့် အတွက် မစိုးရိမ်နဲ့ ပြောတယ်။ သူတို့က မတက်ရဘူး။ ဆင်းလာခဲ့ရတယ်။ တစ်ည အိပ်ပြီးတော့ မနက်သွား ပြောတယ်။ မတက်ရဘူး။ မတက်လို့ မဖြစ်တော့ဘူးဆိုပြီး ကျနော်တစ်ယောက်တည်း တက်တဲ့အခါ ကျနော့်သားအလောင်းကိုတွေ့တယ်။ သယ်လာတယ်။ အဖေတစ်ယောက်ဆိုတော့ အရမ်းခံစားရတယ်။ ကျနော့်သားလေး ၁၅ နှစ် မပြည့်သေးဘူး။ ရှစ်တန်းကျောင်းသား၊ နေ့တိုင်း မျက်ရည်ကျနေရတယ်”

ဦးမိုးလွင်မှာ သားတစ်ဦးနဲ့ အရွယ်မရောက်သေးတဲ့ သမီးသုံးဦးရှိပြီး အခုသားကြီးဖြစ်သူ သေဆုံးသွားတာ ကြောင့် ရင်ကွဲမတတ် ခံစားနေရတယ်လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့နေ့ ဇူလိုင်လ ၉ ရက်နေ့ကတည်းက သားဖြစ်သူရဲ့အလောင်းကို စစ်ကောင် စီတပ်သား နှစ်ဦး အပါအဝင် ကျေးရွာလူကြီးအချို့နဲ့ သွားယူဖို့ ကြိုးစားခဲ့ပေမယ့် လမ်းတစ် ဝက်မှာ မိုင်းနှစ်လုံးတွေ့ခဲ့တာကြောင့် ဆက်သွားခွင့်မရခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီမိုင်းနှစ်လုံးကိုတော့ စစ်ကောင်စီတပ်သားနှစ်ဦးနဲ့အတူ ဖော်ယူခဲ့ပြီး သူတို့ကပဲ သိမ်းသွားတယ်လို့လည်း ပြောပါတယ်။

အလောင်းကို သွားရှာတဲ့အထဲမှာပါတဲ့ စစ်သားနှစ်ယောက်ကတော့ ဒီမိုင်းကွင်းဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့စဉ်က တပ်မ ၆၆ က ထောင်ထားခဲ့တဲ့ မိုင်းကွင်းဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း သေဆုံးသူရဲ့ ဖခင် ဦးမိုးလွင်က ပြောပါတယ်။

“စစ်သားနှစ်ယောက်ပြောတာက တပ်မ ၆၆ က မိုင်းကွင်းလို့ပြောတယ် ကျနော့်ကို။ အဲဒီနေရာမှာ လေယာဉ်ကျတုန်းက တပ်ချလို့နေခဲ့တယ်။ အဲဒီလိုပြောတယ် သူတို့က။ နောက်ထပ်လည်း မိုင်းတွေ အများကြီးရှိသေးတယ်လို့ ပြောတယ်။ တက်လို့မရဘူး။ တက်ရင် သေမှာလို့ အဲဒီလိုပြောတယ်။ အဲဒီမိုင်းတွေ ပြန်ဖော်ပေးဖို့ တင်ပြချင်ပါတယ်”

အလားတူပဲ မြောက်ဦးမြို့နယ် ခမရ (၃၇၇)၊ ခမရ (၃၇၈)တပ်ရင်းအနီးမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က မြေမြှုပ်မိုင်း ပေါက်ကွဲလို့ ပေါင်းတုတ်ကျေးရွာက အသက် ၁၈ နှစ်မပြည့်သေးတဲ့ မွတ်စလင် ရိုဟင်ဂျာလူငယ် သုံးဦးနဲ့ ဘလောင်တောင်ကျေးရွာက လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သူတို့လေးဦးဟာ အဲဒီတပ်ရင်းအနီးမှာ နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ကြတာလို့ ဒဏ်ရာရသူတွေကို အကူအညီတွေပေးခဲ့တဲ့ ကိုအမ်းသားကြီးက RFA ကို ပြောပါတယ်။

“မွတ်စလင်ကောင်လေးတွေ မိုင်းထိတာကျတော့ သူတို့အမြဲတမ်းသွားလာနေကျ နေရာမှာဖြစ်တယ်။ ပြီးတော့ အဲဒီနေရာက မြန်မာ့တပ်မတော် တောင်ကြောနဲ့ နီးတဲ့နေရာဖြစ်တယ်။ အဲဒီနေရာကိုလည်း သူတို့အမြဲတမ်း သွားနေကျပဲ။ သစ်ပင် အောက်မှာ အရိပ်သွားခိုတဲ့အချိန်မှာ မိုင်း ပေါက်ကွဲတာဆိုတော့ ဒီမိုင်းတွေက အရပ်သား ပြည်သူတွေကို ထိခိုက်အောင်လုပ်ထားတဲ့ မိုင်းတွေနဲ့ တူတယ်ပေါ့လေ။ ရခိုင်မှာ မိုင်းပေါက်တဲ့ ပုံစံအကုန်လုံးကျတော့ မြန်မာ့တပ်မတော် တပ်စခန်းတွေရှိတဲ့ အနီးအနားတွေမှာဆိုတော့ ကျနော်တို့က တောင်းဆိုချင်တာပေါ့လေ အခုလို အရပ် သားတွေကို ထိခိုက်အောင် မိုင်းတွေ မထောင်ဖို့ပါပဲ”

ဒဏ်ရာရသွားတဲ့ မွတ်စလင်တွေထဲက နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် မြောက်ဦးမြို့နယ် မြောင်းဘွေ ဆေးရုံမှာ ဆေးကုသမှုခံယူရတယ်လို့လည်း ဆိုပါတယ်။

"ရခိုင်မှာ မိုင်းပေါက်တဲ့ ပုံစံအကုန်လုံးကျတော့ မြန်မာ့တပ်မတော်တပ်စခန်းတွေရှိတဲ့ အနီးအနားတွေမှာ"

ကျောက်တော်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့နဲ့ ၄ ရက်နေ့တွေက မျာလီကန် ကျေးရွာက ကျေးရွာသားတစ်ဦးနဲ့ ဝက်မှိုင်းကျေးရွာက ကျေးရွာသားတစ်ဦးဟာ ကျောက် တော်မြို့ ခမရ (၃၇၇) တပ်ရင်း အနီးမှာ နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး သွားခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကလည်း မြေပုံမြို့နယ် စညှင်း စစ်ဘေးဒုက္ခသည် စခန်းက ဒုက္ခသည် နှစ်ဦးဟာ စားဝတ်နေရေးအတွက် တောထဲမှာ မျှစ်သွားခူးစဉ် မြေမြှုပ်မိုင်းနင်းမိရာကနေ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာမှာလည်း ဇွန်လ ၁၇ ရက်နေ့က မိုင်းပေါက် ကွဲလို့ လယ်လုပ်နေတဲ့ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရသွားခဲ့သလို တခြားမြို့နယ်အချို့ မှာလည်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေရှိနေတာပါ။

ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာ ရတာတွေကို စာရင်းပြုစုနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကတော့ အခုတိုက်ပွဲရပ်နေတဲ့ကာလအတွင်းမှာ လက်နက်ကိုင်နှစ်ဖွဲ့လုံးက မိုင်းရှင်းလင်းရေးလုပ်ဆောင်သင့်တယ်လို့ ထောက်ပြပါတယ်။

“ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကြားထဲမှာ တိုက်ပွဲတွေမရှိတာက ကောင်းတဲ့အခြေ အနေတစ်ခုလို့ သုံးသပ်တယ်။ အဲဒီတော့ ဒီအခြေအနေမျိုးတွေမှာ ပြည်သူလူထု အကျိုး ပြုရာပြုကြောင်းကို နှစ်ဖက်လုံးက လုပ်သင့်တယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ် ရမယ့်အချိန်မှာ မိုင်းအန္တရာယ်ကို လျှော့ချရမယ့် ကိစ္စက ဦးစားပေး လုပ်ရမှာဖြစ်တယ်။ အဲဒီတော့ မိုင်းအန္တရာယ်ကို လျှော့ချတဲ့လုပ်ငန်းစဉ်တွေ ပိုပြီး လုပ်နိုင်ကိုင်နိုင်ရှိအောင် နှစ်ဖက်လုံးက ကူညီပံ့ပိုးဖို့လိုတယ်။ နောက်တစ်ခါ မိုင်းရှင်းနိုင်တဲ့ကိစ္စတွေကိုလည်းပဲ တစ်ဖွဲ့ချင်းလည်း ကြိုးစားပြီး လုပ်ကြမယ်။ တချို့ဟာတွေကို နှစ်ဖက်ပူးပေါင်းပြီး လုပ်ကြမယ်ဆိုရင် ပြည်သူမှာ ထိခိုက်မှုတွေ လျော့ကျလာနိုင်တယ်ပေါ့နော်။ အဲဒီလိုမျိုး အခြေအနေတွေ မဖြစ်နိုင်ဘူးလားပေါ့။ တိုက်ပွဲတွေ ဖြစ်နေတာမှ မဟုတ်ဘဲလေ။ ဒါတွေကို စဉ်းစားပေးစေချင်တယ်။ ဒီလိုမျိုးသာလုပ်နိုင်ရင်တော့ မိုင်းအန္တရာယ်က ဒီထက်ပိုပြီး လျော့ကျသွားမယ့် အခြေအနေရှိတယ်”

ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာမှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မိုင်းထိဒဏ်ရာရသွားသည့် လူနာကို သယ်ဆောင်လာစဉ် (Photo: CJ)
ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာမှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မိုင်းထိဒဏ်ရာရသွားသည့် လူနာကို သယ်ဆောင်လာစဉ် (Photo: CJ)

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ အခုလို ဒေသခံပြည်သူတွေ မိုင်းထိဒဏ်ရာရတာဟာ စစ်ကောင်စီတပ်ကြောင့်လို့ ပြောပါတယ်။

“အဓိက မြန်မာစစ်တပ်ကြောင့်လို့ပြောရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့ စခန်းချ ရပ်နားတဲ့နေရာ ဟူသမျှ နောက်ပြီးတော့ အထိုင်စခန်းကြီးတွေဖြစ်တဲ့ ဗျူဟာစခန်းတွေ၊ တပ်ရင်းဌာနချုပ်တွေ အဲဒီနေရာစုံမှာ သူတို့က လုံခြုံရေးအကြောင်း ပြချက်နဲ့ မြေမြှုပ်မိုင်းတွေကို စည်းမဲ့ကမ်းမဲ့ထောင်တာတွေ အမြဲတမ်းလုပ်နေတာပေါ့။ အဲဒီ မြန်မာစစ်တပ်ရောက်တဲ့နေရာတွေမှာ ထောင်တဲ့မိုင်းတွေက သူတို့မှာပြန်ပြီး ဖော်တာမရှိဘူး။ အဲဒီမိုင်းတွေက စွန့်လွှတ်မိုင်းတွေအဖြစ်ရှိနေတယ်။ အဲဒီစွန့်လွှတ်မိုင်း တွေကပဲ အခုဒေသခံ ပြည်သူတွေကို ဒုက္ခပေးနေတာဖြစ်တယ်”

ဒီပြောဆိုချက်တွေအပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ များလာနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ အချိန် နှစ်နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အခု အချိန်မှာတော့ နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲနေတာပါ။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားချိန်ကစလို့ အခုအချိန်ထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် အရပ်သား ၆၃ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။