ရခိုင်တိုက်ပွဲ တောင်ပိုင်းအထိ ကျယ်ပြန့်လာ၊ သံတွဲဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.04.24
ရခိုင်တိုက်ပွဲ တောင်ပိုင်းအထိ ကျယ်ပြန့်လာ၊ သံတွဲဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ ရခိုင်ပြည်နယ်၊ သံတွဲမြို့အား တွေ့ရစဥ်။
RFA

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မြောက်ဘက် မိုင်နှစ်ဆယ်ကျော်အကွာ ရေကောက်ရွာနဲ့ ပုရစ်ရွာအနီးမှာ ဧပြီလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာကြောင့် ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာစတင်ခဲ့တဲ့ တိုက်ပွဲဟာ အချိန်ငါးလကျော်အကြာမှာတော့ ရခိုင်တောင်ပိုင်းက မြန်မာနိုင်ငံမှာ လူသိများထင်ရှားတဲ့ ငပလီကမ်းခြေနဲ့ကပ်လျက် သံတွဲမြို့နယ်အထိ ကျယ်ပြန့်လာတာပါ။

“လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော၊ စက်သေနတ်သံတွေရော အများကြီးပစ်သံကြားတယ်"

အင်အားတစ်ရာခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ (AA) တို့ ခြောက်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းပစ်ခတ်မှုပါ ရှိခဲ့တာလို့ ပုရစ်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“လေယာဉ်နဲ့ ဗုံးအရင်ကြဲတယ်။ ပြီးမှ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ထွက်တာပေါ့။ အဲဒီမှာ အပြန်အလှန် တိုက်ပွဲဖြစ်ကြတာပါ။ နေ့လယ် ၁၂ နာရီလောက်ကနေ ညနေ ၆ နာရီလောက်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်”

ပုရစ်နဲ့ ရေကောက်ကျေးရွာဟာ သံတွဲ - တောင်ကုတ်ကားလမ်းမအနီးမှာရှိပြီး အခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့ တစ်ဖာလုံလောက်သာ ဝေးတယ်လို့ဆိုပါတယ်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ ဒေသခံတွေအနေနဲ့ အတိအကျမသိရသလို ဒီနေ့မှာလည်း အဲဒီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားပြီး မြစ်ထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ တိုက်ပွဲဖြစ်နေချိန်မှာပဲ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရတယ်လို့ ရေကောက်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော၊ စက်သေနတ်သံတွေရော အများကြီးပစ်သံကြားတယ်။ ရွာနားမှာ တိုက်ပွဲပြင်းထန်နေတော့ လက်နက်ကြီးတွေ ရွာထဲကျလာမှာစိုးရိမ်တယ်လေ။ အဲဒါကြောင့် ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ရတယ်”

တိုက်ပွဲကြောင့် အိမ်ထောင်စုသုံးရာရှိတဲ့ ရေကောက်ရွာနဲ့ အိမ်ထောင်စုနှစ်ရာကျော်ရှိတဲ့ ပုရစ်ရွာက စုစုပေါင်း နှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

တိုက်ပွဲဟာ သံတွဲမြို့နယ်အထိ ကျယ်ပြန့်လာနေတာကြောင့် တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့ သံတွဲဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သံတွဲမှာတော့ လေယာဉ်သံကြားလည်း ကြောက်နေရတာပဲ။ လက်နက်ကြီးသံကြားလည်း ကြောက်နေရတာပဲ။ ဒီဖြစ်နေတဲ့အခြေအနေကတော့ ကျီးလန့်စာစားဖြစ်နေတာပေါ့။ အဓိက တိုက်ပွဲဖြစ်တဲ့နေရာက တောထဲမှာ ဖြစ်တာပါ။ အဲဒီတောတွေနဲ့ နီးတဲ့ရွာတွေကတော့ ရှောင်နေကြရတာပေါ့။ မြို့နဲ့ဆိုရင်တော့ မိုင်နှစ်ဆယ်ကျော် လောက်တော့ ဝေးပါတယ်။ အဲဒီအကွာအဝေးက ဘယ်လောက်မှဝေးတဲ့ ခရီးတော့ မဟုတ်ဘူးပေါ့ ”

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ရခိုင်မှာတိုက်ပွဲစချိန်ကတည်းက ပြည်မနဲ့ ဆက်သွယ်တဲ့လမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ကုန်ပစ္စည်းပြတ်တာ၊ ဈေးအဆမတန် မြင့်တက်တာ စတဲ့အခက်အခဲတွေကိုပါ ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။

သံတွဲမြို့နယ် တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော (AA) ဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကစတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို (AA) က သိမ်းပိုက်ထားပါတယ်။

နောက်ထပ် ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့တို့ (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိ ရခိုင်ပြည်နယ် တောင်ပိုင်းက သံတွဲမြို့နယ်အထိ တိုက်ပွဲကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။