ALP တပ်ဖွဲ့ဝင်တွေ လုပ်ကြံခံရမှုကြောင့် ရခိုင်ပြည်နယ် စစ်ရေးတင်းမာလာနိုင်လား

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.07.06
ALP တပ်ဖွဲ့ဝင်တွေ လုပ်ကြံခံရမှုကြောင့် ရခိုင်ပြည်နယ် စစ်ရေးတင်းမာလာနိုင်လား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန

စစ်ကောင်စီနဲ့ပူးပေါင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ရဲ့ ဒုဥက္ကဋ္ဌ အပါအဝင်၊ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်သားတစ်ဦး ဇူလိုင်လ ၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဟာ ULA/ AA ကလုပ်တာ ဖြစ်တယ်လို့ ALP က စွပ်စွဲထားပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ALP ရဲ့ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင် သုံးဦးကိုလည်း ULA/ AA က စစ်တွေမြို့ပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ALP ကစွပ်စွဲခဲ့ဖူးပါတယ်။

ဒီအပေါ်မှာ ရခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ALP အဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာ AA နဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

“ဒီကိစ္စကတော့ ကျွန်တော်တို့နဲ့ လုံးဝပတ်သက်မှု မရှိဘူးဗျ၊ သူတို့ ALP အဖွဲ့အစည်းအတွင်းက မကျေနပ်မှုတွေ တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဆိုင်မှုတွေ ဒီလိုဟာတွေကြောင့်ပဲ သူတို့ရဲ့ အရှုပ်အထွေးတွေ အာဃာတတွေကြောင့် သူတို့တစ်ဘက်နဲ့ တစ်ဘက်နေပြီးတော့ လုပ်ကြံသတ်ဖြတ်တာမျိုးပဲ ဖြစ်နိုင်တယ်လို့ ကျွန်တော်ကတော့ အဲလိုမျိုးမြင်ပါတယ်၊ နောက်တစ်ချက်ကတော့ စစ်တွေမြို့ပေါ်မှာ ALP ပါတီအဖွဲ့ဝင်တွေဟာ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက် အနိုင်ကျင့် ပြန်ပေးဆွဲပြီးတော့ ငွေတောင်း ဒီရာဇဝတ်မှုမျိုးစုံကို တောက်လျှောက် သူတို့ ကျူးလွန်နေတာ ရှိပါတယ် ဒါကြောင့်မို့လို့ သည်းမခံနိုင်တဲ့ တစ်ယောက်ယောက်ကနေပြီး ပြန်ပြီးတော့ လက်တုံ့ပြန် သတ်ဖြတ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ကျွန်တော်က အဲလိုပဲ သုံးသပ်ပါတယ်။”

ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မဖြေလိုကြောင်း ပြောပါတယ်။

“အန်တီပြောရင် နာနာကျင်ကျင် ဖြစ်မယ် အန်တီမပြောချင်လို့ သည်းခံနေတာ”

နှစ်ဖက်အဖွဲ့အစည်းအကြား ပြန်လည်စွပ်စွဲ ပြောဆိုမှုတွေ ရှိနေကြတာပါ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူး ခိုင်သူရိန်ကတော့ ရခိုင်အချင်းချင်း သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွား ဆုတ်ယုတ်စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ရခိုင်၊ ရခိုင်ချင်းမှ မတည့်ဘဲနဲ့ ဘာတွေကို ရခိုင်ပြည်အတွက် တောင်းဆိုကြမှာလဲ ဘာတွေကို ရခိုင်ပြည်အတွက် ဆောင်ရွက်ကြမှာလဲ ကျွန်တော်တို့ ရခိုင်၊ ရခိုင်ချင်းမှ မတည့်လို့ရှိရင် ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး AA ကလည်း စစ်မြေပြင်မှာ စစ်မျက်နှာဖွင့်ထားသလို ကျွန်တော်တို့ကလည်း စားပွဲဝိုင်းမှာ နိုင်ငံရေးစာမျက်နှာ ဖွင့်ထားကြတယ်၊ ဒါကကျွန်တော်တို့က ကိုယ်တတ်နိုင်တဲ့လမ်း ကိုယ်ယုံကြည်ရာ လမ်းကနေပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေအတွက် ကျွန်တော်တို့မှာ ကိုယ်စွမ်းတဲ့ဘက်ကနေ ကိုယ်လုပ်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်၊ ဒီလိုအခြေအနေမှာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောထားမျိုးနဲ့ တိုက်ခိုက်နေတာတွေ ရန်စောင်းအပြစ်မြင်တာတွေက ရခိုင်ပြည်ရဲ့အကျိုးစီးပွားကို ဆုတ်ယုတ်စေမှာ ဖြစ်တယ်။”

ရခိုင်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ALP တို့ပူးပေါင်းတဲ့ အခြေအနေရှိတဲ့အတွက် ULA/ AA နဲ့ စစ်ရေး တင်းမာတဲ့ အနေအထားမှာ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ရခိုင်ပြည်နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

“ALP နဲ့ ပတ်သက်ပြီး ကြားနေရတာက စစ်ကောင်စီနဲ့ပေါ့နော် နယ်ခြားစောင့် BGF အနေနဲ့ တာဝန်ယူမယ်ဆိုတဲ့ အနေအထားတွေကို ပြည်သူတွေကြားမှာ ကြားနေရတာတွေ ရှိတယ်ပေါ့နော် ALP ကနေပြီးတော့ သူတို့ အခြေစိုက်ထားတဲ့ နေရာတွေမှာ ထပ်ပြီးဩဇာလွှမ်းမိုးမှု သူရဲ့ နယ်မြေဧရိယာထပ်ပြီး တိုးချဲ့လာတာကို တွေ့ရတယ်ပေါ့နော် တစ်ဘက်မှာလည်း ULA/AA ဘက်ကလည်း ဒီဟာကို ပြန်ပြီး တန်ပြန်ထိန်းချုပ်တဲ့ဟာတွေ ရှိတဲ့အခါကျတော့ အပြန်အလှန် အခုအချိန်မှာ တင်းမာမှုတွေတွေ့ရတယ် တင်းမာမှုတွေလည်း ထပ်ပြီး ရှိလာမယ်လို့လည်း တွေ့တယ်ပေါ့နော် စကစဘက်နဲ့ ULA/AA နဲ့ ကြည့်လိုက်လို့ရှိရင် လောလောဆယ် အနေအထားမှာတော့ နှစ်ဖက်စလုံးကတော့ အသင့်အနေအထားမှာ ရှိတယ်ပေါ့နော်။”

"ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောထားမျိုးနဲ့ တိုက်ခိုက်နေတာတွေ ရန်စောင်းအပြစ်မြင်တာတွေက ရခိုင်ပြည်ရဲ့အကျိုးစီးပွားကို ဆုတ်ယုတ်စေမှာ ဖြစ်တယ်။”

ALP အနေနဲ့ စစ်ကောင်စီလက်အောက်ခံ BGF အဖြစ် ဆောင်ရွက်မယ်ဆိုတဲ့ ဒေသခံရဲ့ ပြောဆိုမှု အပေါ်မှာတော့ ALP က ငြင်းဆိုပါတယ်။

“BGF နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ ၁၀၀ ရာခိုင်နှုန်း သတင်းအတုအယောင်သာ ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ BGF ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နှစ်ဖက်အပြန်အလှန် ဆွေးနွေးပြောဆိုခြင်း ဘာမှမရှိဘူး၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ယုံကြည်ချက်နဲ့ပဲ စားပွဲဝိုင်းပေါ်မှာ ရပ်တည်နေတာ ဖြစ်တယ်၊ BGF ဆိုတဲ့ သတင်းအတုအယောင်လွှင့်ပြီးတော့ ကျွန်တော်တို့ကို နိုင်ငံရေးလုပ်ကြံမှုလို့ပဲ ကျွန်တော်က ပြောချင်တယ်။”

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးဆန္ဒ မပြည့်ဝဘူးဆိုရင်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“ရခိုင်ပြည်တစ်ခြားနေရာတွေမှာတော့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်အခါဆိုတော့ တည်ငြိမ်နေတဲ့ သဘောရှိတယ်၊ ဒါပေမဲ့ နိုင်ငံရေးအားဖြင့် လိုအပ်လာရင်တော့ စစ်ရေးနဲ့ဖြေရှင်းတဲ့ အလေ့အထလည်း ဖြစ်နေပြီဆိုတော့ တစ်ချိန်ချိန်မှာတော့ နိုင်ငံရေးဆန္ဒမပြည့်ဝဘူးဆိုရင် ဟိုဘက်ဒီဘက် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်ဗျ။”

a8fa842e-bbd9-4271-90df-294e40f9df2a.jpeg
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်က နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အခြေအနေကတော့ အတူတူပဲ ဖြစ်တယ်လို့ နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါမြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတာမျိုးတွေ သူတို့ အချင်းချင်းလည်း မညီညွတ်ဘူး ဒါပေမဲ့ တစ်ခုတော့ ညီညွတ်နေတာပေါ့၊ စစ်ကောင်စီနဲ့ ပေါင်းတဲ့နေရာမှာတော့ ညီညွတ်ကြတယ်၊ ဦးအေးမောင်တို့လည်း အဲအတိုင်းပဲ AA ကလည်း ဒီအတိုင်းပဲ အခုဒေါ်စောမြရာဇာလင်းတို့လည်း ဒီအတိုင်းပဲလေ သူတို့ကိုကျွန်တော်တို့ကတော့ ဗမာပြည်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီလုပ်ငန်းစဉ်မှာ သူတို့အနေအထားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ အခုအချိန်ထိ ထည့်သွင်းစဉ်းစားစရာ သိပ်မရှိသေးဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်က အခြေအနေတွေ သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို တစ်ဖက်က ရခိုင့်တပ်တော် ULA/ AA ဟာလည်း စစ်ကောင်စီနဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်ကစပြီး ယာယီအပစ်အခတ်ရပ်စဲထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။