ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြ
2020.12.28
ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ တပ်မတော်ကိုထောက်ခံပြီး ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။
မနေ့က ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင် က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အစိုးရက အရေးယူဖို့တောင်းဆိုတယ်။ လွှတ်တော်မှာ တပ်မတော်က ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို ထောက်ခံတယ်၊ လိုအပ်ရင် ၁ဝဝ ရာခိုင်နှုန်း ပါဝင်သင့်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ်ပေးမယ့် တပ်မတော်နဲ့ သူတို့အတူရှိတယ်စသဖြင့် ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ရွေးကောက်ပွဲ နောက်ပိုင်း အခုလို ဆန္ဒပြပွဲတွေပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကို အစိုးရအနေနဲ့ အလေးအနက် ထားစေလိုတယ်လို့ ပြောပါတယ်။
“ကျနော်တို့စိုးရိမ်တဲ့အတိုင်းပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူး။ ဒီရွေးကောက်ပွဲ မသမာမှုတွေ အများကြီးပေါ်ထွက်လာတယ် ဆိုတဲ့အခါကျတော့ ပြည်သူတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကန့်ကွက်ပြီးတော့ ဆန္ဒတွေဖော်ထုတ်နေတယ်လို့ မြင်ရတာပေါ့လေ။ ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း အနိုင်အရှုံး ရလဒ်ကို အငြင်းပွားစရာ အကြောင်း မရှိဘူး။ ပြည်သူ့ဆန္ဒအတိုင်း ဖြစ်ပေါ်လာတဲ့ အစိုးရ အနိုင်ရပါတီကို အာဏာ လွှဲပြောင်းပေးတာက ကျနော်တို့ တည်ထောင်ခဲ့တဲ့ ယဉ်ကျေးမှုဖြစ်တဲ့အတွက် ဒီအနိုင်အရှုံးအပေါ်မှာ ကျနော်တို့ ဘာမှပြောစရာမရှိဘူး။ သို့သော် ကျနော်တို့ ထူထောင်ပေးခဲ့တဲ့ ဒီမိုကရေစီ တန်ဖိုးတွေ ပျောက်ဆုံးမသွားအောင်၊ အနိုင်ရတဲ့သူက ထင်သလို လုပ်ပြီးတော့မှ အာဏာကို ချုပ်ကိုင်သွားတယ်ဆိုတဲ့ မကောင်းတဲ့ အစဉ်အလာဆိုးကြီးတွေ သမိုင်းမှာ ဆက်လက်ပြီး ရှင်သန်သွားမှာကို မလိုလားတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အစဉ်အလာတွေ ရှင်သန်နေစေဖို့အတွက် ဒီ မတရားမှုတွေကို ကျနော်တို့ လက်မခံနိုင်ဘူး။ မဲလိမ် မဲခိုးတာတွေကို လက်မခံနိုင်ဘူးဆိုပြီး အထောက်အထားတွေနဲ့တကွ ဖော်ထုတ်ပေးနေတယ်။ နောက်တခါ ပါတီကို ဝန်းရံနေတဲ့ ပါတီကို အားပေးခဲ့တဲ့ ပြည်သူလူထုကလည်း သက်ဆိုင်ရာ မတရားမှုတွေ ဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်နေတယ်။ ပြည်သူတွေရဲ့ အသံတွေကို လက်ရှိတာဝန်ရှိတဲ့သူတွေက လေးလေးနက်နက် နားထောင်ပြီးတော့မှ သဘောထားကြီးကြီး ခေါင်းကြီးကြီးနဲ့ ကြိုးစားစီမံ ဆောင်ရွက်သွားဖို့ လိုတယ်လို့ မြင်ပါတယ်။ မနေ့က ဆန္ဒပြပွဲဟာ ဒါက UEC ရဲ့ မသမာမှုတွေကို ဖော်ထုတ်တဲ့ပွဲ ဖြစ်တဲ့အတွက် ကျနော်တို့ ပါတီဝင်တွေလည်း ပါကောင်းပါနိုင်ပါတယ်”
ဒါ့အပြင် ဒေါက်တာနန္ဒာလှမြင့်က သူတို့ပါတီကို တပ်မတော်နဲ့ ဆက်စပ်ပြောဆိုမှုတွေ ရှိနေပေမယ့် အမှန်တကယ်အားဖြင့် သူတို့ပါတီဟာ တပ်မတော်ရဲ့ လောင်းရိပ်အောက်မှာ မရှိပါဘူးလို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နဲ့ ရှမ်းပြည်နယ် NLD တွဲဘက်အတွင်းရေးမှူး ဒေါ်နီလာဝင်း ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ သူတို့ပါတီအနေနဲ့ မသမာမှုတွေကို ပြုလုပ်ခဲ့ခြင်း မရှိပါဘူးလို့ ပြောပါတယ်။
“မဲရုံကိုယ်စားလှယ်တွေကို ဒီတခေါက်မှာ ကျမတို့ ကောင်းကောင်း သင်တန်းပေးနိုင်တယ်။ လုပ်နိုင်တဲ့ အတွက် မဲရုံကိုယ်စားလှယ်တွေက သေချာစောင့်ကြည့်တယ်။ တချို့ နေရာတွေမှာ မသမာမှုတွေ ရှိတယ်။ ဒါပေမဲ့ NLD က မဟုတ်ဘူး တဖက်အဖွဲ့အစည်းကပဲ လုပ်နေကြတာ။ အများစုကတော့ မှန်မှန်ကန်ကန် လုပ်သွားကြတာ များတယ်။ ဆရာမတွေလဲ မှန်မှန်ကန်ကန် လုပ်တယ်။ တချို့ဆရာမလေးတွေကတော့ သူတို့ အာဘော် မိထားတဲ့သူတွေကတော့ မျက်နှာတမျိုးနဲ့ ဆက်ဆံတာပေါ့။ တပ်မဲရုံတွေမှာဆိုရင် တိုင်းမှူးကျတော့ ကြိုက်သလို ဓာတ်ပုံရိုက်၊ ကိုယ့်ဘက်က မဲရုံကိုယ်စားလှယ်တွေကိုကျတော့ ထမင်းစားဖို့ကိုတောင် ဖုန်းပေးမကိုင်ဘူး။ နောက်ပြီးတော့ တဖက်အဖွဲ့အစည်းကို ယိမ်းတဲ့ တချို့ရပ်ကျေး တာဝန်ရှိတဲ့သူတွေက သူတို့ကိုယ်တိုင် မဲတံဆိပ်တုံးကို ထုပေးနေတာ။ မမှန်ကန်တာတွေကို အခု ဆန္ဒပြတဲ့ အဖွဲ့တွေကပဲ လုပ်ခဲ့ကြတာ။ တံဆိပ်တုံးကို ရာဘာပြားကို ခွာသွားတဲ့အထိ မတရားသဖြင့် လုပ်တာတွေကို မှတ်ထားတယ် ဖော်ထုတ်ဖို့အတွက်။ ဒါပေမဲ့ ကိုယ့်ဘက်က နိုင်နေတဲ့အတွက် မဖော်ထုတ်ခဲ့ကြတာပဲ ရှိတယ်။ အချက်အလက်တွေ ကျမတို့မှာ အားလုံး ခိုင်ခိုင်လုံလုံ ရှိပါတယ်”
မနေ့က ရန်ကုန်ဆန္ဒြ့ပပွဲမှာ ပါဝင်သူတွေက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကိုလည်း ကိုင်ဆောင်ချီတက်ခဲ့ပါတယ်။ တိုက်ဆိုင်မှုတခုကတော့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ် သြဂုတ်လက လက်ရှိ အစိုးရကို ဆန့်ကျင်ပြီး တပ်မတော်ကို ထောက်ခံကြောင်းနဲ့ တပ်မတော်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူတာကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ဖမ်းဝရမ်းကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှဆွေ ခေါ် ဦးလှဆွေ ဟာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကို သွားရောက်အဖမ်းခံခဲ့ခြင်းပါပဲ။
သူက အခုလို သွားရောက်ဖမ်းဆီးခံခြင်း မပြုမီ မီဒီယာတခုနဲ့ တွေ့ဆုံရာမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်။ လက်ရှိအစိုးရဟာ စီမံချက်တိတိကျကျမရှိဘဲ အုပ်ချုပ်နေတာဖြစ်တယ်၊ တပ်မတော်က ခိုင်မာမှုရှိပြီး ဝန်ကြီးဌာန ၃ ခုကို သေသေချာချာ ကိုင်တွယ် ထိန်းချုပ်ထားတဲ့အတွက် တိုင်းပြည်ကံကောင်းနေတာဖြစ်တယ် စသဖြင့် ပြောကြားခဲ့ပါတယ်။
----------------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)