ဒေါ်လာတန်ဖိုးကျပေမဲ့ ကုန်ဈေးနှုန်းပြန်မကျလို့ ပြည်သူတွေ အခက်ကြုံ
2024.10.18

ပြီးခဲ့တဲ့လပိုင်းတွေက အမေရိကန်တစ်ဒေါ်လာကို ကျပ်ခုနစ်ထောင်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး လက်ရှိမှာ တစ်ဒေါ်လာကို ကျပ် ၄၃၀၀ ဝန်းကျင်အထိကျဆင်းလာပါတယ်။ အဲဒီတုန်းက ဒေါ်လာတန်ဖိုးတက်တာနဲ့အတူ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေပါ အဆမတန်မြင့်တက်ခဲ့တာပါ။
လက်ရှိမှာ နိုင်ငံခြားငွေ လဲနှုန်းတွေကျဆင်းလာပေမဲ့ ကုန်းဈေးနှုန်းပြန်မကျလို့ လူမှုစီးပွားဘ၀တွေ ပိုကျပ်တည်းလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
“ပြည်ပကို ဈေးရောင်းတဲ့သူအတွက် ဆိုလို့ရှိရင်တော့ ဪ ဒေါ်လာဈေးတွေကျနေတော့ ကိုယ်ရမယ့်ပိုက်ဆံက နည်းသွားတယ်"
အခြေခံ စားသောက်ကုန်ဈေးတွေ မကျတာကြောင့် မီးဖိုချောင် စီမံခန့်ခွဲမှုမှာ အခက်ကြုံရတယ်လို့ ရန်ကုန်မြို့ တာမွေမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မ တစ်ဦးက RFA ကို ပြောပါတယ်။
“ကုန်ဈေးနှုန်းကလေ ဘယ်လိုပြောမလဲ တစ်ရက်နဲ့ တစ်ရက်မတူဘဲနဲ့ တစ်ရိပ်ရိပ်တက်လာတဲ့အပေါ်မှာ ကျွန်မတို့က ဘယ်လိုမှ အိမ်ရှင်မတွေကလေ စီမံခန့်ခွဲလို့ မရတော့ဘူးဖြစ်နေတာပေါ့နော်”
လက်ရှိ အခြေခံ စားသုံးကုန်စျေးနှုန်းတွေဟာ လွန်ခဲ့တဲ့ ခြောက်လအတွင်း နှစ်ဆခန့် တက်လာတာ တွေ့ရတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
လုပ်ခတိုးပေမဲ့ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် အလုပ်သမားတွေ ကျပ်တည်းနေဆဲ
ပဋိပက္ခတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေ မြန်မာမှာ ဆက်ရပ်တည်ဖို့ ခက်ခဲလာ
ဗဟိုဘဏ် အတိုးနှုန်းတိုးမြှင့်မှု တိုင်းပြည်စီးပွားရေး ထိခိုက်နိုင်ကြောင်း သုံးသပ်
လွန်ခဲ့တဲ့ ခြောက်လက အာလူး တစ်ပိဿာကို ကျပ်ခြောက်ထောင်ကနေ အခုတစ်သောင်းကျပ်၊ ဂေါ်ဖီတစ်ထုပ် ကျပ်နှစ်ထောင်ကနေ အခုငါးထောင်ကျပ်၊ ကြက်ဥ၊ ဘဲဥ တစ်လုံးကို ကျပ် ၂၅၀ ကနေ အခု ၄၅၀ ကျပ်အထိ တက်လာတာပါ။
အခြေခံကျဆုံး ဟင်းရွက်ဖြစ်တဲ့ ကန်စွန်းရွက်ကတော့ အရင်က တစ်စည်း ကျပ် ၅၀၀ လောက်သာရှိခဲ့ပေမဲ့ အခုတော့ ကျပ်တစ်ထောင်လောက်အထိ ရှိနေပြီလို့ ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေလည်း အကျဘက်မှာ မရှိဘဲ တရိပ်ရပ်ဆက်တက်နေပါတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က ရွှေဘို ပေါ်ဆန်း ထူးရှယ် ၂၄ ပြည်ဝင် တစ်အိတ်ကို ပွဲရုံဈေး ကျပ် ၁၆၅၀၀၀ ဝန်းကျင်ကနေ အခု ကျပ် ၁၈၀၀၀၀ ဝန်းကျင်အထိရှိနေပါတယ်။ အလားတူ အလယ်အလတ်တန်းစား ဆန်ဖြစ်တဲ့ မြောင်းမြ ပေါ်ဆန်းနဲ့ တောင်ပျံ တို့လို ဆန်တွေကလည်း ကျပ် ၁၃၅၀၀၀ ဝန်းကျင်ကနေ ၁၄၅၀၀၀ ဝန်းကျင်အထိ ဈေးတက်လာတာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ကုန်ဈေးနှုန်းတွေ ပြန်မကျတာကြောင့် မြန်မာထုတ်ကုန်တွေကို တစ်နိုင်တပိုင် နိုင်ငံခြားကို တင်ပို့ရောင်းချသူတွေကိုလည်း ထိခိုက်မှုရှိနေပါတယ်။
ပြည်ပကို နိုင်ငံခြားငွေနဲ့ ရောင်းတယ်ဆိုပေမဲ့ ပြည်တွင်းမှာ ပစ္စည်းပြန်ဝယ်တဲ့အခါ မြန်မာကျပ်ငွေနဲ့သာ ဝယ်ယူရတာကြောင့် တွက်ခြေမကိုက် ဖြစ်နေရတယ်လို့ ပြည်ပရောက် မြန်မာတွေအတွက် မြန်မာဟင်းတွေ ချက်ပြီးတင်ပို့ရောင်းချနေတဲ့ ရန်ကုန်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်ပကို ဈေးရောင်းတဲ့သူအတွက် ဆိုလို့ရှိရင်တော့ ဪ ဒေါ်လာဈေးတွေကျနေတော့ ကိုယ်ရမယ့်ပိုက်ဆံက နည်းသွားတယ်။ ဒီမှာဝယ်ရတဲ့ ဈေးတွေကလည်း နဂိုအတိုင်းပဲ ဆိုတဲ့အခါကျတော့ အဆင်တော့ မပြေဘူးပေါ့လေ”
ကုန်ဈေးနှုန်းတွေ ပြန်မကျတာက နိုင်ငံရဲ့ အဓိက ကဏ္ဍကြီး သုံးခုဖြစ်တဲ့ လယ်ယာ၊ သားငါး ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေအပြင် တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှု တန်ဖိုး GDP ကျဆင်းလာကြောင့်လို့ စီပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ ဘဏ္ဍာရေးကဏ္ဍ လိုအပ်ချက်အတွက် ငွေစက္ကူတွေကို အလွယ်တကူ ရိုက်နှိပ်ဖြေရှင်းခြင်းရဲ့ အကျိုးဆက်လို့လည်း ပညာရှင်တွေက သုံးသပ်ပါတယ်။
အာဏာသိမ်းကာလမှာ ကျပ်နှစ်သောင်းတန် အပါအဝင် ငွေစက္ကူသစ်တွေ အများအပြား ရိုက်ထုတ်တာအပြင် စစ်ရေး၊ နိုင်ငံရေးနဲ့ သဘာ၀ဘေးတွေကြောင့် စိုက်ပျိုးရေးထွက်ကုန်နဲ့ စားသောက်ကုန် ထွက်ရှိမှုပမာဏ လျော့နည်းနေတာတွေက ဈေးကွက်ထဲရောက်ရှိပြီးသား အခြေခံစားကုန်တွေ ဈေးပြန်မကျနိုင်တဲ့ အကြောင်းရင်းတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် ဒီအခြေအနေဟာ သမားရိုးကျ ငွေကြေးဖောင်းပွမှု ပုံစံမဟုတ်ဘဲ အလုပ်လက်မဲ့နှုန်းတွေ များလာတာ၊ စီးပွားရေးဖွံ့ဖြိုးမှုတွေ နိမ့်ကျလာမှုကြောင့် ဖြစ်လာတဲ့ အခြေအနေလို့ အမည်မဖော်လိုတဲ့ စီးပွားရေး ပညာရှင် တစ်ဦးက RFA ကို ပြောပါတယ်။
“အခုဖြစ်နေတာက ဘာကြောင့်မကျသလဲဆိုတော့ Stagflation လို့ခေါ်တယ် ဒါက သမားရိုးကျ Inflation (ငွေကြေးဖောင်းပွမှု) မဟုတ်ဘူး သမားရိုးကျ Inflaction ကတော့ ငွေကြေးဖောင်းပွတာတို့၊ ကုန်ဈေးနှုန်းမြင့်တက်တာတို့ ဗမာလို လွယ်လွယ်ပြောရင်တော့ အခုဟာက အဲဒီပုံစံ မဟုတ်ဘူး Stagflation ဆိုတာ Stagnation (စီးပွားရေးတုံ့ဆိုင်းမှု) နဲ့ inflation(ငွေကြေးဖောင်းပွမှု) နှစ်ခုရောစပ်ပြီး ဖြစ်နေတဲ့ဖြစ်စဉ်ကိုခေါ်တာ”
ဒီအခြေအနေတွေကြောင့် သာမာန်ငွေကြေးဖောင်းပွမှု ဖြစ်စဉ်တွေအတိုင်း ဖြေရှင်းလို့ မရနိုင်ဘူးလို့ သူက သုံးသပ်ပါတယ်။
နိုင်ငံခြားငွေ ဈေးနှုန်းကျဆင်းပြီး မြန်မာကျပ်ငွေ တန်ဖိုးအမှန်တကယ် မြင့်တက်လာဖို့ဆိုရင် တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှု GDP နဲ့ နိုင်ငံခြားအရန်ငွေ (Foreign Currency Reserve) မြင့်တက်လာဖို့ လိုလည်းလိုတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေကို ဖြေရှင်းဖို့က တိုင်းပြည်မှာဖြစ်နေတဲ့ အခြေအနေမှန်ကို နားလည်ဖို့လိုပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို လုပ်ဆောင်နိုင်မဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်မှသာ ရလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ အဲဒီ စီးပွားရေးပညာရှင်က ဆက်ပြောပါတယ်။
“Political Economy ဗမာလို ပြောရင်တော့ နိုင်ငံရေး ဘောဂဗေဒပေါ့။ နောက်တစ်ခုကတော့ Economic Policy စီးပွားရေး မူဝါဒပေါ့ Political Economy ပြောရင်တော့ သူ့ရဲ့ ဘာသာရပ်အခေါ်အဝေါ်ကလည်း နိုင်ငံရေး ဘောဂဗေဒဖြစ်တဲ့အတွက် နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာပဲ။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီးမှ စီးပွားရေးကို ကောင်းမွန်အောင်ပြန်ကြိုးစားကြပေါ့ဗျာ။ ဒါနိုင်ငံရေးဘက်ကနေ ချဉ်းကပ်ပြီး စီးပွားရေးကို ကောင်းမွန်အောင် လုပ်တာ။ ဒါ Political Economy ပဲ။ နိုင်ငံရေးနဲ့ ပိုသက်ဆိုင်တာပေါ့။ အဲဒါမှ မဟုတ်ဘူး Political က Dead Lock (ရပ်တန့်) ဖြစ်တယ်။ စီးပွားရေး မူဝါဒနဲ့ Economic Policy ရှု့ထောင့်က ဖြေရှင်းမယ်ဆိုလည်း ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့ Political Economy လောက်တော့ ကျွန်တော် ထိရောက်မယ် မထင်ဘူး”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘယ်လိုကိုင်တွယ် ဖြေရှင်းနေသလဲဆိုတာ သိနိုင်ဖို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်နိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်ပေမဲ့ လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
အာဏာသိမ်းကာလမှာ ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေတာကြောင့် ပြည်သူတွေ မြန်မာငွေကို လက်ထဲမထားရဲတော့ဘဲ ဒေါ်လာနဲ့ ရွှေကို စုံပြုံဝယ်ယူလာတာကြောင့် ဒေါ်လာဈေးတွေ မြင့်တက်ခဲ့တာလို့ ဒေါ်လာ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။
ဒါပေမဲ့ ငွေသားလက်ထဲ မကျန်တော့ဘဲ ရွှေနဲ့ ဒေါ်လာပဲ လက်ထဲမှာ ပိုက်မိနေချိန် ဒေါ်လာကို ပြန်ထုတ်ရောင်းကြတာကြောင့် ဒေါ်လာဈေးကျလာတာလို့ ဆိုကြပါတယ်။
ဒါကြောင့် အခု ဒေါ်လာဈေး ကျနေတာကလည်း ယာယီကျဆင်းခြင်းသာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။
ပြည်သူတွေမှာတော့ ဝင်ငွေတိုးလာတာလည်း မရှိတဲ့အတွက် ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ကိုပဲ မျှော်လင့်နေကြပါတယ်။