ပလက်ဝမြို့နယ်ကို လမ်းထိန်းချုပ်ထားလို့ ကုန်ဈေးနှုန်း နှစ်ဆကျော်မြင့်တက်

RFA Burmese
2023.07.04
ပလက်ဝမြို့နယ်ကို လမ်းထိန်းချုပ်ထားလို့ ကုန်ဈေးနှုန်း နှစ်ဆကျော်မြင့်တက် ပလက်ဝမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
RFA

စစ်ရေးပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ အခြေခံစားသောက်ကုန် ရှားပါးနေပြီး ကုန်ဈေးနှုန်းတွေ နှစ်ဆကျော် မြင့်တက်နေပါတယ်။

ပလက်ဝမြို့ကိုရောက်ဖို့ ပခုက္ကူ-မတူပီ-ပလက်ဝ ကားလမ်းနဲ့ ရခိုင်ပြည်နယ် ကျောက်တော်ဘက်ကသွားတဲ့ ရေကြောင်းလမ်းပဲရှိပါတယ်။

ဒီလမ်းကြောင်း နှစ်ခုစလုံး ပိတ်ဆို့ကန့်သတ်ခံထားရတာကြောင့် ပလက်ဝမြို့နယ်မှာ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ အိမ်သုံးဆေးဝါးတွေ ရှားပါးနေပြီး ဈေးနှုန်းတွေ နှစ်ဆကျော် မြင့်တက်နေတယ်လို့ အမည်မဖော်လိုတဲ့ ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်က RFA ကိုပြောပါတယ်။

"ရခိုင်ပြည်နယ် ကျောက်တော်ဘက်ကနေ သယ်ရတာပေါ့၊ တစ်ပတ်မှာ သင်္ဘောက နှစ်ကြိမ်လောက်ထွက်တာပေါ့လေ။ ကုန်းလမ်းကတော့ ပိတ်ထားတာ။ အရင်တုန်းကဆိုရင် ကုန်ပစ္စည်းတွေ ချိုချိုသာသာ ဈေးနှုန်း သက်သက်သာသာနဲ့ ရတာက ကုန်းလမ်းရော၊ ရေလမ်းရော အဆင်ပြေသလို သွားလို့ရတဲ့အခါကျတော့ သက်သာကြတာပေါ့။ အခုက ရေလမ်းတော့ဖွင့်တယ်၊ ဖွင့်ပေမယ့် တစ်ပတ်မှ တစ်ကြိမ်လောက်၊ နှစ်ကြိမ်လောက်ပဲ"

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ပခုက္ကူ - မတူပီ - ပလက်ဝ ကားလမ်းက သွားလာလို့ မရတော့ပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ဘက်ကလာတဲ့ ရေကြောင်းလမ်း တစ်ခုတည်းကိုပဲ မှီခိုနေရတာပါ။

"ရခိုင်ပြည်နယ် ကျောက်တော်ဘက်ကနေ သယ်ရတာပေါ့၊ တစ်ပတ်မှာ သင်္ဘောက နှစ်ကြိမ်လောက်ထွက်တာပေါ့လေ။ ကုန်လမ်းကတော့ ပိတ်ထားတာ။"

အဲဒီရေလမ်းကိုလည်း စစ်ကောင်စီရဲ့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခွင့်ပြုချက်ရမှ လူတွေ ခရီးသွားတာရော စားသောက်ကုန် သယ်တာပါရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုကန့်သတ်ချက်ကြောင့် ပုံမှန်ဆိုရင် ဆန်တစ်အိတ်ကို မြန်မာငွေ ရှစ်သောင်းပဲရှိပေမယ့် အခုတော့ တစ်သိန်းရှစ်သောင်းလောက် ပေးဝယ်နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ကုန်ပစ္စည်းတွေကို ပုံမှန် အဝင်အထွက်မရှိတဲ့ အခါကျတော့ အစိုးရက ကန့်သတ်တဲ့ အခါကျတော့ ဒီမှာက ကုန်ပစ္စည်းတွေ ပြတ်လပ်တာတွေ ရှိတဲ့အခါတော့ သူတို့က တက်ချင်သလိုတက်နေတာပေါ့၊ အဲလို ဖြစ်နေတာပေါ့။ လမ်းပန်းဆက်သွယ်ရေးအတွက် ရုံးစာတင်ရတာပေါ့။ ခရီးသွားမယ်ဆိုလည်း ရုံးကို ရုံးစာတင်ရတာပေါ့၊ သက်ဆိုင်ရာ ထွေအုပ်ရုံးကို ရုံးစာတင်ရတယ်၊ လူဘယ်နှယောက် ဘယ်နှယောက်အဲလိုမျိုးပေါ့။ အဲဒါမှ ဆန်သယ်မယ်ဆိုရင်လည်း ဥပမာ ဆယ်ယောက်ဆို ဆယ်ယောက်ပေါ့။ ရုံးစာတင်ပြီးမှပဲ သွားခွင့်ပြုတာပေါ့။"

ပလက်ဝမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်လည်း ခြောက်ထောင်ကျော် ရှိနေပါတယ်။

သူတို့က ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ အထောက်အပံ့ တချို့ရပေမယ့် ကုန်ဈေးနှုန်းတွေ ကြီးလာတဲ့အတွက် ကျန်းမာရေးအတွက် ဆေးဖိုးဝါးခတွေ ပိုခက်ခဲလာတယ်လို့ ပလက်ဝမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ကိုအောင်ဏီက RFA ကိုပြောပါတယ်။

“ အခက်အခဲကတော့ ကုန်ဈေးနှုန်းတက်တာကိုပဲ အခက်အခဲရှိတယ်။ ကျွန်တော်တို့က စစ်ဘေးရှောင်ဘဝနဲ့ နေတာဆိုတော့ စားနပ်ရိက္ခာတော့ အခက်အခဲတော့ မရှိဘူး။ ကျန်းမာရေး ဆေးဝါးခကတော့ အခက်အခဲတော့ ရှိတယ်။ ”

ကုန်စည်သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီခန့်ထားတဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။ (Photo: RRCCI)
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။ (Photo: RRCCI)

ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) ရဲ့ စီမံမန်နေဂျာ ဆလိုင်းတေဇကတော့ ပလက်ဝမြို့နယ်ထဲမှာ စားနပ်ရိက္ခာ ရှားပါးတာ စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ဝေဖန်ပါတယ်။

“ ဈေးနှုန်းတက်တာတော့ တကယ်တော့ ပလက်ဝမြို့နယ်ထဲမှာ အခုလောလောဆယ် ပလက်ဝမြို့နဲ့က စစ်ကောင်စီနဲ့ ဆိုင်တာပေါ့နော်။ ဖြစ်နိုင်ရင် ဈေးနှုန်းတက်တာတွေကို စစ်ကောင်စီကလည်း ထိန်းပေးသင့်တယ်။ ကုန်ဈေးနှုန်းတက်တဲ့ အဓိက အကြောင်းအရင်းကတော့ သူတို့လိုချင်တဲ့ အစားထိုးကုန်စည်ကို လွတ်လွတ်လပ်လပ် မရနိုင်လို့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် သူတို့ လွတ်လွတ်လပ်လပ်ရနိုင်မယ့် နည်းလမ်းကို ရှာဖွေပြီးတော့ ကုန်ဈေးနှုန်းက သူတို့က ထိန်းချုပ်ပေးသင့်တာပေါ့နော်။ အဲလိုမှမဟုတ်ရင် တကယ်ခံရမယ့်သူတွေက ပြည်သူတွေဖြစ်တယ်။”

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပလက်ဝမြို့နယ်မှာ လူဦးရေ တစ်သိန်းကျော် နေထိုင်ပါတယ်။ လက်ရှိမှာ ဒေသခံတွေကတော့ စစ်ကောင်စီအနေနဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပြီး ခရီးသွားလာခွင့်၊ ကုန်စည်နဲ့ဆေးဝါးတွေ လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။