လျှပ်စစ်မီးနဲ့ ရေ ပြတ်တောက်မှုကြောင့် အလုပ်သမား နှစ်သိန်းလောက် အလုပ်လက်မဲ့ဖြစ်နိုင်

2022.03.17
လျှပ်စစ်မီးနဲ့ ရေ ပြတ်တောက်မှုကြောင့် အလုပ်သမား နှစ်သိန်းလောက် အလုပ်လက်မဲ့ဖြစ်နိုင် လျှပ်စစ်မီး ပြတ်တောက်နေသည့် ရန်ကုန်မြို့တစ်နေရာကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ညက တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း တွေ ပိုဆိုးလာခဲ့သလို ပြည်သူတွေရဲ့ လူနေမှုဘဝတွေလည်း ပိုပြီး ခက်ခဲလာခဲ့ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု ကြောင့် ကုန်ဈေးနှုန်းတက်လာတာ အပါအဝင် မီးပြတ်၊ ရေပြတ်ဒုက္ခကလည်း ပြည်သူတွေအတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခု ဖြစ်လာနေပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၃၀၄ မဂ္ဂါဝပ် လျော့နည်းမှာဖြစ်တဲ့အတွက် မတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက် အတွင်း နေရာအချို့မှာ အပိုင်းလိုက်၊ အချိန်ပိုင်းအလိုက် လျှပ်စစ်မီး ဖြန့်ဖြူးပေးမှာဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက မတ် လ ၇ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးက လက်ရှိ မီးပြတ်၊ ရေပြတ်ဒုက္ခကြုံရတာတွေကို အခုလိုပြောပြ ပါတယ်။

“ မီးက ၅ မိနစ်လောက်လာလိုက် ပြတ်သွားလိုက်၊ ၁ဝ မိနစ်လောက်လာလိုက် ပြတ်သွား လိုက်၊ ပြတ်သွားရင် ၃-၄ နာရီကြာတယ်။ လာချိန်ကျရင်လည်း ဖျတ်ခနဲလာလိုက်၊ ဖျတ်ခနဲ ပြတ်လိုက် နဲ့ ၁ဝ ကြိမ်လောက်ဖြစ်နေတာ၊ အခုဆိုရင် ကျမ ည ၈ နာရီထဲက ရေတင်ဖို့ကြိုးစားတာ ၅ ကြိမ်၊ ၆ ကြိမ် မကဘူး အဲလိုဖြစ်တာ၊ ရေပြတ်တာကြောင့် လူတွေ ဒုက္ခရောက်ကြရတယ်”

ရန်ကုန်မြို့တွင်းနေထိုင်သူတွေအနေနဲ့ ဂျိုးဖြူရေ၊ အဝီစိတွင်းရေတွေကိုသာ အားကိုးနေ ရပြီး မီးလာမှသာ ရေတင်လို့ရတာကြောင့် ခုလို ဒုက္ခတွေကြုံကြရတာပါ။ မီးလာတယ် ဆိုပေမယ့် မီးအားမပြည့်တဲ့အပြင် မီးလာတဲ့အချိန် စုပြုံပြီး ရေတင်ကြရတဲ့အတွက် ရေတင်စက်တွေ လောင်ကျွမ်းတာတွလည်း ရှိတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာ ရေကားတွေနဲ့ ရေလိုက်ဝေနေပြီး အဲဒါကို လူတွေက အုန်းအုန်းကျွက်ကျွက်နဲ့ တန်းစီ ယူကြရတယ်လို့လည်း ဆိုပါတယ်။ စားဝတ်နေရေး ခက်ခဲနေတဲ့အချိန် မီးပြတ်၊ ရေပြတ် ဒုက္ခကြောင့် လူတွေမှာ စိတ်ဒုက္ခတွေလည်း ပိုပြီး ခံစားနေကြရတယ်လို့ အဲဒီ ရန်ကုန် မြို့ခံက ပြောပါတယ်။

“အရင်က ည ၁၀ နာရီနောက်ပိုင်းမှာ မီးအားက ၁၈၀ နဲ့ ၂ဝဝ ကြားမှာရှိတယ်၊ ပြီးခဲ့တဲ့ ရက်ကဆို တစ်ညလုံး မအိပ်ဘဲစောင့်တာ မိုးလင်းသွားတယ် ၁၅၀-၁၄၀-၁၅၀ အဲလိုမျိုး တွေ တောက်လျှောက်ဖြစ်တယ်။ ဆိုတော့ လူတွေက မလုံမခြုံခံစားနေရတဲ့ကာလမှာ မီးက မလာဘူး၊ ဒီကြားထဲ စီးပွားရေးအဆင်မပြေရတဲ့ကာလမှာ ရေ လုံလုံလောက် လောက် မရဘူး၊ မီးစက်နဲ့ ရေမောင်း၊ ရေတင်ပေးနိုင်တယ် တစ်နာရီ ၁ သောင်းဆိုတော့၊ အဲလိုဝယ်ဖို့အတွက် ပိုက်ဆံရှိရင် ကိစ္စမရှိဘူး၊ စားဖို့တောင် အခက်အခဲရှိနေတဲ့အချိန် ဆိုတော့ လူတွေကို မွန်းကျပ်စေတယ် ပိုပြီး စိတ်ဒုက္ခရောက်စေတယ် ဒါတွေက နေရာ အနှံ့မှာပါပဲ၊ အထူးဖြင့် ရာသီဥတုကလည်း ပူဆိုတော့လေ လူတွေက ပိုဒုက္ခရောက် ကြတယ်”

လျှပ်စစ်မီးပြတ်တောက်မှု ပိုဆိုးလာတာကြောင့် နေ့စဉ်အခက်အခဲရောက်ကြသူတွေထဲမှာ အလုပ်သမားတွေ လည်း ပါဝင်ပါတယ်။ မီးမလာတဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းပြီး အလုပ်လက်မဲ့ဘဝတွေလည်း ပိုပြီး များလာ စေတယ်လို့ အလုပ်သမားအရေးလှုပ်ရှား သူတစ်ဦးက ပြောပါတယ်။

“မီးနဲ့လုပ်ရတဲ့လုပ်ငန်းတွေ အကုန်လုံး ကျဆင်းလာတာ တွေ့ရတယ်၊ အလုပ်လက်မဲ့ တွေ များလာတာလည်း တွေ့ရတယ်၊ ရွှေပြည်သာ၊ လှိုင်သာယာစက်မှုဇုန်တွေမှာ အလုပ် လုပ်နေတဲ့ အလုပ်သမား ၆ သိန်းကျော် လောက်ရှိပါတယ်။ ကိုဗစ်နဲ့ နိုင်ငံရေးအခြေ အနေကြောင့် လူဦးရေ ၃ သိန်းကျော်လောက်ဖြစ်သွားတယ်၊ အခုတစ်ခါ မီးမရလို့ လုပ်ငန်းရှင်တွေက စီးပွားရေးကျဆင်းသွားတာဖြစ်တဲ့အတွက် လုပ်ငန်းတွေကို လျှော့ကြ တယ်၊ လုပ်ငန်းရှင်တွေအနေနဲ့ မီးစက်မောင်းပြီး အလုပ် လုပ်ဖို့ဆိုတာ ဆီဈေးနှုန်းက ကျမတို့ဆီမှာ အဆမတန် ကြီးနေလို့ ဘယ်လုပ်ငန်းရှင်ကမှ ဆီဝယ်ပြီး မီးစက်မောင်း လုပ်ဖို့ သူတို့အတွက် မကိုက်ဘူး၊ အဲဒီတော့ အလုပ်တွေကို ပိတ်သိမ်းမယ်ဆိုရင် အနည်းဆုံး စက်မှုဇုန်တွေမှာ အလုပ်သမား ၂ သိန်းအထိ ထပ်ပြီး အလုပ်လက်မဲ့ ဖြစ်လာမယ့် အခြေအနေတွေကို တွေ့ရတယ်၊ ဒါက မြို့ပြမှာဖြစ်နေတဲ့ ပြဿနာ”

ပုံမှန်အချိန်မှာ အမြင့်ဆုံး ဓာတ်အားထုတ်လုပ်နိုင်မှုဟာ ၄၂၀၀ မဂ္ဂါဝပ်ခန့်ရှိကြောင်း၊ ဒါပေမဲ့ LNG ဓာတ်အားပေး စက်ရုံတွေရဲ့ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါ ဝပ်ခန့်က ဓာတ်ငွေ့ဈေးနှုန်းမြင့် တက်နေလို့ ရပ်ထားရတာတွေ၊ ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေက ထွက်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပို့လွှတ်တဲ့ ဓာတ်အားလိုင်းတွေ ဖောက်ခွဲဖျက်ဆီးခံ ခဲ့ရတာတွေကြောင့် အလှည့်ကျဓာတ်အားဖြန့် ဖြူးနေကြောင်း စစ်ကောင်စီ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လျှပ်စစ်မီး ပြတ်တောက်နေသည့် ရန်ကုန်မြို့တစ်နေရာကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ညက တွေ့ရစဉ် (Photo: RFA)
လျှပ်စစ်မီး ပြတ်တောက်နေသည့် ရန်ကုန်မြို့တစ်နေရာကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ညက တွေ့ရစဉ် (Photo: RFA)

စစ်ကောင်စီက မတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ အချိန်ပိုင်းလိုက် မီးအား ဖြတ်တောက် တယ်လို့ပြောပေမယ့် သူတို့လက်ထက်မှာ ရှေ့လျှောက်လည်း မီးအား ပုံမှန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဦးဇော်ရန်းက ပြောပါတယ်။

“စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်ပြေလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ရေအားလျှပ်စစ် စက်ရုံတွေတိုးဖို့ ဆိုတာ လည်း မဖြစ်နိုင်ဘူး၊ ဒီလျှပ်စစ်စက်တွေရဲ့ သဘောက အပို ပစ္စည်းတွေ လဲရတာရှိတယ်။ ဒီပစ္စည်းတွေကို နိုင်ငံခြားက မှာရတာဖြစ်တဲ့အတွက် ဒီအခြေအနေမှာ အပိုပစ္စည်းတွေ ပုံမှန်ရဖို့က အခက်အခဲရှိလာတယ်။ နောက်တစ်ခါ လျှပ်စစ်ဝန်ထမ်းတွေက CDM လုပ်တာတွေလည်းရှိတော့ အများကြီး အခက်အခဲဖြစ် နေတယ်၊ Qualify Capacity နဲ့ Quality Supply ဖြစ်ဖို့ကတော့ လုံးဝကို မဖြစ်နိုင်ဘူး လို့ ပြောချင်တယ်”

ရန်ကုန်တိုင်းအတွင်းမှာ ခန့်မှန်းခြေ လူဦးရေ ၇ သန်းနီးပါး နေထိုင်နေတယ်လို့ သိရပြီး အဲဒီထဲမှာ တိုက်ခန်းတွေ၊ အိမ်ရာတွေမှာ နေထိုင်သူတွေလည်းရှိကြပါတယ်။ လူဦးရေ များပြားတာနဲ့အမျှ ရေလိုအပ်ချက်တွေလည်း မြင့်မားနေတဲ့အပြင် မီးပြတ်တောက် မှုကြောင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေလည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။