စက်မှုဇုန်တွေ လျှပ်စစ်မီး ပုံမှန်မရတာကြောင့် ထုတ်ကုန်စျေးတက်ပြီး စားသုံးသူတွေပါ ထိခိုက်လာ

RFA Burmese
2024.06.02
စက်မှုဇုန်တွေ လျှပ်စစ်မီး ပုံမှန်မရတာကြောင့် ထုတ်ကုန်စျေးတက်ပြီး စားသုံးသူတွေပါ ထိခိုက်လာ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် စက်မှုဇုန်ရှိ အလုပ်ရုံတစ်ခုတွင် အလုပ်လုပ်နေသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စက်မှုဇုန်တွေရနေတဲ့ လျှပ်စစ်မီးအချိန်ဟာ စက်ရုံလည်ပတ်လို့မရတာကြောင့် မီးစက်တွေကို အသုံးပြုနေရပြီး ကုန်ကျမှုစရိတ် အနည်းဆုံး ငါးဆကနေ ရှစ်ဆအထိတက်သွားတယ်လို့ စက်ရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ကုန်ကျစရိတ် မြင့်တက်လာတာကြောင့် အရင်လို ပစ္စည်းတွေကို ကြိုတင်မလုပ်နိုင်တော့သလို စက်ငါးလုံးရှိရင် တစ်လုံးသာ လည်ပတ်နိုင်တော့တယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီး ပုံမှန်မရတာကြောင့် ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်ထဲက စက်ရုံအကြီးတစ်ဝက်လောက် မလည်ပတ်နိုင်တော့ဘူးလို့ အဲဒီမှာရှိတဲ့ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"ပြောမယ်ဆိုရင် မီးစက်နဲ့သုံးတဲ့ လုပ်ငန်းတိုင်းမှန်သမျှက မဖြစ်မနေသာ နှိုးနေရတာ။ တဖြည်းဖြည်းနဲ့တော့ နောက်ဆုံးမရတဲ့အဆုံး လုပ်ငန်းတွေရပ်ကြမှာပဲ။ အခုကတော့ တောင့်ခံနိုင်သလောက်တော့ သွားနေသေးတယ်။ အရှိန်လေးကျန်တာလေးလည်း ရှိတဲ့အလုပ် ဒါပဲလုပ်တတ်ကြတဲ့လူတွေဆိုတော့ ဖျစ်ညှစ်ပြီးသွားနေကြတာပေါ့"

ဒါကြောင့် ထုတ်ကုန်စျေးနှုန်းလည်း အရင်ကထက် နှစ်ဆယ်ရာခိုင်နှုန်းခန့် မြှင့်တင်လိုက်ရတယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးက စက်မှုဇုန်တွေကို မေလ ၁၉ ရက်နေ့ကစပြီး မနက် ၅ နာရီကနေ ၇ နာရီအထိ တစ်နေ့နှစ်နာရီသာ မီးပေးမယ်လို့ သက်ဆိုင်ရာလျှပ်စစ်ရုံးတွေက အကြောင်းကြားခဲ့ပေမဲ့ ဘယ်လောက်အထိကြာမယ်ဆိုတာ ပြောမထားဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

လျှပ်စစ်မီးမမှန်တာကြောင့် ထုတ်လုပ်မှုတွေမှာ ကုန်ကျစရိတ်တိုးလာတာဟာ စားသုံးသူတွေကိုပါ အခက်အခဲ ဖြစ်စေတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့မှာရှိတဲ့ စက်ရုံလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"နားလို့မရတဲ့ အလုပ်တွေဆိုရင်တော့ မီးစက်နှစ်လုံး ထားရတော့မယ်လေ။ သူ့ရဲ့ Invest (ရင်းနှီးမှု) တစ်ခုကလည်း ပိုပြီးတော့ တိုးလာတာပေါ့နော်။ နောက်ဆုံးတော့ ကုန်စျေးနှုန်းပဲ တက်မှာပေါ့။ စီးပွားရေးလုပ်ငန်းရှင်ဆိုတာကလည်း ကိုယ့်စက်ရုံရပ်သွားမှာထက် ဒီ Cost (ကုန်ကျစားရိတ်) တွေ အကုန်လုံးက ဒီစားသုံးသူအပေါ်ပဲ တင်လိုက်တာ"

အရင်က စက်မှုဇုန်တွေကို လေးနာရီခြားတစ်ခါ လျှပ်စစ်မီးပေးတာကြောင့် မီးစက်တစ်လုံးသာ အသုံးပြုခဲ့ရပေမဲ့ လက်ရှိ မီးစက်နှစ်လုံး လိုအပ်လာပြီး စက်သုံးဆီလည်း တစ်ဆပိုကုန်လာတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် စက်မှုဇုန် အမှတ် (၂) အား ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် စက်မှုဇုန် အမှတ် (၂) အား ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့ခံ တစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ တက်လာတာကြောင့် တစ်နေ့အိမ်သုံးစရိတ် နှစ်သောင်းနီးပါး သုံးစွဲတာတောင် မလောက်ငှဘူးလို့ RFA ကို ပြောပါတယ်။

"တစ်နေ့ရတဲ့လုပ်အားခ နှစ်သောင်းရတဲ့သူတောင် တစ်နေ့ရှာထားတဲ့ပိုက်ဆံ တစ်နေ့တာစားဖို့တောင် မလောက်တော့ဘူး။ ပြည်သူတွေအတွက်ကတော့ အဆမတန်ကို ထိခိုက်နစ်နာတာ တောက်လျှောက်ပေါ့။ စားသုံးသူတစ်ယောက်အနေနဲ့ပြောရရင် ဒါတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် ပြည်သူက ရင်စည်းပြီးခံရမယ့်အဆင့်ကို ရောက်သွားပြီ"

ရပ်လို့မရတဲ့ တချို့စက်ရုံတွေလည်း မီးစက်အပြင် နေရောင်ခြည်သုံး (ဆိုလာ) စွမ်းအင်ကိုပါ အသုံးပြုနေကြရတယ်လို့ စက်ရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

တောင်ဥက္ကလာစက်မှုဇုန်မှာ တွင်ခုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ကိုယ်ပိုင်စက်ရုံမရှိလို့ အငှားနဲ့ လည်ပတ်နေရတဲ့ စက်မှုလက်မှုလုပ်ငန်းတွေ လျှပ်စစ်မီးအခက်အခဲကြောင့် ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ RFA ကို ပြောပါတယ်။

"EPC ကိုပဲ အားကိုးပြီးတော့ အသုံးချနေတဲ့ စက်ရုံတွေဆိုလို့ရှိရင် တအားထိခိုက်တာပေါ့။ အလုပ်သမားခလည်း မပေးနိုင်၊ စက်ရုံကလည်း ငှားလည်ရဆိုတော့။ ငှားသုံးနေတဲ့ လူမျိုးဆိုရင်တော့ အကြွေးတင်ပြီးတော့ ရပ်ကို ရပ်ရတော့မှာပေါ့။ ဒါပဲ ရှိတာပေါ့။ ဘယ်လိုလုပ် လည်ပတ်လို့ရတော့မလဲ"

ဇွန်လ ၁ ရက်နေ့ကတော့ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ ဒဂုံမြို့သစ်တောင်ပိုင်းက စက်မှုဇုန်ကို လျှပ်စစ်မီးပေးခဲ့ပေမဲ့ အရင်လို ပုံမှန်ပြန်ရ၊ မရဆိုတာ မသေချာတာကြောင့် အရင်လိုခက်ခဲနေဆဲလို့ ဆိုပါတယ်။

"EPC ကိုပဲ အားကိုးပြီးတော့ အသုံးချနေတဲ့ စက်ရုံတွေဆိုလို့ရှိရင် တအားထိခိုက်တာပေါ့"

ဒီအခြေအနေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူအပါအဝင် လှိုင်သာယာ၊ ထန်းတပင်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က လျှပ်စစ်ရုံးတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပိတ်ထားကြပါတယ်။

စက်မှုဇုန်တွေမှာ လုပ်ငန်းလုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တွေကတော့ ထုတ်ကုန်စရိတ် ပိုမကုန်ကျဖို့နဲ့ စားသုံးသူတွေလည်း ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ် မခံရစေရေးအတွက် လျှပ်စစ်မီးပုံမှန်ရဖို့ မျှော်လင့်နေကြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဟာ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောထားပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိပေမဲ့ လက်ရှိတစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်သာ ထုတ်လုပ်နိုင်တာကြောင့် နိုင်ငံတစ်ဝန်း ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။