နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူး ၇၀ ကျော် ပုဏ္ဏားကျွန်းမြို့နယ်ရုံးက ခေါ်ပေမယ့် မသွားကြ

RFA Burmese
2022.12.05
နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူး ၇၀ ကျော် ပုဏ္ဏားကျွန်းမြို့နယ်ရုံးက ခေါ်ပေမယ့် မသွားကြ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၇၀ ကျော်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ နုတ်ထွက်စာတင်ထားကြပြီး ဒီဇင်ဘာ ၄ ရက်နေ့ မနေ့က မြို့နယ်ရုံးက အစည်းအဝေးခေါ်တဲ့အခါမှာ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာ ကြောင့်သွားမတက်ကြဘူးလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

သူတို့ဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲမရပ်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှာ ဒေသခံတွေ အစုလိုက် အပြုံလိုက် အသတ်ခံရတာ၊ ဖမ်းဆီးခံရတာနဲ့ ထွက်ပြေးနေကြရတာ၊ ရွာတွေထဲကို လက်နက်ကြီး၊ ဒရုန်း စတာတွေနဲ့ ပစ်ခတ်တာကြောင့် နုတ်ထွက်စာတင်ခဲ့ကြတာပါ။

"ကျနော်ကိုယ်တိုင်လည်း ထွက်ပြေးနေရတယ်။ တွေ့ရင်ဖမ်းတယ်၊ သတ်တယ် ဒီတော့ လုပ်မှမလုပ်ဝံ့တော့တာ”

မနေ့ကတော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက အစည်းအဝေးရှိတယ်လို့ အကြောင်းကြားပေမယ့် အားလုံးနီးပါး သွားမတက်ကြဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။

"ထွေအုပ်ကတော့ ဖုန်းနဲ့တစ်ဆင့် အကြောင်းကြားပါတယ်။ ကျနော်တို့ကို ဟိုတစ်နေ့ ကတည်းက မနက်ဖြန် အစည်းအဝေးရှိတယ်လို့ ပြောပါတယ်။ လုံခြုံရေးတွေ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် မသွားလိုက်ဘူး။ အုပ်ချုပ်ရေးမှူး တော်တော်များများ မသွားကြဘူး။ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု ၉၆ အုပ်စုမှာ အုပ်စု နှစ်ဆယ်တောင် မရောက်လောက်ဘူး"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့၊ ဆင်အင်းကြီးရွာနားမှာ စစ်ကောင်စီတပ် ရဲ့ ရိက္ခာတင်ယာဉ်တန်းကို AA က တိုက်ခိုက်ပြီးနောက် ညပိုင်းမှာတော့ စစ်ကောင်စီ တပ်သားတွေဟာ အဲဒီရွာက ဒေသခံ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၀ လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ရွာတွေထဲကို ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀) နဲ့ ပါဒလိပ် တပ်ရင်းအပြင် ရေကြောင်း၊ လေကြောင်းကပါ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ခမောင်းတော၊ အောင်မြေကုန်း၊ စပါးထား၊ ကံချောင်း၊ ငှက်ကြီးကျွန်း၊ တန်းခိုး စတဲ့ရွာတွေ အပါအဝင် အနီးအနားရွာတွေက အုပ်ချုပ်ရေးမှူး ၇၀ ကျော် နုတ်ထွက်စာ တင်ခဲ့တာလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ကိုယ့်ရွာသားတွေကို မကာကွယ်ပေးနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း မကာကွယ်နိုင် တာကြောင့် အခုလို နုတ်ထွက်စာတင်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်တုန်းကတော့ ကျနော်တို့ အေးဆေးအလုပ်လုပ်နေကြတာပါ။ အခု စစ်တပ် လာရင် ထွက်ပြေးရတယ်၊ အဖမ်းခံရတယ်။ အဲဒါကြောင့် ကြောက်လို့ နုတ်ထွက်စာ တင်ကြရတယ်။ စစ်သားတွေလာရင် ရွာသားတွေလည်း ကာကွယ်မပေးနိုင်ဘူး။ ကျနော်ကိုယ်တိုင်လည်း ထွက်ပြေးနေရတယ်။ တွေ့ရင်ဖမ်းတယ်၊ သတ်တယ် ဒီတော့ လုပ်မှမလုပ်ဝံ့တော့တာ”

လက်ရှိ နုတ်ထွက်စာတင်ထားနဲ့ ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက နုတ်ထွက် ခွင့်ပေး၊ မပေး တစ်စုံတစ်ရာ အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ ကြားညှပ်နေတာကြောင့် နှစ်ဖက်စလုံးက လုံခြုံမှုအာမခံပေးနိုင်မှ တာဝန်ဆက် ထမ်း ဆောင်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူး နောက်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေဟာ မိမိရပ်ရွာ တိုးတက်ရာ၊ တိုးတက်ကြောင်း လုပ်နေတဲ့သူတွေပါ။ အခု စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပေမယ့် ဘယ်တပ်ဖွဲ့တွေပဲလာရင် ကျနော်တို့က အကြောင်းကြားရမယ်။ အခုက သူတို့ ဝင်ချင်တဲ့အချိန်ဝင်မယ်။ ထွက်ချင်တဲ့အချိန် ထွက်မယ်ဆိုတော့ ကျေးရွာသားတွေလည်း ကာကွယ်မပေးနိုင်တော့ဘူး။ အုပ်ချုပ်ရေးမှူး လုပ်ရတာလည်း အဓိပ္ပာယ်မရှိတော့ဘူး။ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်ကရော၊ AA ကရော အမြင်ကြည်ဖို့လိုတယ်။ အဲဒီအခါမှာ ကျနော်တို့ ဆက်ပြီးအလုပ်လုပ်လို့ရမယ်၊ နှစ်ဖက်လုံးက အမြင်မကြည်ရင်တော့ ဆက်ပြီးအလုပ်လုပ်လို့ မရတော့ဘူး”

လောလောဆယ် ရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေမရှိတာကြောင့် ဒေသခံတွေ ထောက်ခံစာ ယူလို့မရသလို လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်အခက်အခဲတွေကိုလည်း တင်ပြလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ponnagyun.jpg
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုလို နုတ်ထွက်တာဟာ စစ်ကောင်စီရဲ့ အောက်ခြေအုပ်ချုပ်ရေးယန္တရား ပျက်စီးသွားမှာ ဖြစ်ပေမယ့် ဒေသခံတွေအတွက်တော့ နစ်နာမှုရှိတယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။

“အဲဒီလို နုတ်ထွက်လိုက်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ အောက်ခြေယန္တရားတွေ အကုန်ပျက်စီးသွားတာပေါ့။ အဲဒီလို နယ်တွေကို ဆက်သွယ်ပြီးတော့ အုပ်ချုပ်ရေး ယန္တရားတွေ မတည်ဆောက်နိုင်ဘူးဆိုရင် မြန်မာအစိုးရအတွက် အများကြီးထိခိုက်တယ်။ နောက်ပြီးတော့ ပြည်သူတွေအတွက်ပေါ့။ လက်ရှိအစိုးရနဲ့ ဆက်သွယ်တဲ့ အခါမှာ အခက်အခဲရှိလာတယ်။ ထောက်ခံစားပေးတာကအစ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက် ပြီးတော့ မတင်ပြနိုင်တော့ဘူး ဖြစ်လာတယ်။ နှစ်ဦးနှစ်ဖက်စလုံး အခက်အခဲရှိနေ တယ်လို့ မြင်တယ်”

စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ လုံခြုံရေးအပြင် ရွာရဲ့လုံခြုံရေးကိုပါ အပြည့်အ၀ အာမခံချက်ပေးဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးဖို့တွေကိုပါ ဆွေးနွေးပြီး ပြန်ခန့်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံမဖြေကြားပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လမှာလည်း မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရွာတာဝန်ခံတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာကြောင့် ရွာပေါင်း ၁၉ ရွာက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လကလည်း မြောက်ဦးမြို့က ရပ်/ကျေးအုပ်ချုပ်ရေးမှူး လေးဦးနဲ့ အရပ်သားတစ်ဦး AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲခံရပြီးနောက် မြောက်ဦးမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ၉၀ ဦး နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။