ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရ

RFA Burmese
2023.06.01
ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
RFA

အခုရက်ပိုင်း ဒိုက်ဦးထောင်၊ သာယာဝတီထောင်နဲ့ မြင်းခြံထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက် စစ်ဆေးလို့ တချို့သေဆုံးခဲ့သလို၊ တချို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီအပြင် အင်းစိန်ထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီးဖိနှိပ်နေ တယ်လို့ ပြောပါတယ်။

အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ရုံးထုတ်တဲ့အခါမှာ ခြေထောက်ကို သံခြေကျင်းခတ်နေသလို၊ အမှုလိုက်ပေးတဲ့ ရှေ့နေတွေကို ထောင်အဝင်မှာ တယ်လီဖုန်းတွေ သိမ်းနေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းက ကျိုက်စကောမှာရှိတဲ့ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၄ ဦး၊ သာယာဝတီထောင်မှာ ၉ ဦး၊ မန္တလေးတိုင်း မြင်းခြံထောင်မှာ ၁၄ ဦးကို သီးခြားခေါ်ထုတ်ပြီး ရိုက်နှက် စစ်ဆေးနေတဲ့အတွက် နှစ်ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးတဲ့သူတွေဟာ ဒိုက်ဦးထောင်က အသက် ၄၀ အရွယ် ကိုသန့်ဇင်ဝင်းနဲ့ သာယာဝတီထောင်က အသက် ၂၅ နှစ်အရွယ် ကိုပြည့်ဖြိုးဝင်းတို့ ဖြစ်ပါတယ်။

"စစ်ကြောရေးမှာ တော်တော်လေး နှိပ်စက်ခံထားရတာတွေ ရှိတယ်ပေါ့နော်။ ဒီလူတွေအားလုံးကို တိုက်ပိတ်ထားတယ်။ ဆေးကုသခွင့်မရဘူး။ ကျွန်တော်တို့  အဲဒီလောက်ထိတော့ သိထားတယ်”

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို မေလ ၂၅ ရက်နေ့ကတည်းက သီးခြားခွဲထုတ် ရိုက်နှက်နေပြီး အပြင်က မိသားစုတွေကိုပါ ခေါ်ယူစစ်ဆေးနေတာကြောင့် တိမ်းရှောင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

 “နောက်ဆက်တွဲကတော့ အခုစစ်ကြောရေးခေါ်ခံရသူတွေရဲ့  မိသားစုတွေကိုပါ ခေါ်ယူစစ်ဆေးနေတယ်။ အဲဒီ တစ်ချက်တော့ရှိတယ်။ တချို့မိသားစုဝင်တွေကလည်း အကုန်ရှောင်တိမ်းနေရတယ်။ စိတ်ပူရတာပေါ့ ကိုသန့်ဇင်ဝင်း သေသွားတဲ့သတင်းက ကွန်ဖန်းဖြစ်သွားတော့ ပိုစိတ်ပူတာပေါ့။ နောက်လူတွေပါ ထပ်မသတ် ဘူးလို့ ပြောလို့မရဘူးလေဗျာ။ သူတို့လက်ထဲမှာဆိုတော့ တစ်ခုခုဖြစ်သွားမှာ အကုန်လုံးက စိုးရိမ်နေကြတယ်”

ကိုသန့်ဇင်ဝင်း ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ထောင် အနှစ် ၈၀ ချမှတ်ခံထားရသူပါ။  သူဟာ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စုဆောင်းရေးတာဝန်ခံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာပါ။

မေလ ၂၈ ရက်နေ့က သူသေဆုံးသွားတာကို ဒိုက်ဦးထောင်နဲ့ နီးစပ်သူသုံးဦးက အတည်ပြုပြောဆို ပါတယ်။ သူနဲ့အတူ အပြင်ခေါ်ထုတ် စစ်ဆေးခံရသူတွေထဲမှာ အဆောင် (၁) က ခေါ်သွားတဲ့ ကိုဂျာကြီးလည်း အပြင်းအထန်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

သာယာဝတီမှာ သေဆုံးသွားရတဲ့ ကိုပြည့်ဖြိုးဝင်း ကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ ပုဒ်မ-၄၃၆ တို့နဲ့ ထောင်ခုနစ်နှစ် ချမှတ်ခံထားရတဲ့သူပါ။ သူသေဆုံးတဲ့သတင်းကို ထောင်အာဏာပိုင်တွေက မိသားစုကို အကြောင်းသာကြားပြီး ရုပ်အလောင်းကို ပြန်မပေး ခဲ့ဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အလောင်းပြန်မပေးတာကိုကြည့်ရင် ညှဉ်းပန်းနှိပ်စက်ခံရပြီးမှ သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ကိုပြည့်ဖြိုးဝင်းရဲ့ မိတ်ဆွေ တစ်ဦးက RFA ကို ပြောပါတယ်။

“ရိုးသားတယ်ဆိုရင် အလောင်းပြန်ပေးလေ။ သူတို့အနေနဲ့ အလောင်းလည်း ပြန်မပေးဘူး။ နောက်တစ်ခု ကျွန်တော်တို့ သိခဲ့ရတဲ့ ကျန်းမာရေးကောင်းတဲ့ လူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ နှစ်ချက်ကို ကြည့်ခြင်းအားဖြင့် ဒီဟာက သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ ထောင်ဘက်ကနေပြီးတော့ ဖိနှိပ်ပြီးတော့ ရိုက်နှက်ညှဉ်းပန်းလို့ လက်လွန်ခြေလွန်ဖြစ်ပြီးတော့ ဆုံးသွားတယ်လို့ ယူဆပါတယ်”

မန္တလေးတိုင်း မြင်းခြံထောင်မှာလည်း မေလ ၂၁ ရက်နေ့ကစလို့ နိုင်ငံရေးအကျဉ်းသား တွေကို ထောင်အပြင်က စစ်တပ်ကိုခေါ်ထုတ်သွားပြီး ရိုက်နှက်တာတွေရှိခဲ့တယ်လို့  မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မြင်းခြံစစ်တပ်ထဲ ခေါ်ပြီးတော့ စစ်တာက ၁၄ ယောက်လို့ သိရတယ်။ အဲဒီ ၁၄ ယောက်ကတော့ ထောင်ထဲကို အကုန်လုံးပြန်ရောက်ပြီ။ စစ်ကြောရေးမှာ တော်တော်လေး နှိပ်စက်ခံထားရတာတွေ ရှိတယ်ပေါ့နော်။ ဒီလူတွေ အားလုံးကို တိုက်ပိတ်ထားတယ်။ ဆေးကုသခွင့်မရဘူး။ ကျွန်တော်တို့  အဲဒီလောက်ထိတော့ သိထားတယ်”

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ အရင် RFA က ဆက်သွယ်မေးမြန်း တုန်းကတော့ ထောင်ထဲမှာ အကျဉ်းသားတွေကို ဆေးကုခွင့်မပေးဘဲ ထားတာမျိုးမရှိသလို အကျဉ်းထောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ဆောင်ရွက် နေတယ်လို့ ဦးနိုင်ဝင်းက ပြောခဲ့ဖူးပါတယ်။

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲမှာ အခုလို ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးနေ တာဟာ ဥပဒေနဲ့မညီဘူးလို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

“အကျဉ်းသား၊ အချုပ်သားတွေ ရိုက်နှက်ညှဉ်းပန်းမှုမပြုဖို့ ဥပဒေအားလုံးက ပြဋ္ဌာန်းပြီးတော့မှ အကာ အကွယ်ပေးထားတာဖြစ်ပါတယ်။ သို့သော်လည်း ဒါတွေနဲ့ ဆန့်ကျင်ပြီးတော့ ဖြစ်စဉ်တွေ ပေါ်ပေါက် လာရင်တော့ သက်ဆိုင်ရာ စစ်ဆေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီလိုရိုက်နှက်ညှဉ်းပန်းပြီးတော့ ဒဏ်ရာရ လာတဲ့လူတွေကို ဥပဒေပါအတိုင်း ဒဏ်ရာမှတ်တမ်းတွေ မယူဘူး၊ အကယ်၍ ပြင်းထန်တဲ့ ဒဏ်ရာရ တယ်ဆိုရင် လက်မခံဘဲနဲ့ ငြင်းပယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အကျဉ်းထောင်တွေမှာလည်းပဲ တာဝန်ရှိလာမယ် လို့ ဒီအတိုင်းပဲ ကျွန်တော်တော့ မြင်ပါတယ်”

“ငါတို့ စစ်ကောင်စီလက်ထက် ရောက်နေပြီ၊ မင်းတို့ကို ငါတို့သတ်လိုက်ရင် A-4 တစ်ရွက်ပဲ ကုန်တယ်”

ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေ မကြာခဏဖြစ်တာ၊ စစ်ဆေးရင်း လက်လွန်သေဆုံး တာတွေ ရှိနေပေမယ့် အဲဒီဖြစ်ရပ်တွေအတွက် တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ် အရေးယူတာမျိုး အခုချိန်ထိ မတွေ့ရဘူးလို့ သူက ပြောပါတယ်။

စစ်ကြောရေးမှာ နှိပ်စက်စစ်ဆေးပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲမှာထပ်ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်နေတာဟာ အကြောက်တရားပိုကြီးလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့  မကြာသေးခင်ကပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးက ပြောပါတယ်။

“သူတို့မှာ ဥပဒေက အပြပဲရှိတော့တယ်။ အမှန်တိုင်းပြောရရင် ဥပဒေအရ ကျင့်သုံးခဲ့တာ ဘယ်တော့မှလည်း မရှိဘူးပေါ့လေ။ တစ်ခုခုဆိုရင် သူတို့ ကျွန်တော်တို့ကို ပြောတဲ့ စကားက ဒါမင်းတို့ရဲ့ အစိုးရလက်ထက် မဟုတ်ဘူး။ ငါတို့စစ်ကောင်စီလက်ထက် ရောက်နေပြီ၊ မင်းတို့ကို ငါတို့သတ်လိုက်ရင် A-4 တစ်ရွက်ပဲကုန်တယ်ဆိုတဲ့စကားကို ထောင်ပိုင်အပါအဝင် ဝန်ထမ်းတွေအားလုံးက အမြဲတမ်းပြော နေတဲ့ လက်သုံးစကား ဖြစ်တယ်။ ပြောရမယ်ဆိုရင် စိုးရိမ်မှုကနေ အကြောက်တရားဘက်ကိုရောက်အောင် သူတို့က အမြဲတမ်း ခေါင်းထဲကို ရိုက်ရိုက်သွင်းနေပြီးမှ တကယ်လည်း လုပ်ပြနေတာ ပြောတဲ့အတိုင်းလေ”

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း အင်းစိန်၊ မန္တလေး၊ တောင်ငူ၊ ပခုက္ကူ၊ သာယာဝတီ၊ တောင်ငူ၊ ဘားအံ၊ ပုသိမ်၊ ညောင်ရွှေ၊ မြင်းခြံနဲ့ ဒိုက်ဦး စတဲ့ အကျဉ်းထောင် တွေမှာ ထောင်တွင်းဆန္ဒပြတာနဲ့ ထွက်ပြေးတာလိုမျိုး ထူးခြားတဲ့ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၃၁ ရက်ကထုတ်ပြန်တဲ့ စာရင်းအရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အဖမ်းခံရတဲ့သူ ၂၂,၈၄၂ ဦးရှိခဲ့ပြီး၊ လက်ရှိအချိန်အထိ ၁၈,၅၂၂ ယောက်ရှိသေးတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ ၆၁၁၂ ဦးက အမိန့်တွေ ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။