မြင်းခြံထောင် နိုင်ကျဉ်းတချို့ အစာငတ်ခံဆန္ဒပြ၊ စစ်တပ်က လုံခြုံရေးတင်းကျပ်ထား

2023.05.23
မြင်းခြံထောင် နိုင်ကျဉ်းတချို့ အစာငတ်ခံဆန္ဒပြ၊ စစ်တပ်က လုံခြုံရေးတင်းကျပ်ထား မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ကို တွေ့ရစဉ်။
ရီရီဝင်း

မန္တလေးတိုင်း၊ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ကိုးဦးကို မေလ ၂၁ ရက်ကစလို့ စစ်တပ်က သီးခြားစီ ခေါ်ထုတ်စစ်ဆေးနေတာကြောင့် သူတို့ပြန်လွတ်ရေးအတွက် ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မေလ ၂၁ ရက် ညနေပိုင်းနဲ့ ညပိုင်းမှာ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုစိုင်း (ခေါ်) ကိုဇော်ဇော်အောင်၊ ကိုဥက္ကာနဲ့ ကိုကျော်မျိုးတင့်တို့ကို အကျဉ်းဦးစီး၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အကျဉ်းကျ အခန်းထဲကနေ  ခေါ်ထုတ်သွားတယ်လို့ ဆိုပါတယ်။

မေလ ၂၂ ရက် မနက် ၁၀ နာရီမှာ ကိုကျော်ဇင်ဦး၊ နေ့လယ် ၁၂ နာရီမှာ ကိုအောင်မျိုးသန့်၊ ညနေပိုင်းမှာ ကိုဇော်လှိုင်းနဲ့ ကိုစိုးရာဇာထွန်းလွင် တို့ကို ထပ်မံခေါ်ထုတ်သွားပါတယ်။ သူတို့အထဲက ကိုကျော်ဇင်ဦး တစ်ယောက်သာ မူလ အိပ်ဆောင်ကို ပြန်ရောက်လာပြီး ကျန်သူတွေရဲ့ အခြေအနေ အတိအကျ မသိရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေကို အခုလို သီးခြားခေါ်ထုတ် စစ်ဆေးနေတာကြောင့် အသက် အန္တရာယ် စိုးရိမ်မိတယ်လို့ မြင်းခြံထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အခုက ထောင်ပြောင်းတာလည်း မဟုတ်ဘူး။ ဘာမှလည်း မဟုတ်ဘဲနဲ့ ဒီအတိုင်း အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ အဲဒီလို ခေါ်ခေါ်သွားကြတာဆိုတော့ ကလေးတွေက လည်း စိတ်ပူနေကြတယ်။ အခုလိုမျိုးကြီး သူတို့လုပ်လိုက်တော့ ခေါ်ထုတ်သွားတာလား၊ ရှေ့တန်းဘက်ကို ပို့မှာလား၊ တခြားတစ်နေရာကို ပို့မှာလား၊ ဒါမှမဟုတ် လူသားဒိုင်းကာ လုပ်မှာလား၊ ကလေးတွေကို အပြင်ကိုခေါ်ထုတ်ပြီး သတ်ပစ်မှာလား၊ ကိုယ့်မှာ စိတ်ပူနေရတာ စိတ်လည်းမကောင်းဘူး"

သီးခြားခေါ်ထုတ်ခံရသူ ကိုးဦး ရိုက်နှက်ခံရတယ်လို့ ကနဦး သတင်းရတာကြောင့် မေလ ၂၂ ရက် နေ့လယ်ပိုင်းကစလို့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းမှာပဲ အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

"နိုင်ကျဉ်းတွေ တစ်ယောက်ချင်း ခေါ်ထုတ်သွားတယ်၊ ဘယ်ကို ခေါ်ထုတ်သွားမှန်း မသိဘူး။ ဘာကြောင့်မှန်းလည်း မသိဘူး"

မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိအခြေအနေဟာ ထောင်တွင်းက လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့  RFA ကို ပြောပါတယ်။

"နိုင်ကျဉ်းတွေ တစ်ယောက်ချင်း ခေါ်ထုတ်သွားတယ်၊ ဘယ်ကို ခေါ်ထုတ်သွားမှန်း မသိဘူး။ ဘာကြောင့်မှန်းလည်း မသိဘူး။ နောက်က မိသားစုတွေကလည်း ဘယ်စုံစမ်းလို့ စုံစမ်းရမှန်းမသိ စုံစမ်းလို့မရဆိုတော့ နိုင်ကျဉ်းမိသားစုတွေကလည်း သူတို့မိသားစုဝင်တွေအတွက် စိုးရိမ်ပူပန်တာတွေရှိတယ်။ အထဲမှာရှိတဲ့ ကျနေတဲ့ အကျဉ်းသားအချင်းချင်းကိုက စိုးရိမ်ပူပန်မှုတွေ အများကြီး ဖြစ်ရတာပေါ့"

အခုခေါ်ထုတ်ခံရသူတွေထဲမှာ မန္တလေးနဲ့ မုံရွာထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ပါတယ်။ သူတို့ဟာ ထောင် ငါးနှစ်ကနေ အနှစ် ၄၀ အထိ ချမှတ်ခံထားရသူတွေလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

ခေါ်ထုတ်ခံရတဲ့ အထဲက နိုင်ငံရေးအကျဉ်းသား ကိုဥက္ကာ သေဆုံးသွားပြီဆိုတဲ့သတင်း ကြားရတာကြောင့် အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ မြင်းခြံထောင်က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေအကြောင်း သတင်းစုံစမ်း နေတဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့် က RFA ကို ပြောပါတယ်။

"ခေါ်သွားတဲ့လူတွေ အကုန်လုံးက နိုင်ငံရေးအကျဉ်းသားတွေလို့ သိရတယ်။ ရဲနဲ့စစ်သားတွေ ရိုက်နှက်မှုကြောင့် ကိုဥက္ကာက ကျဆုံးသွားတယ်လို့တော့ ကြားရတယ်ပေါ့။ အဲဒါကတော့ အရမ်းကြီးတော့ အတည်မပြုနိုင်သေးဘူး၊ စုံစမ်းဆဲပဲရှိသေးတယ်။ ထောင်ဝင်းအတွင်းမှာလည်း ဧရိယာပြင်ပ မဟုတ်ဘဲနဲ့ ထောင်အုတ်ရိုးအတွင်းမှာ ရဲနဲ့ စစ်သားတွေ နေရာယူထားတာတွေ ရှိတယ်လို့ သိရတယ်"

အခုလို တစ်ဦးချင်းစီ ခေါ်ထုတ်စစ်ဆေးနေတာဟာ အကျဉ်းထောင်တွင်းကနေ အပြင်မှာရှိတဲ့ PDF တွေနဲ့ လျို့ဝှက်ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးနေတာလို့ မြင်းခြံထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိမှာ အကျဉ်းသားတွေနေတဲ့ အဆောင်တွေကို အာဏာပိုင်တွေက ရှာဖွေစစ်ဆေးနေတဲ့အပြင် ထောင်နဲ့ အချုပ်ခန်း တာဝန်ကျ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေကိုပါ စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင် အဝင်ဂိတ် ဆိုင်းဘုတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းစစ်နိုင် ကိုကိုနိုင်)
မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင် အဝင်ဂိတ် ဆိုင်းဘုတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းစစ်နိုင် ကိုကိုနိုင်)

ညအချိန်မတော် နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်ခေါ်ထုတ် စစ်ဆေးနေတာဟာ အကျဉ်းထောင်တွင်း ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

"ဒီအကျဉ်းထောင်ထဲမှာ ဘောပင်တို့ ခဲတံတို့ စာအုပ်တို့တောင် ကိုင်ဆောင်ရေးသားခွင့် မရှိတဲ့ အနေအထားဖြစ်တယ်။ ကျနော်တို့လုံး၀ ကျပ်ခံထားရတဲ့အနေအထားဖြစ်တယ်။ ဒါကို သူတို့က PDF နဲ့အဆက်အသွယ်လုပ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်က မခိုင်လုံဘူးလို့ ကျနော်တို့က ပြောလိုတယ်။ ပြီးတော့ သူတို့ ခေါ်ထုတ်သွားတဲ့ အချိန်တွေက ညနေ တန်းပိတ်ချိန်နောက်ပိုင်းတွေ ဖြစ်တယ်။ တကယ်ဆိုရင် တန်းပိတ်ချိန် နောက်ပိုင်းမှာ ခေါ်ထုတ်ခွင့်ရှိတာက ဥပဒေအရဆိုရင် အရေးပေါ် ကျန်းမာရေးနဲ့ ထောင်ပြောင်း အဲဒီ နှစ်ခုပဲ ခေါ်ထုတ်ခွင့် ရှိတယ်။ အဲဒီတော့ ဒီလိုခေါ်ထုတ်မှုတွေသည် သူတို့ကိုယ်တိုင်က သူတို့ရဲ့ ထောင်တွင်းဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်"

လက်ရှိ မြင်းခြံအကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၉၀၀ ကျော် ရှိနေတယ်လို့ အကျဉ်းထောင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မေလ ၁၈ ရက်နေ့ကတော့ ပဲခူးတိုင်း တောင်ငူထောင်မှာ ဖမ်းဆီးခံထားရတဲ့ PDF တပ်ဖွဲ့ဝင် ၁၀ ဦး ထောင်တွင်း တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် သေနတ်လုယူ ထွက်ပြေးပြီး အဲဒီအထဲက ကိုးဦး လွတ်မြောက်သွားပါတယ်။ တစ်ဦးကတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ပါတယ်။

အလားတူ အင်းစိန်၊ ပုသိမ်နဲ့ ကလေးထောင် တွေမှာလည်း ထောင်တွင်း အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီး အာဏာပိုင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၂ ရက်နေ့ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၈,၃၀၈ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၆,၂၀၄ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။