ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားချက်


2019.03.15
second-21-panglong-622.jpg ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစိုးရက ဖိတ်ကြားလိုက်ပါတယ်။ ဒီဖိတ်ကြားချက်အပေါ် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတချို့က ကြိုဆိုလိုက်ကြသလို၊ မျှော်လင့်ချက် သိပ်မထားသူတွေလည်း ရှိပါတယ်။

RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။

■ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကော်မီတီ ( PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ရဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့ မြန်မာနိုင်ငံအမှန်တရားနဲ့ တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ TNLA တအာန်းပလောင်လက်နက်ကိုင်အဖွဲ့ရဲ့နိုင်ငံရေးပါတီဖြစ်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင့်တပ်မတော် AA ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့  ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)တို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC က မတ်လ ၁၃ ရက်နေ့ နေ့စွဲနဲ့ ဖိတ်ကြားစာ ပေးပို့လိုက်ပါတယ်။

NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှာဖြစ်တဲ့အတွက် တိုးတက်မှုအဖြစ် ကြိုဆိုတဲ့အသံတွေ ထွက်လာသလို၊ အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးစားနေချိန်မှာ မြန်မာ့တပ်မတော်ဘက်က တိုက်ပွဲတွေဆက်နေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မျှော်လင့်ချက် နည်းနေသူတွေလည်း ပြည်တွင်းပြည်ပမှာ အများအပြား ရှိနေပါသေးတယ်။ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် မက်သယူးစမစ်ကတော့ အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မမြင်ဖြစ်ခဲ့ပုံတွေကို မြင်ရတာ စိတ်အနှောက် အယှက်ဖြစ်စရာပါပဲ။ အဲဒီလိုမအောင်မမြင်ဖြစ်ရတာကလည်း မြန်မာ့တပ်မတော်ဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ပြောနေရင်းကပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေသလို တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတာပါပဲ။ အဲဒီလိုတွေ ဆက်ဖြစ်နေတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေသူ အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ မရိုးသားဘူးလို့ ထင်သွားစေတယ်။ အဲဒီကိစ္စတွေကို မဖြေရှင်းနိုင်သ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အောင်မြင်မှာ မဟုတ်ပါဘူး”

NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးပွဲကို လာမယ့် မတ်လ ၂၁ ရက်နေ့၊ နေပြည်တော်က ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်တဲ့အခါ အဖွဲ့တခုစီက ခေါင်းဆောင်တဦးနဲ့ အဖွဲ့ဝင်တဦး၊ စုစုပေါင်း နှစ်ဦး တက်ရောက်ပေးဖို့ ဖိတ်ကြားစာမှာ ရေးသား ထားပါတယ်။ ဒါ့အပြင် NRPC နဲ့တွေ့ဆုံပြီးတဲ့နောက် အဲဒီတိုင်းရင်းသားအဖွဲ့တွေကို တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က မတ်လ ၂၂ ရက်နေ့မှာ တဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးဦးမှာဖြစ်တဲ့အတွက် တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးချင်တဲ့ အဖွဲ့တွေအနေနဲ့ အကြောင်းပြန်ပေးဖို့လည်း ဖော်ပြထားပါတယ်။

အခုလို အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖိတ်ကြားတာ၊ အစိုးရနဲ့ ဆွေးနွေးပြီးတဲ့နောက် တပ်မတော်နဲ့ထပ်ပြီး ဆွေးနွေးရမှာတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့တွေကိုယ်တိုင်က သူတို့ဟာ အစိုးရနဲ့ တပ်မတော် ဘယ်သူ့ သဘောထားကို ဦးစားပေးညှိနှိုင်း ရမလဲဆိုတာ ဇဝေဇဝါရှိနေကြသလို မြန်မာ့နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ပြည်ပအဖွဲ့အစည်းတွေကလည်း ထောက်ပြဝေဖန်လာကြပါတယ်။ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှရေးရာ ဒုတိယညွန်ကြားရေးမှူး ဖီးလ်ရော်ဘင်ဆင်ရဲ့ သုံးသပ်ချက်ကတော့…

“တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ ဖိတ်ကြားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပြသနာကြီးတခုက မြန်မာ့တပ်မတော်ဟာ အရပ်သားတွေကိုဦးတည်တဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ ဆက်လုပ်နေတာပါပဲ။ တပ်မတော်ဟာ နိုင်ငံအတွင်းစစ်တပ်ရဲ့လုပ်ငန်းဆောင်တာတွေလုပ်တဲ့နေရာမှာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေအတိုင်း လိုက်နာဖို့လိုပါတယ်။ ကျနော်ထင်တာတော့ အစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တပ်မတော်နဲ့သီးခြားစီလုပ်မှ အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့အစိုးရက စစ်တပ်နဲ့ တွဲလုပ်နေတယ်။ အစိုးရဟာ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ညှိနှိုင်းဖို့ မပြင်ဆင်သ၍ ဘယ်လိုငြိမ်းချမ်းရေးမျိုးကိုမဆိုမြင်ဖို့ ခက်ခဲနေဦးမှာပဲ”

ဘာပဲပြောပြော နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့ ဆွေးနွေး စကားပြောတော့မယ်ဆိုတာ တိုးတက်မှုတခုဖြစ်ပါတယ်။ ပြည်သူတွေကတော့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ သေနတ်သံတွေမကြားရဖို့နဲ့ အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာလည်း မကြာခင်ရောက်လာတော့မယ့် ရွေးကောက်ပွဲကြောင့်မဟုတ်ဘဲ တကယ်ရှေ့ဆက်သွားမယ့်၊ အလုပ်ဖြစ်မယ့်ရွေးကောက်ပွဲတွေဖြစ်ဖို့ မျှော်လင့် ဆုတောင်းနေတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။