တော်လှန်ရေး အခက်အခဲနဲ့အတူ လှူဒါန်းမှုတွေလည်း ပိုများလာနေ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.04.26
တော်လှန်ရေး အခက်အခဲနဲ့အတူ လှူဒါန်းမှုတွေလည်း ပိုများလာနေ 96 Soldiers - PDF အညာဒေသ တပ်ခွဲ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
96 Soldiers - PDF အညာဒေသ တပ်ခွဲ

နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်ကြာလာချိန်မှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲ ဝင်နေတဲ့ အင်အားစုတွေအတွက် ငွေကြေးလိုအပ်ချက်နဲ့ စိန်ခေါ်မှုတွေ ပိုမိုများပြား လာနေသလို တစ်ပြိုင်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူမဆန်ရက်စက်မှုတွေ ကြောင့် စာနာစိတ်နဲ့ အလှူငွေတွေ ပိုမိုရရှိလာတာလည်း ရှိတယ်လို့ ထောက်ပံ့ရေး သမားတွေက ပြောပါတယ်။

၂ဝ၂၁ စစ်တပ်အာဏာသိမ်းအပြီး ဆန္ဒပြပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ ရက်စက်စွာ သတ်ဖြတ်ချေမှုန်းချိန်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ အဓိက အင်အား နှစ်ရပ်ကတော့ ပြည်တွင်းက တော်လှန်ရေးအင်အားစုနဲ့ ပြည်ပက ထောက်ပံ့ အင်အားစု ဖြစ်ပါတယ်။ အခု နှစ်နှစ်ကြာမြင့်လာချိန်မှာ အဲဒီ အင်အားစုတွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။ 96 Soldiers PDF တာဝန်ခံ ကိုဇေယျာလွင် က ပြည်သူလူထုဟာ စစ်တပ်ကို အရှုံးမပေးဘဲ လယ်ယာ၊ ကျွဲ၊ နွား စတဲ့ သူတို့ပိုင်ဆိုင်သမျှကို ရောင်းချပြီး တော်လှန်နေကြတယ်လို့ ပြောပါတယ်။

"စစ်တိုက်တယ်ဆိုတာ ငွေအင်မတန်မှကုန်တဲ့ ကိစ္စပေါ့နော်။ ပြီးတော့ ကျွန်တော်တို့က လက်နက်ခဲယမ်းဝယ်နေရတဲ့ကိစ္စမှာ မှောင်ခိုစျေးကွက်ထဲကနေ ဝယ်နေရတဲ့ အနေအထား။ တပ်ရဲ့ နောက်တန်းရေးရာကိစ္စတွေ၊ စားဝတ်နေရေး၊ စခန်းဆောက်တဲ့ ကိစ္စတွေ ဗာဟီရ ယူနီဖောင်းဆင်တာ သုံးရတဲ့ငွေကြေးက နည်းနည်းပါးပါး ငွေကြေး မဟုတ်ဘူး။ ကုန်စျေးနှုန်းတွေမြင့်တက်လာတာရှိတယ်။ အဲဒီအခြေအနေမျိုးမှာ တပ်ရင်းတပ်ဖွဲ့ တစ်ခုခုအတွက် ငွေရေးကြေးရေးက အင်မတန်မှ လိုအပ်တယ်။ အဲဒီငွေကြေးကို မရှာနိုင်တဲ့ တပ်ဖွဲ့တွေဆို ရပ်နားလိုက်တာ တွေ့ဖူးတယ်။ အညာမှာ ဆိုရင်ဗျာ အင်တာနက်လည်းမရတော့ ဘယ်လိုရှာကြလဲဆိုတော့ ပြည်သူလူထုဆီက အွန်လိုင်းပေါ်မှာ ကမ်ပိန်းလုပ်ပြီး ရှာကြတာထက် လယ်တွေရောင်းပြီး ရှာကြတာ များတယ်။ လယ်တွေ၊ ခြံတွေ၊ အိမ်တွေ၊ နွားတွေ ရောင်းပြီးတော့ အဲဒီပစ္စည်းပစ္စယတွေ ကို ဝယ်ယူစုဆောင်း အသုံးပြုကြတယ်။ ဆက်ပြီးတော့ စစ်အာဏာရှင်တော်လှန်ဖို့ဆိုရင် ဒီငွေရေးကြေးရေးကိစ္စက မဖြစ်မနေကို ကျော်ဖြတ်ရမယ့် ကိစ္စတွေဖြစ်တယ်။ အဲဒီတော့ ဒီရပ်ဝန်းတစ်ခုလုံးက စစ်အာဏာရှင်ကို အမြန်ဆုံးအဆုံးသတ်ဖို့ လိုတယ်။ အဲဒါမှ ပြည်သူလူထုလည်း ဒီဟာကြီးကို လွတ်မြောက်ပြီး ပိုကောင်းတဲ့အခြေအနေတစ်ခုကို ရောက်မယ်"

မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ဂဠုန် ပြောက်ကျားတပ်ဖွဲ့ - မြိုင် သို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထောက်ပံ့လှူဒါန်းခဲ့စဉ်။ (ဓာတ်ပုံ - ဂဠုန် ပြောက်ကျားတပ်ဖွဲ့ - မြိုင်)
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ဂဠုန် ပြောက်ကျားတပ်ဖွဲ့ - မြိုင် သို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထောက်ပံ့လှူဒါန်းခဲ့စဉ်။ (ဓာတ်ပုံ - ဂဠုန် ပြောက်ကျားတပ်ဖွဲ့ - မြိုင်)

CDM ဗိုလ်ကြီး ထက်မြက်ကတော့ စစ်ကောင်စီခေါင်းဆောင်တွေဟာ ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေအကြား သွေးခွဲပြီး သူတို့စစ်တပ်ဆန့်ကျင်သူအားလုံး တဖြည်းဖြည်း ချည့်နဲ့လာချိန်ကို စောင့်ဆိုင်းနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"စစ်တိုက်တယ်ဆိုတာ ပိုက်ဆံမီးရှို့တာပဲလေ။ တော်လှန်ရေးကြာလာတာနဲ့အမျှ အခက်အခဲဆိုတာ ထောက်ပံ့ရတာတွေရှိတယ်။ တစ်ဖက်ကလည်း ဒီလိုမျိုး မထောက်ပံ့နိုင်အောင် ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့တွေ အဆက်ဖြတ်တာရှိတယ်။ နည်းမျိုးစုံသုံးတာတွေရှိတယ်။ တမင်ကို အချိန်ဆွဲပြီးလုပ်တယ်။ ဒီလိုမျိုး အချိန် ကြာလာလေလေ ကျွန်တော်တို့ဘက်က လျော့သွားနိုင်ခြေ များလေလေဆိုတာ တွက်တယ်"

အမေရိကန်ပြည်ထောင်စုအခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင် ဦးခင်မော်က စစ်တပ်ရဲ့ လူမဆန်နှိပ်စက်မှုတွေကြောင့် ပြည်ပရောက်မြန်မာတွေက ကိုယ်ချင်းစာနာစိတ်နဲ့ လှူဒါန်းကြတဲ့အတွက် တော်လှန်ရေးရန်ပုံငွေ အရင်ကထက် ပိုမိုရရှိလာနေတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

"နွေဦးတော်လှန်ရေးစတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုထက်ထိ ကျွန်တော်တို့ ပြည်သူလူထုတောင့်ခံမှုက အခုထက်ထိ လျော့သွားတယ်ဆိုတာမရှိဘူး။ နှစ်နှစ်တာကာလအတွင်းမှာ ရှိတဲ့ဧရိယာကနေ ဒေါ်လာ နှစ်သန်းကျော်နီးပါး ပြည်တွင်းကို အကူအညီပို့နိုင်တယ်။ အခုနောက်ပိုင်းမှာ ဒီအကူအညီတွေက ပိုပြီးများလာတယ်။ နယ်မှာရှိတဲ့ ပြည်သူလူထုရဲ့ စီးပွားရေးတွေ အိုးအိမ်တွေက စစ်အစိုးရရဲ့ ဖျက်ဆီးခြင်းခံလိုက်ရတဲ့အခါကျတော့ သူတို့ရဲ့လိုအပ်တာတွေက ပိုများလာတယ်။ အခုလို ပဇီကြီးကိစ္စမှာ သူတို့ရဲ့ ရက်ရက်စက်စက် ဗုံးချပြီး အသတ်ခံလိုက်ရတော့ ပြည်သူလူထုရဲ့စိတ်ဓာတ်ဟာ ပိုပြီးတော့ မြင့်တက်လာတယ်။ စစ်ဘေးရှောင်တွေအတွက် အလှူခံတာပိုပြီးတော့ ရခဲ့တယ်။ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ပိုပြီးတော့ရှာရမယ်။ ပြည်သူလူထုရဲ့စိတ်ဓာတ်ကလည်း အခုထက်ထိ မကျဘူး။ ကူညီပံ့ပိုးမှု နေရာတွေကများတဲ့အတွက်ကြောင့် လိုအပ်မှုတွေကလည်း များလာတဲ့အတွက်ကြောင့် ပိုပြီးကြိုးစားပြီး ရှာရမယ်"

NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း တော်လှန်ရေး အားကောင်းလာနေချိန်မှာ အခုအချိန်ထိ နိုင်ငံတကာအကူအညီ တစ်စုံတစ်ရာ မရရှိတဲ့ အတွက် ပြည်သူတွေသာလျှင် အဓိကအင်အားဖြစ်နေတယ်လို့ သုံးသပ်ပြောကြားပါတယ်။

"လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ကို စစ်ရေးအရ အဘက်ဘက်က ဖိအားပေးနေတဲ့ အခြေအနေကလည်း တော်တော်လေး တော်လှန်ရေးအင်အားစုတွေဘက်ကနေ အားကောင်းလာပြီဆိုတာ ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။ NUG အနေနဲ့လည်း One Year ပလန်ရဲ့ Face 3 ကို မကြာခင်ရောက်တော့မယ်ပေါ့။ Face 3 မှာဆိုရင်လည်း Face 2 ထက်ပိုတဲ့ စစ်ရေးအရှိန်တွေပိုပြီးတော့ လုပ်ကိုင်သွားဖို့လည်းရှိတယ်။ ဒါပေမဲ့ စစ်ရေးအရ အရှိန်မြင့်ဖို့ဆိုတဲ့အနေအထားတစ်ခုမှာ အဓိက လိုအပ်ချက်က ဘဏ္ဍာငွေက အနောက်ကနေ တောက်လျှောက်ကပ်လိုက်နေတယ်။ ကျွန်တော်တို့ရဲ့စီမံကိန်း ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာနအနေနဲ့လည်း နည်းလမ်းပေါင်းစုံနဲ့ ဘဏ္ဍာငွေ ကို ဖြည့်တင်းနေပေမယ့် လိုအပ်တဲ့ ဘဏ္ဍာငွေရရှိဖို့က တော်တော်လေး ရုန်းကန် နေရတယ်။ အထူးသဖြင့် ကျွန်တော်တို့မှာက ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ စကား အတိုင်း နိုင်ငံတကာကလည်း ထိရောက်တဲ့ အကူအညီတွေလာတာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ပြည်သူလူထုရဲ့ နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးမှုတွေ နွေဦးထီရှိမယ်၊ဘွန်းရှိမယ်၊ Early partnership စသဖြင့်ပေါ့လေ နောက်ပြီး တခြားကမ်ပိန်းတွေကနေ ရလာတဲ့ငွေကြေးတွေရှိမယ်၊ ဒီလိုငွေကြေးတွေကပဲ တော်လှန်ရေး ဒီအခြေအနေထိ ရောက်အောင် ဆွဲတင်နိုင်ခဲ့တာ။ ရှေ့လျှောက်လည်းပဲ တော်လှန်ရေး အောင်မြင် အဆုံးသတ်တဲ့အထိကို အစီအစဉ်တွေလည်း ရေးဆွဲထားတာရှိသလို လူအင်အားအရရော၊ စိတ်ဓာတ်အရရော၊ ပြင်ဆင်မှုအရရော တော်တော်လေးကိုတော့ အခြေအနေ ကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ အဓိကဖြစ်တဲ့ ဘဏ္ဍာငွေပံ့ပိုးမှုကနေတစ်ဆင့် လိုအပ်တဲ့ လက်နက်ခဲယမ်းတပ်ဆင်မှု ဒါတွေကိုသာ အချိန်မီဖြေရှင်းနိုင်မယ်ဆိုရင် တော်လှန်ရေးဟာ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ကို အချိန်တိုတိုအတွင်းမှာ ရောက်ရှိမှာဖြစ်တယ်"

"ပြည်သူရော၊ NUG MOD ကို တောင်းဆိုချင်တာဘာလဲဆိုတော့ စစ်ကောင်စီကို တိုက်နိုင်မယ့် မည်သည့်အဖွဲ့အစည်းကိုမဆို ထောက်ပံ့သင့်တယ်လို့ ပြောချင်တယ်"

ယောကာကွယ်ရေးတပ် YDF တာဝန်ခံ ကိုဂျိုးဖြူငယ်ကတော့ သူတို့အဖွဲ့အနေနဲ့ ရန်ပုံငွေ အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။

"ဒုတိယနှစ်ကိုရောက်တဲ့အခါမှာ မကွေးတို့၊ စစ်ကိုင်းတို့မှာ တော်လှန်ရေးက ပိုပြီးတော့ ပြင်းထန်လာတယ်။ ပြင်းထန်လာတဲ့အခါကျတော့ ပြည်သူတွေကလည်း စစ်ဘေး ရှောင်ရင်းကနေ စီးပွားရှာတဲ့အခါကျတော့ စီးပွားရေးအကျပ်အတည်းတစ်ခုကို ဖြတ်သန်းလာရတယ်။ ကျွန်တော်တို့က စစ်ကိုလည်း တိုက်ရတယ်။ စားဖို့သောက်ဖို့ ကိုယ့်ဘာသာလည်း လယ်ထွန်ရတယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ပြည်သူရော၊ NUG MOD ကို တောင်းဆိုချင်တာဘာလဲဆိုတော့ စစ်ကောင်စီကို တိုက်နိုင်မယ့် မည်သည့် အဖွဲ့အစည်းကိုမဆို ထောက်ပံ့သင့်တယ်လို့ ပြောချင်တယ်"

မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ချုပ် ခေါင်းဆောင် ကိုဝင်းထွေးကလည်း အကူအညီတောင်းခံတဲ့အဖွဲ့တွေ တစ်နေ့တခြား ပိုမိုများလာနေသလို အလှူငွေတွေလည်း ရရှိနေပါတယ်လို့ ပြောပါတယ်။

"လက်ရှိမှာဆို ကျွန်တော်တို့က တစ်လကို သိန်းနှစ်ထောင်ကျော် သုံးထောင်အထိကို ထောက်ပံ့နိုင်တယ်။ ကျွန်တော်တို့ ဆိုရင် MOD NUG လမ်းညွှန်မှုနဲ့ မြေပြင်ကို ထောက်ပံ့နေပါတယ်။ ဆက်လက်ပြီးလည်း ထောက်ပံ့ဖို့ရှိပါတယ်။ နေရာတိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေပါတယ်"

စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုတွေ ပိုမိုပြင်းထန်လာနေပေမယ့် လူထုက ကြောက်ရွံ့ မသွားဘဲ လူမဆန်နှိပ်စက်ချေမှုန်းမှုတွေကြောင့် အာဏာရှင်ဆန့်ကျင်စိတ်တွေ ပိုမိုများပြား လာနေတယ်လို့ ပြည်တွင်း၊ ပြည်ပ တော်လှန်အင်အားစုတွေက ဝေဖန်သုံးသပ်နေကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။