စစ်ကိုင်းတိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေး လွှမ်းမိုးထားနိုင်ပြီလို့ NUG ပြော

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ စစ်ကိုင်းတိုင်းဟာ အကြီးဆုံးတိုင်းဖြစ်ပြီး ခရိုင် ၁၁ ခု၊ မြို့နယ်နဲ့ မြို့နယ်ခွဲပေါင်း ၃၆ ခုနဲ့ မြို့ပေါင်း ၅၀ အောက်မှာ ကျေးရွာပေါင်း ၆၀၀၀ နီးပါး ပါဝင်ပါတယ်။ လူဦးရေ ငါးသန်းကျော် နေထိုင်ပါတယ်။
"ကျနော်တို့ ကြေညာထားခဲ့သလိုပဲ ကျေးလက်ဒေသတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို စိုးမိုးထားနိုင်တယ်ပေါ့နော်"
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင်ဆန့်ကျင်မှု အားအ ကောင်းဆုံး ဒေသဖြစ်လာပြီး ကျေးလက်ဒေသတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက လွှမ်းမိုးထားနိုင်ပြီလို့ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
“ကျနော်တို့ စစ်ကိုင်းတိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ကျနော်တို့ ကြေညာထား ခဲ့သလိုပဲ ကျေးလက်ဒေသတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို စိုးမိုးထားနိုင်တယ်ပေါ့နော်။ အဲဒီဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးတွေ စပြီးတော့ဖွဲ့ပြီး ဆောင်ရွက်နေတယ်။ ၃၆ မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးတွေ စတင်ဆောင်ရွက်နေတယ်။ ထိုနည်းလည်းကောင်း ပဲ ပြည်သူ့အုပ်ချုပ်ရေးတွေ စပြီးဆောင်ရွက်နေတဲ့နေရာမှာ တရားဥပဒေစိုးမိုးရေးရှိဖို့ အတွက် ပြည်သူ့ရဲတပ်ဖွဲ့တွေလည်း စပြီးတော့ဖွဲ့စည်းနေပြီ”
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာဆိုရင် ပြည်သူ့ဆေးရုံတစ်ခု ဖွင့်ထားပြီး ၁၅ ရက်အတွင်း မှာတင် လူနာပေါင်း ၃၀၀ ကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို NUG က လုပ်ငန်းစဉ်နဲ့ မူဝါဒချပေးပြီး မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အဲဒီမူဝါဒအတိုင်း လက်တွေ့ ဆောင်ရွက်ရတယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ CDM ဝန်ထမ်းတွေ အတော်များတာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ အပြည့်အဝ မလည်ပတ်နိုင်ဘူးလို့လည်း သူတို့က ဆိုပါတယ်။
တန့်ဆည် PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ စစ်ကိုင်းတိုင်းထဲက ရဲစခန်းရှိတဲ့ မြို့ နယ်တွေမှာတောင် ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့အပြင်ဘက်ကို အထူးစစ်ဆင်ရေးမရှိရင် ထွက် မလာရဲတော့ဘူးလို့ RFA ကို ပြောပါတယ်။
“ရဲစခန်းရှိတဲ့မြို့ဆိုရင် အဲဒီရဲစခန်းထဲကလူတွေက မြို့ရဲ့အပြင်ဘက်ကို သိပ်ပြီးတော့ ထွက်မလာရဲတော့ဘူးပေါ့နော်။ ရွာတွေမှာ အမှုအခင်းရှိရင်လည်း ကျနော်တို့ NUG က နေ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကနေ ပြီးတော့ တရားစီရင်ရေးအဖွဲ့တွေကနေပြီးတော့မှ တာဝန်ယူပြီးတော့ ကျေးလက်ဒေသ တွေရဲ့ အုပ်ချုပ်ရေးတွေ၊ တရားစီရင်ရေးတွေကို ဆောင်ရွက်နေတယ်ပေါ့နော်။ စစ် ကောင်စီတွေက သူတို့ တပ်စွဲတဲ့နေရာက လွဲပြီးတော့ အပြင်ကို ထွက်မလာရဲဘူး”
NUG သမ္မတရုံးတာဝန်ရှိသူတွေကတော့ တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၀၀ ကျော်ကို အွန်လိုင်းကနေ Tele Health အစီအစဉ်နဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနေသလို စစ်ကိုင်းတိုင်း အပါအဝင် တစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူပေါင်း ၁ သိန်း ၅ သောင်းကျော်ကို ဆရာ၊ ဆရာမပေါင်း ၁၇,၀၀၀ လောက်က သင်ကြားပေးနေတယ်လို့ ပြောပါတယ်။
တရားစီရင်ရေးပိုင်းမှာလည်း NUG သမ္မတအမိန့်နဲ့ စစ်ကိုင်းတိုင်း မြို့နယ် ၁၅ ခုမှာ တရား စီရင်ရေးလုပ်ငန်းတွေ စတင်ဆောက်ရွက်နေပြီလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကနီ PDF ခေါင်းဆောင် ဦးထွန်းထွန်းဦးက ကနီနယ်မှာ NUG လက်အောက် ခံ တရားစီရင်ရေးစနစ် ပီပီပြင်ပြင်ပေါ်နေပြီလို့ RFA ကို ပြောပါတယ်။
“အထူးခြားဆုံး အချက်တစ်ချက်ရှိပါတယ်။ ကနီနယ်မှာ စစ်ကောင်စီရဲ့လက်အောက်က စစ်အစိုးရရဲ့ လက်အောက်က တရားရုံး မဟုတ်ဘဲနဲ့ NUG ရဲ့ လက်အောက်ကနေပြီး တော့ ကျနော်တို့ တရားရေး မဏ္ဍိုင်ပေါ်နေပါပြီ။ ကနီနယ်မှာ။ ပြစ်မှုတစ်စုံတစ်ရာဖြစ် ရင်တောင် လင်မယားရန်ဖြစ်တာပဲဖြစ်ဖြစ်၊ ရွာထဲမှာ ရန်ဖြစ်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်း ချင်း ရန်ဖြစ်တာပဲဖြစ်ဖြစ် တရားရေးနဲ့ ဆုံးဖြတ်နေပါပြီလို့။ တရားစီရင်ရေး ကော်မတီနဲ့ ဆုံးဖြတ်နေပါပြီဗျ”
ဒီလိုအခြေနေတွေကြောင့်ပဲ စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အလောင်းမင်းတရား စစ်ဆင် ရေးအဖြစ် လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ထိုးစစ်ဆင်ချေမှုန်းတာ၊ ကျေးရွာ တွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကို သံသယနဲ့ ဖမ်းဆီးစစ်ဆေးတာ၊ အစုအပြုံလိုက် သတ်ဖြတ်တာတွေ လုပ်နေပါတယ်။
လွန်ခဲ့တဲ့ ခြောက်လကစလို့ စစ်ကောင်စီရဲ့ ထိုးစစ်ကြီးတွေဟာ စစ်ကိုင်းတိုင်း အလယ်ပိုင်း ကနေ အထက်ပိုင်းအထိ နေ့စဉ်လိုလို ရှိနေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီက အပြင်းအထန် ဒီစစ်ကိုင်းတိုင်းကို ပိုပြီးတော့ ဖိလာတဲ့အနေအထားရှိပါ တယ်။ ဒီနေ့မှာဆိုရင်ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မြို့နယ်တွေမှာ စစ်ကြောင်း တွေက မပြတ်။ ပြီးခဲ့တဲ့ ၆ လပိုင်းကတည်းက စစ်ကြောင်းထိုးလာတာ ဒီနေ့အထိ ရှိ တယ်။ ယင်းမာပင်ထဲမှာလည်း မနေ့က ထိတွေ့တိုက်ပွဲတွေရှိတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်း၊ ဝန်းသိုကအစ စစ်ကိုင်းတိုင်း အလယ်ပိုင်း ရွှေဘို၊ ရေဦးကအစ စစ်ကောင်စီရဲ့ ထိုးစစ်ကြီးတွေရှိတယ်။ ကိုယ်တို့ကလည်း ကြံ့ကြံ့ခံ ခုခံစစ်အနေနဲ့ ကောင်းကောင်းခုခံနိုင်တဲ့ အနေအထားဖြစ်နေတယ်”
စစ်ကိုင်းတိုင်း စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ စစ်ကိုင်းတိုင်းကို PDF တွေ ထိန်းချုပ်ထားနိုင်ပြီဆိုတာ လုံးဝမမှန်ဘူးလို့ ငြင်းဆိုပါတယ်။
တကယ်လို့ ကျေးလက်ဒေသ ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG က ပြောရင် ဒါဟာ PDF တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် လူတွေက အကြောက် တရားနဲ့ လက်ခံရတာလို့ ဦးအေးလှိုင်က တုံ့ပြန်ပါတယ်။
“CDM လုပ်တယ်ဆိုတာကတော့ သူ့ရဲ့ နိုင်ငံရေး ခံယူချက်ရော၊ ကြောက်လို့ရော နည်း မျိုးစုံနဲ့ ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်ခံရလို့ရော CDM လုပ်သွားတဲ့သူတွေ ရှိမှာပေါ့။ နေရာ တိုင်းမှာ လိုက်ပြီးတော့ ဟိုနားသတ်လိုက်။ ဒီနားသတ်လိုက်။ အပိုင်းပိုင်း အထစ်ထစ် ခုတ်ပြလိုက်။ သေနတ်နဲ့ ပစ်လိုက်၊ လည်ပင်းဖြတ်လိုက်၊ ဓားနဲ့ ထိုးလိုက်နဲ့ ဒီလိုမျိုးစုံ လုပ်နေတာဆိုတော့ လူတိုင်းလူတိုင်းက အသက်နဲ့လေ။ ကြောက်ကြတာပေါ့။ အဲဒီလို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ကို ခင်ဗျားတို့ အားပေးမှာလား။ ဒါတစ်ခုပဲ ရှိတယ်လေ”
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကိုယ်တိုင် မြို့နယ်တိုင်းကို လှည့်လည်သွားလာ စစ်ဆေးနေတာကို သတင်းသမားတွေသိထားဖို့ လိုတယ်လို့လည်း ဦးအေးလှိုင်က ပြောသွားပါတယ်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက စစ်ကိုင်းတိုင်း ကျေးလက်ဒေသရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအရပါ ထိန်းချုပ်နိုင်ပြီဆိုတာ လက်တွေ့မဖြစ်နိုင်ပေမယ့် စစ်ရေးအရ ထိန်းချုပ်ထားနိုင်တာမျိုးကို ဆိုလိုပုံရတယ်လို့ မှတ်ချက်ပေးပါတယ်။
“ဒီဒေသမှာ လက်နက်ကိုင်အင်အားစု နှစ်စု သို့မဟုတ် နှစ်စုထက်ပိုတဲ့ အင်အားတွေက လှုပ်ရှားပြီးတော့ ဒီဒေသကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ဒေသလို့ ပြောလို့ရပါတယ်။ ကျနော်တို့ EAO တွေမှာ ပြောတဲ့ Control Area ပေါ့နော်။ ထိန်းချုပ် ဧရိယာဆိုတဲ့ သဘောကတော့ စစ်ရေးအရ တစ်ဖက်ကနေပြီးတော့ အဲဒီဘက်ကို အလွယ်တကူ စစ်ဆင်ရေးတစ်ခု မရှိဘဲနဲ့ ဝင်လာလို့မရတဲ့ နေရာမျိုးတွေကို ဒါကထိန်းချုပ်ဧရိယာလို့ ပြောတာပေါ့”

စစ်ကိုင်းတိုင်းက ဒေသခံ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လက်နက်ချင်း မမျှတာကြောင့် စစ်ကောင်စီတပ်တွေကို တိုက်ရိုက်တိုက်ခိုက်နိုင်တာမျိုး အတော်နည်းပြီး အများစုကတော့ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်တာမျိုး လုပ်လေ့ရှိတယ်လို့ သူက ဆိုပါတယ်။
အစဉ်အဆက် ပြည်တွင်းစစ်မရှိဘဲ ငြိမ်းချမ်းခဲ့တဲ့ စစ်ကိုင်းတိုင်းမှာ အရင်ကတည်းက တိုင်း စစ်ဌာနချုပ် အခြေစိုက် တပ်ရင်းတစ်ခုနဲ့ တပ်မခွဲတစ်ခုလောက်သာ ရှိတာကြောင့် စစ် ကောင်စီကလည်း စစ်ကိုင်းတိုင်း တစ်ခုလုံးကို စစ်ရေးအရ ထိန်းချုပ်နိုင်တာမျိုး မတွေ့ရ ဘူးလို့လည်း ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
နိုင်ငံရေးအကဲခတ်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ စစ်ကိုင်းတိုင်းဟာ ကုန်းဘောင်မင်းဆက် တည်ထောင်သူ အလောင်းတရားမင်းကြီးရဲ့ ဇာတိ တည်ရှိမှု၊ ၈၈-အရေးတော်ပုံ ကတည်းက ဒေသခံတွေရဲ့ နိုင်ငံရေးတက်ကြွမှု၊ လက်နက် ကိုင်တော်လှန်မှု အားကောင်းတဲ့ ချင်းပြည်နယ် ကချင်ပြည်နယ်တို့နဲ့ နယ်မြေချင်း ဆက်စပ် နေမှုအပြင် တောတောင်ထူထပ်တဲ့ ပထဝီဝင် အနေအထားတွေကြောင့် စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင်ခုခံမှု အားအကောင်းဆုံးဒေသ ဖြစ်လာတာလို့ မှတ်ချက်ပေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် ခုခံမှု အောင်မြင်ခဲ့မယ်ဆိုရင် စစ်ကိုင်းတိုင်းကို ပထမဆုံး လွတ်မြောက်နယ်မြေ၊ လွတ်လပ် နယ်မြေအဖြစ် မျှော်လင့်ထားပါတယ်။