ကပ်ဘေးကာလ လူအုပ်စုနဲ့ မဲဆွယ်မှု မေးခွန်းထုတ်စရာဖြစ်လာ

ဝေယံမိုးမြင့်
2020.09.23

ကပ်ဘေးကာလ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လူ ၅၀ ဦး ထက် ပိုမိုမစုဝေးရဆိုတဲ့ ညွှန်ကြားချက် ထွက်ရှိထားပေမယ့် တချို့မြို့နယ်တွေမှာ သတ်မှတ်အရေးအတွက်ထက် ပိုပြီး စုဝေးသွားလာ အင်အားပြနေတာ မျိုးတွေ ရှိနေပါတယ်။

ဒါဟာ ပါတီတွေမှာပဲ တာဝန်အရှိဆုံးဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ ဒေသခံ တချို့က ပြောပါတယ်။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေချိန်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေးလုပ်ငန်းတွေကို ပါတီကိုယ်စားလှယ်လောင်းတချို့က ရပ်နားလိုက်ကြပြီဖြစ်ပေမယ့် ပါတီတွေကို ထောက်ခံ အားပေးသူတွေက ဒေသတချို့မှာ  လူအင်အားနဲ့ လှည့်လည်မဲဆွယ်နေကြပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ရာမှာ လူ ၅၀ ဦးနဲ့အထက် ပိုမိုစုဝေးခွင့်မပြုလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ စီတန်းလှည့်လည် အင်အားပြသူတွေဟာ နေရာတချို့မှာ လူ ၅၀ ထက် ကျော်လွန်နေတာပါ။

အင်အားပြ စီတန်းလှည်လည်တာတွေကို ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကို ထောက်ခံသူတွေက အများဆုံး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ပါတီထောက်ခံသူတွေရဲ့ လုပ်ရပ်ကို ကော်မရှင်က ကိုင်တွယ်ဖို့ တာဝန်မရှိဘူးလို့ မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောပါတယ်။

"ကော်မရှင်က ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ခွင့်ပြုမိန့်ထုတ်ပေးတာ၊ လူစုလူဝေးတွေကို ကျွန်တော်တို့ ခွင့်ပြုထားတာလဲ မဟုတ်ဘူး။ ခွင့်ပြုမိန့်မပေးဘူး ခွင့်ပြုမိန့်လဲမတင်ဘူး ကျနော်တို့နဲ့လဲ မဆိုင်ဘူး။ ကော်မရှင်က ဘာညွှန်ကြားပါသည်ဆိုတာ လုပ်လို့မရဘူး။"

ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဆိုင်းဘုတ်ထောင်၊ စည်းရုံးဟောပြော၊ စီတန်းလှည့်လည်ရာမှာ လူစု လူဝေးမဖြစ်စေဖို့ ကော်မရှင်က စိစစ်တာဖြစ်ပြီး ကိုယ်စားလှယ်လောင်း မပါဝင်တဲ့ ပါတီထောက်ခံသူတွေ စီတန်းလှည့်လည်မှုကို ကော်မရှင်က  ပြောဆိုဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

တားမြစ်ချက်ကို ချိုးဖောက်ပြီး လူစုလူဝေးဖြစ်စေတာကို အရေးယူဖို့ဆိုတာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

မန္တလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်ကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တိုင်ကြားလာတာမျိုး မရှိသေးသလို အရေးယူဆောင်ရွက်ထားတာမျိုး မရှိသေးကြောင်း ပြောပါတယ်။

"စုဝေးတဲ့ကိစ္စတွေက ကော်မရှင်နဲ့ဆိုင်ပြီးလုပ်တဲ့ကိစ္စတွေ ပါတီအချင်းချင်း ဖြစ်တဲ့ပြသနာတွေက ကော်မရှင် မှာ စေ့စပ်ညှိနှိုင်းရေးဆိုပြီးဖွဲ့ထားတာရှိတယ် ဒါတွေကို အဲဒီက ဆောင်ရွက်ပေးမယ်။ ခရိုင်ကိုတော့ ဒါနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းမှာ တိုင်တာတော့ မရှိသေးဘူး။"

လူစုလူဝေးနဲ့ ဖြစ်နိုင်တဲ့ အခြေအနေတွေကို သက်ဆိုင်ရာ ပါတီအသီးသီးက ထိန်းကျောင်းသင့်တယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက ထောက်ပြပါတယ်။

"ဒါတွေတာဝန်ရှိတာကတော့ ပါတီကတာဝန်ရှိတာပေါ့၊ ပါတီကပဲ ထိန်းပေးရမှာ ကော်မရှင်က သွားတာလို့ မရဘူး။ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သွားပြောရင်လဲ သူတို့က လက်ခံမှာမဟုတ်ဘူး။ အကောင်းဆုံးက သက်ဆိုင်ရာ ကိုယ်စားလှယ် နိုင်ငံရေးပါတီတွေက ဝိုင်းဝန်းဖြောင်းဖျပြီး သူ့လူတွေ သူထိန်းနိုင်ရင်ရမယ်။"

လူစုလူဝေး အင်အားပြလှည့်လည်တာတွေနဲ့ ပတ်သက်ပြီး ပါတီတစ်ခုနဲ့တစ်ခု တိုင်ကြားတာမျိုး မရှိသေးပေယ့် ဒါကို ဘယ်လိုဖြေရှင်းဆောင်ရွက်နိုင်မလဲဆိုတာမျိုး တချို့ပါတီတွေက မေးမြန်းလာတယ်လို့ ပြောပါတယ်။

မန္တလေးမြို့မှာနေထိုင်တဲ့ ကိုစောဇင်မောင်စိုးက ဒီလိုအခြေအနေကို ထိန်းချုပ်နိုင်ဖို့ဆိုတာ ပါတီတွေမှာ တာဝန်ရှိသလို   ရွေးကောက်ပွဲကော်မရှင်မှာလည်း တာဝန်ရှိတယ်လို့ ထောက်ပြဝေဖန်ပါတယ်။

"ဒါတွေကို ကြီးကြပ်ဖို့ လိုအပ်နေတယ်။ တိုင်တဲ့သူမရှိလို့ ပြောနေမယ့်အစား ဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီတွေကိုကြီးကြပ်ရမယ့် တာဝန်အရ သူတို့လုပ်ငန်း တဲ့တာဝန်ကိုပြောတာ သက်ဆိုင်ရာပါတီတွေကို ခေါ်ယူအသိပေးရမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အလုပ်လုပ်ဖို့လိုတယ်။ တချို့ကိစ္စရပ်တွေကိုတောင် ခေါပြီးပြောတာ ဘာညာရှိတဲ့အခါကြတော့လေ။"


ပါတီတွေအနေနဲ့ ကိုယ့်ကိုထောက်ခံလို့ဆိုပြီး ဥပဒေချိုးဖောက်နေတာမျိုးကို လက်ပိုက်ကြည့် မနေသင့်ဘူးလို့ တချို့က ပြောပါတယ်။ ပါတီတာဝန်ရှိသူတွေကိုယ်တိုင်က ဒါမျိုးကို အားမပေးကြောင်း လက်တွေ့လုပ်ဆောင်ပြဖို့ လိုအပ်နေတယ်လို့ ထောက်ပြကြပါတယ်။

မုံရွာမြို့မှာနေထိုင်တဲ့ မဒွေးထက်ထက်ကတော့ အမတ်လောင်းတွေကလည်း ကိုယ့်ပါတီကိုထောက်ခံသူတွေ ကပ်ဘေးကာလ စည်းမျဉ်းစည်းကမ်း လိုက်နာကြစေဖို့ တိုက်တွန်းသင့်တယ်လို့  ပြောပါတယ်။

"NLD နဲ့ ကြံခိုင်ရေးက အသဲအသန်ကို မဲဆွယ်သလိုဖြစ်နေတယ်။ မနေ့ညနေကဆို မုံရွာမှာရှိတဲ့ ပရဟိတ အဖွဲ့တွေက ပိုးသတ်ဆေးလိုက်ဖျန်းပေးနေရတယ်။ ညီမအနေနဲ့ ပြောရမယ်ဆိုရင် ပါတီတာဝန်ရှိသူတွေ ကိုယ်စားလှယ်လောင်းတွေ တာဝန်ပိုရှိတယ် ဒါတွေမလုပ်ကြဖို့ ဒီချိန်မှာ ကျန်းမာရေးက အရေးကြီးတယ် ဆိုတာမျိုး သူတို့က ထိန်းပေးရမှာ ဘယ်ပါတီဖြစ်ဖြစ်ပါတားပေးကြပါ။ မဲက ကျန်းမာရေးလောက် အရေးမကြီးဘူးလို့ ထင်တယ်။"

NLD ပါတီအနေနဲ့ ပါတီဥက္ကဋ္ဌ ကိုယ်တိုင် လူစုလူဝေးမလုပ်ဖို့ မေတ္တာရပ်ခံထားပြီးဖြစ်တဲ့အတွက် ပါတီဝင်တွေက လိုက်နာဖို့လိုတယ်လို့ ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

ဒေသတချို့မှာ  ပါတီမဲဆွယ်စည်းရုံးတဲ့ လှုပ်ရှားမှုတွေဟာ လူစုလူဝေးနဲ့ အပျော်သဘောပါ သက်ရောက်နေပြီး   မူးယစ်သောက်စားမှုလည်း ပါဝင်တာကြောင့် ခိုက်ရန်ဖြစ်ပွားမှုတွေ တွဲဖက်ပါလာတတ်ပါတယ်။

USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကတော့ သက်ဆိုင်ရာဒေသက ပါတီတာဝန်ရှိ သူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက ထိန်းသိန်းဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

"ပါတီတွေအနေနဲ့ လူ ၅၀ ထက်မစုရဆိုတော့ စစုထဲက လူ ၅၀ ထက် မပိုအောင်ဆောင်ရွက်ထားတယ် ဘယ်ပါတီမဆိုလေ။ စီတန်းလှည့်လည်တာ ပါတီကလုပ်တာမဟုတ်ဘူး သူ့ဆန္ဒအရလုပ်ကြတာ။ ပါတီတွေ အနေနဲ့က စည်ရုံးရေးအသွင်နဲ့သွားတယ် စည်းကမ်းလိုက်နာတယ် ဒါပေမဲ့ ပြည်သူတွေရဲ့ ဆန္ဒအရဆိုတော့ ခက်တယ်ဗျ။ အဓိက တာဝန်ရှိတာက သက်ဆိုင်ရာနယ်မြေ ပါတီခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ပါတီဝင်တွေကို သေသေချာချာ မှာထားနိုင်ရင်ကောင်းမယ်။ တွေ့တယ် တချို့နေရာတွေမှာ တွေ့ရင် လည်း ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ပြီးသွားကြတာတွေလေ။"

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေ ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စည်းရုံးခွင့်ကာလ စက်တင်ဘာလ ၈ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေး ထားတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။