သုံးကြိမ်မီးရှို့ခံရတဲ့ ပုလဲနယ် မွေ့တုံရွာကပြည်သူတွေရဲ့ပြောဆိုချက်
2022.09.20

“မီးရှို့ခံရတာလည်း သုံးကြိမ်ရှိပါပြီ။ မြင်ကွင်းကို ကြည့်လိုက်ပါ”
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက မွေ့တုံရွာကို စက်တင်ဘာလ ၁၃ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်သားတွေ ရောက်သွားပြီး သုံးကြိမ်မြောက်မီးရှို့သွားတဲ့အကြောင်း ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။
“စစ်ကြောင်းငါးကြိမ်ဝင်တာမှာ သုံးကြိမ်က မီးရှို့တယ်၊ တစ်ကြိမ်က လူသတ်တယ်။ တစ်ကြိမ်ပဲ ဘာမှ မလုပ်တာ။ ကျွန်မတို့ နေရတဲ့အဖြစ်တွေကြည့်ပါဦး။ လူစိတ်မှ ရှိကြရဲ့လား။ ကျွန်မအဖိုးတွေ အဖွားတွေဆို အသက်က ၈၅ နှစ်ရှိပြီ။ သုံးခါရှိပြီ မီးထဲပါသွားတာ။ ကျွန်မတို့ ပြန်ဆောက်ဖို့လည်း ဘယ်လိုမှ အဆင်မပြေပါဘူး”
“ပြည်သူပြည်သားတွေရဲ့ပစ္စည်းတွေ လုယက်စားသောက် အသည်းအသန်သတ်ဖြတ်တဲ့အပေါ်မှာ ပျော်မွေ့နေတာလားလို့ လက်အောက်က ငယ်သားတွေကိုလည်း မေးချင်တယ်”
ရွာသူရွာသားတွေ စစ်ဘေးရှောင်နေရတဲ့ကာလမှာပဲ မီးရှို့သွားတာဖြစ်ပြီး မီးဟာ တစ်နေ့လုံး လောင်နေခဲ့တယ်လို့လည်း ရွာသားတစ်ယောက်ကပြောပြပါတယ်။
“ရွာက ပြည်သူတွေ စစ်ဘေးရှောင်ရင်းနဲ့ ဆယ့်သုံးရက်၊ ကိုးလ၊ နှစ်ထောင့်နှစ်ဆယ့်နှစ် ၉ နာရီ ၄၅ မိနစ် ကနေပြီးတော့မှ ကျနော်တို့စစ်ဘေးရှောင်တဲ့အရပ်ကနေပြီးတော့မှ မီးခိုးတွေ မြင်လိုက်ရတယ်။ သေချာပြီ၊ ကျနော်တို့ရွာကိုတော့ မီးရှို့လိုက်ပြီဆိုတာ။ လူတွေမှာ အခက်အခဲတော်တော်လေးဖြစ်ကြတယ်။ အဲဒီမှာ ကိုယ့်အိမ်လေးပဲပါမလား။ တခြားအိမ်တွေရော။ ရှို့တဲ့အချိန်ကလည်း ၉ နာရီ ၄၅ လောက်ကနေ၊ နေ့လယ် ၃ နာရီလောက်ထိအောင်။ မီးက ၃ နာရီလောက်မှ ငြိမ်းသွားတယ်။ အဲလိုမျိုးဆိုတော့ တစ်ရွာလုံးကုန်သွားပြီး ဘာမှမရှိတော့ဘူးဆိုပြီးတော့ ပြေးရလွှားရတဲ့ အနေအထားတွေရှိပါတယ်”
မွေ့တုံရွာမှာ အိမ်ခြေ ၃၅၀ ကျော်ရှိပြီး၊ ဇန်နဝါရီလမှာ စစ်ကောင်စီတပ်သားတွေက ပထမဆုံးအကြိမ် မီးရှို့သွားလို့ အိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးရပါတယ်။ ဧပြီလမှာတစ်ခါ ဒုတိယအကြိမ် မီးရှို့ခံရလို့ အိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ပြောကြပါတယ်။ အခု တတိယအကြိမ် မီးရှို့ခံရတဲ့ဖြစ်ရပ်မှာ အိမ် ဘယ်လောက်မီးလောင်ကျွမ်းသလဲဆိုတာ တိတိကျကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်မှာ အင်အား ၁၅၀ လောက်ပါပြီး၊ အဲဒီစစ်သားတွေဟာ စက်တင် ဘာ ၁၂ ရက်နေ့က ဆားလင်းကြီးမြို့ဘက်ကနေ ရောက်လာတာဖြစ်ပြီး၊ ဘယ်တပ်ရင်းလဲ ဆိုတာတော့ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စားသောက်စရာတွေပါမကျန် မီးရှို့သွားတဲ့အတွက် အခုလို မီးဘေးဒုက္ခရောက်နေတဲ့အချိန်မှာ အဆင်မပြေဘူးလို့ စောစောက အမျိုးသမီးက ပြောပါတယ်။
“လောင်တဲ့အိမ်ခြေနဲ့ အခု အလှူအတန်းနဲ့ ဘယ်လိုမှအဆင်မပြေပါဘူး ကျွန်မတို့စားဖို့ ။ အဓိကကတော့ အသက်ရှင်ဖို့ကို အတော်လုံးပန်းနေရဦးမှာပါ။ ဘာလို့တုန်းဆိုတော့ သူတို့လာတယ်ဆိုကတည်းကိုက ကျွန်မတို့ နေလို့ထိုင်လို့ အဆင်မပြေတာရော၊ ဘယ်ပြေးရမှန်းမသိ။ ကျွန်မတို့စားဖို့ သောက်ဖို့ သိမ်းထားတဲ့ အိမ်သာထဲက ပစ္စည်းတွေတောင် ရှို့သွားတာဆိုတော့ ကျွန်မတို့က ဘယ်ထားလို့မှ၊ ဘယ်ပစ္စည်းမှ မလုံခြုံတဲ့ ဘဝနေနေရတာပါ။”

မွေ့တုံရွာဟာ ရွာကြီးတစ်ရွာဖြစ်ပြီး အရင်က စီးပွားရေးလည်းကောင်းခဲ့တယ်လို့ ပြောပါတယ်။ မီးရှို့ခံရတဲ့ အိမ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ်မေးမြန်ချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ပြန်လည်ငြင်းဆိုထားပါတယ်။
အခုဆိုရင် တစ်နိုင်ငံလုံးမှာ စစ်ကိုင်းတိုင်းက မီးရှို့ခံရတာ အများဆုံးဖြစ်နေပြီး စုစုပေါင်း နှစ်သောင်းကျော်ပြီလို့ လွတ်လပ်တဲ့သုတေသနအဖွဲ့ Data For Myanmar ရဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ဘာကြောင့်လုပ်နေလဲဆိုတာ မေးချင်ပါတယ်လို့ စောစောက မီးဘေးဒုက္ခသည်အမျိုးသမီးက ပြောပါတယ်။
“ပထမ တစ်ချီပါသွားတုန်းကလည်း ဘာမှမကျန်ခဲ့ဘူး။ ဒုတိယတစ်ချီ လောင်သွားတယ်။ ဖြစ်သလိုလေး ဆောက်ထားတယ်။ အဲဒါကို ရက်ရက်စက်စက် နောက်တစ်ချီ။ ဘယ်လိုစိတ်တွေနဲ့ ရှို့ရတာတုန်းလို့ အကြမ်းဖက်စစ်ကောင်စီကို မေးချင်တယ်။ ဘယ်လိုစိတ်တွေနဲ့ ဒီလိုလုပ်ရတာတုန်းလို့။ မြန်မာပြည်သူ ပြည်သားချင်းကို အထက်က အမိန့်ဆိုတဲ့အောက်မှာ ဘာလို့ ဒီလိုအမိန့်ကြောင့်လို့ သူတို့ကဒီဟာကို၊ ပြည်သူပြည်သားတွေရဲ့ပစ္စည်းတွေ လုယက်စားသောက် အသည်းအသန်သတ်ဖြတ်တဲ့အပေါ်မှာ ပျော်မွေ့နေတာလားလို့ လက်အောက်က ငယ်သားတွေကိုလည်း မေးချင်တယ်။ လူသားချင်းစာနာထောက်ထားတယ်ဆိုတာ ဘာတုန်းလို့။ ဒီလို ထန်းလက်တဲလေးတွေနဲ့ နေတဲ့အပေါ်မှာ ဘယ်လိုကြောင့် ရှို့ရက်တာတုန်းလို့။ ပြီးတော့ အပြစ်မရှိပြည်သူတွေ အိမ်ကို မီးရှို့ရအောင်ရော ပြည်သူတွေက သူတို့ကို ဘာလုပ်လို့တုန်းလို့”